မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်  စက်တင်ဘာ  ၁၄


မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူ ရေးဆိုင်ရာ ခေတ်မီနည်းပညာများနှင့် သွင်းအားစု များကို   သက်ဆိုင်သူများ လက်ဝယ်အရောက် ပံ့ပိုး ကူညီခြင်း၊  မွေးမြူရေးလုပ်ငန်းဆိုင်ရာ  သုတေသန လုပ်ငန်းများ ထူထောင်ခြင်းနှင့် အားပေးခြင်းလုပ်ငန်း များကို  တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယနေ့တွင်  အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် မွေးမြူရေးနှင့်ရေလုပ်ငန်းစီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၁)အစည်းအဝေးတွင် မွေးမြူရေးနှင့် ရေလုပ်ငန်း စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။


အစည်းအဝေးတွင် မွေးမြူရေးလုပ်ငန်းရှင်များ မွေးမြူရေးချေးငွေရရှိရေး၊ မွေးမြူရေး မြေနေရာကို ဥပဒေနှင့်အညီ   အသုံးပြုခွင့်ရရှိရေး၊   မွေးမြူရေး လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ မြစိမ်းရောင် ကဏ္ဍတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ မွေးမြူရေး ပညာရှင်များ မွေးထုတ်ရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသန လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


မွေးမြူရေးနှင့် ရေလုပ်ငန်းစီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ရေလုပ်ငန်းထုတ်ကုန်များကို    ပြည်ပသို့   တင်ပို့ ရောင်းချရာတွင်    ကုန်သွယ်ဘက်နိုင်ငံများထံမှ တင်သွင်းခွင့်ခွဲတမ်းများ စဉ်ဆက်မပြတ်ရရှိရေးကို သက်ဆိုင်ရာ   ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ထုတ်ကုန်အမျိုးအစားအလိုက် ဖွဲ့စည်းဆောင်ရွက် နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက် ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသကဲ့သို့ မွေးမြူရေးခြံများနှင့် မွေးမြူရေးကန် များတွင်  သဘာဝဘေးအန္တရာယ်များ၊    ရောဂါ ကျရောက်မှုများနှင့်   အခြားသောအကြောင်းများ ကြောင့် တိရစ္ဆာန်များမွေးမြူရေးနှင့်  ရေလုပ်ငန်း ထုတ်ကုန်များ   ထိခိုက်ပျက်စီးမှုကြုံတွေ့ရသည့် လုပ်ကွက်ငယ်  တောင်သူလယ်သမားအား  အထူး ဦးစားပေး ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့ပြင် မွေးမြူရေးနှင့် ရေလုပ်ငန်း သုံးပစ္စည်းများနှင့် အခြားဓာတုဆေးတစ်မျိုးမျိုး၏ အာမခံ စံချိန်စံညွှန်းချို့ယွင်းမှု၊ မကိုက်ညီမှုကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်းထုတ်ကုန်များ  ထိခိုက် ပျက်စီးခြင်းနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ထုတ်ကုန် အရင်းအနှီးများ နစ်နာဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ စစ်ဆေး အရေးယူနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း၊     အလားတူ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း သို့မဟုတ် ကပ်ဘေးရောဂါ တစ်ခုခု ကျရောက်ခြင်းကြောင့်   အများပြည်သူကျန်းမာရေး အလို့ငှာ ဥပဒေနှင့်အညီ  သက်ဆိုင်ရာက  ဖျက်ဆီး ခြင်း၊ သုတ်သင်ခြင်းခံရသော မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူလယ်သမားများအားလိုအပ် သောအကူအညီများနှင့် ထိုက်သင့်သော အထောက်  အပံ့များရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။                      
                   သတင်းစဉ်