မွေးမြူရေးကဏ္ဍကို အထောက်အကူဖြစ်စေမည့် ဒုတိယအကြိမ်မြောက် မြန်မာ့နွားအလှနှင့် အသားတိုးနွား၊ နို့စားနွား၊ သိုး၊ ဆိတ်ပြိုင်ပွဲ ကျင်းပမည်

 

ရန်ကုန်  ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကပြုလုပ်သည့်   ဒုတိယအကြိမ်မြောက်   မြန်မာ့ နွားအလှနှင့် အသားတိုးနွား၊ နို့စားနွား၊ သိုး၊ ဆိတ်ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး   မင်္ဂလာဒုံမြို့နယ်     ပျဉ်းမပင်   မွေးမြူရေးခြံ၌     ကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။
အဆိုပါပြိုင်ပွဲများကို   ကျင်းပခြင်းဖြင့် ပြည်သူများ မွေးမြူရေးဆိုင်ရာ  ဗဟုသုတများ ရရှိစေနိုင်ခြင်း၊ ဒေသတွင်းမှ   ထွက်ရှိသော အစားအစာများဖြင့်     ရှင်သန်ကြီးထွားပြီး လှပသော မျိုးကောင်းမျိုးသန့်နွားနှင့်   သိုး၊ ဆိတ်များ မွေးမြူနိုင်သည်ကို အတုယူအားကျ ၍ လက်ဆင့်ကမ်းမွေးမြူနိုင်ခြင်း၊ မွေးမြူရေး ကဏ္ဍတိုးတက်လာမှုဖြင့်    တန်ဖိုးမြှင့်နို့နှင့် နို့ထွက်ပစ္စည်းများ    ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ဈေးကွက်ကောင်းရရှိရေးအတွက် အချင်းချင်း အပြန်အလှန်     ချိတ်ဆက်ဆောင်ရွက်မှုမှ မွေးမြူရေးတောင်သူများ  ဝင်ငွေများ    တိုးမြှင့် ရရှိစေနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်နွားမျိုးများနှင့်   သိုး၊ ဆိတ် များ ပွားများလာမှုမှ    ဒေသမျိုးရင်းများကို ထိန်းသိမ်းနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ကို ရရှိစေမည်ဖြစ်သည်။
 “ပထမအကြိမ် မြန့်မာ့နွားအလှ၊  အသား တိုးနွား၊ နို့စားနွားနဲ့သိုး၊ဆိတ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ကျင်းပပေးခဲ့တာပါ။ အခု       ဒုတိယအကြိမ်ကိုတော့    ၂၀၂၂   ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပဖို့   ရှိပါတယ်။   အခုလို ကျင်းပခြင်းအားဖြင့်    အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်တဲ့   ဒေသနွား၊ နို့စား နွားနဲ့ သိုး၊ ဆိတ်မျိုးကောင်းတွေရှိတဲ့ အရပ် ဒေသတွေကို  သိရှိနိုင်တဲ့အပြင်    မွေးမြူရေး သမားတွေ အပြန်အလှန် ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့်လာစေပါတယ်။    အသားတိုးထွက် နှုန်းနဲ့  နို့ထွက်နှုန်းကောင်းတဲ့ နွားနဲ့ ဆိတ်ကို ရွေးချယ်    မွေးမြူခြင်းအားဖြင့်       မွေးမြူရေး တောင်သူတို့ရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မှုမှာ အခွင့်အလမ်းကောင်းများစွာ  ပေါ်ထွန်း စေပါတယ်။  တောင်သူတွေရဲ့    မွေးမြူရေး နည်းပညာတွေ ဖလှယ်နိုင်ပြီးတော့ ပြိုင်ပွဲဝင် တိရစ္ဆာန်တွေရဲ့တန်ဖိုးနဲ့ အမူအကျင့်တွေကို ပိုမိုလေ့လာသိရှိနိုင်ရန်အတွက်   ကျင်းပရခြင်း ဖြစ်ပါတယ်”ဟု  တိုင်းဒေသကြီး မွေးမြူရေး နှင့်   ကုသရေးဦးစီးဌာန    ညွှန်ကြားရေးမှူး ဒေါက်တာ တိုးမင်းထွန်းက ပြောသည်။ 
ပြိုင်ပွဲတွင် မြန်မာ့နွားသိုး၊  အသားတိုးနွား အထီး၊ အမ၊ နို့စားနွားများဖြစ်သော နို့စားနွားမ နှင့်  နွားမတမ်း၊  ဆိတ်ထီး၊ ဆိတ်မ စသည့်ခုနစ် မျိုး ယှဉ်ပြိုင်မည်ဖြစ်ပြီး   မြန်မာ့မျိုးကောင်း မျိုးသန့်အဖြစ် နာမည်ရလျက်ရှိသည့် ဘရာမင် အသားတိုးနွားနှင့် နို့ထွက်နှုန်းကောင်းသော ဆာနန်ဆိတ်နှင့်    အသားထွက်နှုန်းကောင်း သော ဘိုဝါဆိတ်များကိုလည်း ထည့်သွင်းပြသ မည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပမည့် နွားပြိုင်ပွဲတွင် ဆုချီးမြှင့်မှု အနေဖြင့် ပထမဆု ငွေကျပ်ငါးသိန်း၊ ဒုတိယဆု ငွေကျပ်သုံးသိန်း၊ တတိယဆု ငွေကျပ်နှစ်သိန်း နှင့် နှစ်သိမ့်ဆု ငွေကျပ်တစ်သိန်း၊ ဆိတ်ပြိုင်ပွဲ တွင် ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆု ငွေကျပ်နှစ်သိန်း၊ တတိယဆု ငွေကျပ်တစ်သိန်း နှင့် နှစ်သိမ့်ဆုအတွက် ငွေကျပ်ခုနစ်သောင်း စသည်ဖြင့် ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး  ပထမ အကြိမ်ကျင်းပခဲ့သော   ပြိုင်ပွဲ၌   ရန်ကုန် တိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ်ပေါင်း  ၁၅ မြို့နယ်မှ နွား ၈၈ ကောင်နှင့်  ဆိတ် ၂၆ကောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ယခုဒုတိယအကြိမ် ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ကောင်ရေစာရင်းကို ဒီဇင်ဘာ ၃၀ရက်တွင်      ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။ 
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး