
နေပြည်တော် ဧပြီ ၂၆
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြ သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဝင်များ စုံညီစွာ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ “တိုးချဲ့မြို့ပြ စီမံကိန်းများ၊ စီးပွားရေးအထူးဇုန်များ၊ စက်မှုဇုန်များ ကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက်ရန်” ဟူသည့် လမ်းညွှန်ချက်နှင့် “မြို့ပြစီမံကိန်းနှင့် အိုးအိမ်စီမံကိန်းများ ဖော်ဆောင် ရန် ရယူထားသော စီမံကိန်းမြေများအား အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမပြုနိုင်ပါက မြေကို အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်သွားရန်” လမ်းညွှန်ချက် များနှင့်အညီ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အတွက်ကိုလည်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေမတိုင်မီကာလအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် ဧရိယာဧက ၂၂ သိန်း ကျော် ချထားပေးခဲ့သော်လည်း လက်တွေ့အသုံးချ လုပ်ကိုင်နိုင်မှုမှာ ၂၉ ရာခိုင်နှုန်းခန့်သာ ဆောင်ရွက် ခဲ့သဖြင့် ၂၀၁၆ ခုနှစ်တွင် စစ်ဆေးမှုများပြုလုပ်ပြီး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသည့်မြေများကို နိုင်ငံတော်က ပြန်လည် သိမ်းဆည်းမှုများ ဆောင်ရွက်နေကြောင်း၊ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့် ပေးထားခဲ့သည့် ဧရိယာဧက ၃ ဒသမ ၉ သိန်းခန့် အပေါ်ရှိ လုပ်ငန်းအကောင်အထည်ဖော်ရန် ခွင့်ပြု ထားသည့် သတ်မှတ်ကာလ ပြည့်မြောက်ပြီဖြစ်သည့် ဧရိယာများကိုလည်း မူလလျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းများကို စည်းကမ်းချက် များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မှု ရှိ/ မရှိ စိစစ်အရေးယူဆောင်ရွက်ရန်နှင့် တည်ဆဲ ဥပဒေစည်းမျဉ်းစည်းကမ်းများအတိုင်း အထူးအဖွဲ့ များ ဖွဲ့စည်းပြီး တိကျစွာ စစ်ဆေးဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၁-၂၀၂၂ ခုနှစ်အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများ ပေးသွင်းရန် ကျန်ရှိနေသည့် မြေခွန်များကို မြန်မာ့ စီးပွားရေးဘဏ်သို့ ပေးသွင်းနိုင်ရေး ကိစ္စရပ်များကို လည်း အမြန်ဆုံး ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်း များကို အစည်းအဝေး တက်ရောက်သူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်