မေလ ၁၂ ရက် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့အား ဂုဏ်ပြုပါသည်  

Type
99


 

မိခိုင်ဇင်ခင်လေး
 

အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day)အား ခေတ်သစ်သူနာပြုစုခြင်း ပညာရပ်ကို စတင်တည်ထောင်သူအဖြစ် ထင်ရှားတဲ့ ဖလော့ရင့်နိုက်တင်ဂေးလ်ရဲ့ မွေးနေ့ မေလ ၁၂ ရက်နေ့ရောက်တိုင်း ကျင်းပခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်ကစပြီး အပြည်ပြည်ဆိုင်ရာ သူနာပြုများ ကောင်စီက ကြီးမှူးကျင်းပခဲ့ကြပြီး အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ သူနာပြုတွေရဲ့ အခန်းကဏ္ဍဟာအရေးပါကြောင်း မီးမောင်း ထိုးပြချင်တဲ့အတွက် ဖြစ်ပါတယ်။
မီးအိမ်ရှင်မ
ဖလော့ရင့်နိုက်တင်ဂေးလ်ဟာ  ၁၈၅၄  ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ခရိုင်းမီယန် စစ်ပွဲအတွင်းမှာ လူနာတွေ ကို ပြုစုကုသမှုတွေပေးခဲ့တဲ့ မီးအိမ်ရှင်မ “The Lady with the lamp” အဖြစ် ထင်ရှားခဲ့ပါတယ်။ စစ်မြေပြင် မှာ   ထိခိုက်ဒဏ်ရာရတဲ့   စစ်သည်လူနာတွေကို နေ့မအား၊  ညမနား  မှောင်မည်းနေတဲ့   စစ်မြေပြင်မှာ လက်ထဲမှာမီးအိမ်လေးဆွဲပြီး လိုက်လံရှာဖွေ ပြုစု ကုသပေးခဲ့လို့ ဒဏ်ရာရစစ်သည်တွေက  စတင်ပြီး ပေးခဲ့ကြတဲ့နာမည်လေးပါ။ သူဦးဆောင်ပြီး စစ်မြေ ပြင်မှာ အဲဒီလို ကူညီခဲ့တာဟာ  စစ်မြေပြင်ဒဏ်ရာရ စစ်သည်တွေရဲ့   သေဆုံးမှုကို   ၄၀   ရာခိုင်နှုန်းမှ   ၂ ရာခိုင်နှုန်းသို့ လျှော့ချပေးနိုင်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ         သူနာပြုကောင်စီရဲ့  အမှုဆောင်ချုပ် Mr. Howard Catton က “ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါဟာ သူနာပြုစုခြင်း အတတ် ပညာကို အမှန်တကယ် ရင်းနှီးမြှုပ်နှံဖို့  ကျွန်တော် တို့ကို သက်သေပြလိုက်ပါပြီ။ သူနာပြုလိုအပ်ချက် ဟာ ပြည်သူ့ကျန်းမာရေးအတွက် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုကို အခုလောလောဆယ် ရင်ဆိုင်နေရ ပါတယ်။ အခက်အခဲများစွာနဲ့ အလုပ်လုပ်နေရပေ မယ့် ကမ္ဘာပေါ်ရှိသူနာပြုအားလုံးဟာ နေ့စဉ် လူနာ တွေအတွက်   မိမိတတ်ကျွမ်းတဲ့   သူနာပြုပညာနဲ့ အမြင့်ဆုံးကျွမ်းကျင်မှု၊  ပြုစုကုသမှုတွေကို ပေးနိုင် တာထက် အစွမ်းကုန်ပေးကြပါ” ဟု တိုက်တွန်းထား ပါတယ်။
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ရဲ့ Theme (အာဘော်)ကတော့- 
Nurses :     A Voice to Lead – Invest in nursing and respect rights to secure global health 
