မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းစည်းဝေး

 

 

နေပြည်တော် ဇန်နဝါရီ ၂၆

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၃၂) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေးဗဟိုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အထူးဂရုပြု စိစစ်

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည် နှင့်အညီ စိုက်ပျိုးလုပ်ကိုင်ရန် သင့်တော်သော မြေလွတ်၊ မြေရိုင်း များကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ် လုပ်ကိုင်မည့်သူများ၊ အဖွဲ့အစည်းများ ကို အားပေးကူညီကြရမည်ဖြစ်ကြောင်း တစ်ဖက်တွင်လည်း နိုင်ငံတော်၏ စက်မှုစီးပွားလုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးရေးအတွက် မြေလွတ်၊ မြေရိုင်း များ အသုံးပြုနိုင်ခွင့်ရရှိရေးကိုလည်း ပံ့ပိုးဆောင်ရွက်သွားကြရမည် ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဒေသခံလူထုနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အရ သတ်မှတ်မြေများ၊ အများပြည်သူ နှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာ ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိ အသုံးပြုထားသည့်မြေများ ပါဝင်မှုမရှိစေရေးအတွက် အထူးဂရုပြု စိစစ်ဆောင်ရွက်ပေးသွားကြရန် လိုအပ် ကြောင်း ဆွေးနွေးပြောကြားသည်။

ဆွေးနွေးဆုံးဖြတ်

ဆက်လက်၍ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန်ခွဲရေးဗဟို ကော်မတီအတွင်းရေးမှူး ဦးသက် နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ ကော်မတီဥက္ကဋ္ဌ နှင့် အစည်းအဝေး တက်ရောက်လာကြ သူများက အကြောင်းအရာတစ်ခုချင်း အလိုက် ဆွေးနွေးဆောင်ရွက်ကြ သည်။

အထူးအဖွဲ့ဖြင့် စစ်ဆေး

ယနေ့ အစည်းအဝေးတွင် ယခု အစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်းကိစ္စရပ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ် ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ် များ၊ ယခုအစိုးရကာလ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထားမှတ် ချက်ပြန်ကြားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်းကိစ္စရပ်၊ အစိုးရက ခွင့်ပြုသောဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုထားမှုအပေါ် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများ ကို အထူးအဖွဲ့ဖြင့် စစ်ဆေးတင်ပြနိုင် ရေး ကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းကို စိစစ် ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ် များကိုလည်းကောင်း ဆွေးနွေးကြ သည်။

ကျယ်ပြန့်စွာ ဆောင်ရွက်

နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး / ပြည်နယ်များရှိ ဒေသခံ အချို့၏ မိရိုးဖလာအရအဆက်ဆက် လုပ်ကိုင်ဆောင်ရွက်နေသော မြေ အချို့မှာ လုပ်ပိုင်ခွင့်လျှောက်ထား ရယူထားခြင်းမရှိသဖြင့် ယနေ့အထိ မြေလွတ်၊ မြေရိုင်းများအဖြစ် စာရင်း ပေါ်နေကြောင်း ၊ သို့ဖြစ်ရာ လူပုဂ္ဂိုလ် တစ်ဦးချင်းသော်လည်းကောင်း၊ တစ်ဖွဲ့ ချင်းသော်လည်းကောင်း လုပ်ပိုင်ခွင့် တရားဝင်ပိုင်ပိုင်နိုင်နိုင် ရရှိစေရန် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက် ထားနိုင်ရေးအတွက် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ပညာပေးလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်