သူနာပြုများ :    သူနာပြုစုခြင်း အတတ်ပညာရပ် တွင် ဦးတည်ရင်းနှီးမြှုပ်နှံရန်နှင့် ကမ္ဘာ့ကျန်းမာရေး ကို လုံခြုံစိတ်ချမှုရှိစေရန်အတွက် သူနာပြုများ၏ အခွင့်အရေးများကို  အလေးဂရုပြုနိုင်ရန်   ဖြစ်ပါ တယ်။
မြန်မာနိုင်ငံ  သူနာပြုနှင့်  သားဖွားအသင်းကို ၁၉၄၈ ခုနှစ်က စတင်၍ အစိုးရမဟုတ်သော အသင်း အဖွဲ့အဖြစ်  တည်ထောင်ခဲ့ပါတယ်။  မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု     လုပ်ငန်းတွေမှာ တိုးတက်မှုရရှိစေရန်  ရည်ရွယ်ပြီး တည်ထောင်ခဲ့ ပါတယ်။ အပြည်ပြည်ဆိုင်ရာ သူနာပြုကောင်စီရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူနာပြု နှင့် သားဖွားအသင်းခွဲပေါင်း ၂၁၆ သင်းရှိပြီး အဖွဲ့ဝင် ပေါင်း ၁၈၀၂၆ ဦး ရှိပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လ စာရင်းများအရ မြန်မာနိုင်ငံမှာ ဆေးရုံပေါင်း ၁၀၇၇ ရုံ၊ ဆေးခန်းပေါင်း ၁၁၄၂၇ ခန်းရှိပြီး နိုင်ငံအနှံ့ ခန့်အပ်ထားတဲ့  ဆရာဝန်  ၁၄၆၇၈  ဦးနဲ့ ဆေး ဝန်ထမ်း ၁၀၅၈၃၄ ဦး ရှိပါတယ်။ အရပ်ဘက် သူနာပြု ဖြစ်စေ၊ တပ်မတော်သူနာပြုဖြစ်စေ  သူနာပြုများ ခံယူအပ်သော အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်ကို လိုက်နာစောင့်ထိန်းကြရပါတယ်။
သူနာပြုများ ခံယူအပ်သော အဓိဋ္ဌာန်ပြုကတိသစ္စာ
၁။    အကျွန်ုပ်သည်    လူသားအားလုံး၏     ကိုယ် ကျန်းမာရေး၊  စိတ်ကျန်းမာရေးကို  ကျွန်ုပ်၏ အရေးကဲ့သို့ယူဆပါအံ့။
၂။    အကျွန်ုပ်သည် မိမိတို့ပညာ၏  ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး    အကျင့်စာရိတ္တပျက်ပြားမှုမှ ရှောင်ကြဉ်ပါအံ့။
၃။    အကျွန်ုပ်သည် ဂိလာနပုဂ္ဂိုလ်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင်    လူမျိုး၊   ဘာသာ၊ အဆင့်အတန်းမခွဲခြားဘဲ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ  ဆောင်ရွက်ပါအံ့။
၄။    အကျွန်ုပ်သည်    ကျန်းမာရေးမြှင့်တင်ရေး လုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါရှာဖွေရေးလုပ်ငန်း၊    သူနာပြုစုရေး လုပ်ငန်း၊ ရောဂါကုသရေးလုပ်ငန်း၊    ပြန်လည် သန်စွမ်းရေးလုပ်ငန်း၊  ဆေးပေးခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့်     ဆေးဝါး ဖြန့်ဖြူးရေးလုပ်ငန်းတို့တွင်      လူသားတို့၏ ကျန်းမာရေး(သို့မဟုတ်)အသက်အန္တရာယ်ကို ထိခိုက်စေမည့်      မည်သည့်အပြုအမူကိုမဆို တားဆီးကာကွယ်ပါအံ့။
၅။    အကျွန်ုပ်သည်  လူနာ၏  ဝေဒနာသက်သာမှုနှင့် ကျန်းမာရေး       တိုးတက်မြင့်မားလာစေရန် အခြား ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပါအံ့။
၆။    အကျွန်ုပ်သည်   လူနာ၏   ဂုဏ်သိက္ခာနှင့်  ကိုးကွယ်ယုံကြည်မှုများကို    အစဉ်လေးစား ပါအံ့။
၇။    အကျွန်ုပ်သည်   လူနာ၏   အတွင်းရေးကိစ္စများ ကို    ပြောဆိုသင့်သည့်   အချက်များမှအပ လျှို့ဝှက်ချက်အနေဖြင့် စောင့်ထိန်းပါအံ့။
၈။    အကျွန်ုပ်သည်  မိမိနှင့်သက်ဆိုင်သော  နည်း ပညာ၊   အတတ်ပညာများ    အစဉ်တိုးတက် ရှင်သန်စေရန် ဆောင်ရွက်ပါအံ့။
၉။    အကျွန်ုပ်သည် မိမိပညာရပ်နှင့် သက်ဆိုင်သော ကျင့်ဝတ်များကို   စောင့်ထိန်းပြီး   အချင်းချင်း ထာဝရစည်းလုံးညီညွတ်ရန်       အမြဲတစေ ဆောင်ရွက်ပါအံ့။
ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှု
တပ်မတော်  ဆေးဝန်ထမ်းတပ်ဖွဲ့ဟာ တပ်မတော် သားများနဲ့    မိသားစုဝင်များကို   ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ ၁၉၄၈ ခုနှစ်က မင်္ဂလာဒုံနဲ့ ပြင်ဦးလွင်မှာ ခုတင် ၃၀၀ ဆံ့ အခြေချ စစ်ဆေးရုံ နှစ်ရုံဖြင့်  စတင်ခဲ့ရာမှ   ယခုအချိန်မှာ  မင်္ဂလာဒုံနဲ့   နေပြည်တော်မှာ  ခုတင်  ၁၀၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးများမှစ၍      စစ်မြေပြင် ဆေးတပ်ရင်းများစွာမှာ    တပ်မတော်သူနာပြုများဟာ သူနာပြုကျင့်ဝတ်များကို  လိုက်နာလုပ်ကိုင်နေကြပါ တယ်။ ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကိုလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ တဲ့ ကျေးလက်တောရွာတွေအထိ သွားရောက်စောင့် ရှောက်ပေးခဲ့ကြပါတယ်။   အဲဒီလို    ကျန်းမာရေး စောင့်ရှောက်မှုပေးရာမှာ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့် နှစ်အထိ ပြည်သူလူထု ၂၃၈၈၆၀၅ ဦးကို ပြုစုကုသမှု ပေးနိုင်ခဲ့ပါတယ်။ 
ကျွမ်းကျင်တဲ့  ပါရဂူများ၊ ဆရာဝန်၊ သူနာပြု တွေပါဝင်ပြီး ခေတ်မီဆေးနဲ့  စက်ပစ္စည်းကိရိယာ တွေနဲ့   ဖွဲ့စည်းထားလို့   အသေးစားခွဲစိတ်ကုသမှု တွေကိုတော့ တစ်နေရာတည်းမှာ အပြီးအစီး(One Stop Service)လုပ်ပေးနိုင်ခဲ့ပါတယ်။ တပ်မတော် ဆေးကုသရေးအဖွဲ့တွေဟာ   ရခိုင်နဲ့   တနင်္သာရီ ကမ်းရိုးတန်းဒေသတွေမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ပင်လယ်ပြင်သွား ဆေးရုံသင်္ဘော(သံလွင်)နဲ့အတူ      ပြည်သူလူထု ၁၅၉၄၅၅ ဦးကို   ပြုစုကုသမှု   ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြစ်တွင်းသွားဆေးရုံသင်္ဘော  (ရွှေပုဇွန်)ဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်း ဒေသကြီးအတွင်းက ပြည်သူ ၁၅၄၄၈၁ ဦးကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ်  မတ်လအထိ ပြုစုကုသမှု ပေးနိုင်ခဲ့ပါတယ်။
ပြည်သူလူထုကို   ကျန်းမာရေးစောင့်ရှောက်မှု ပေးတာဟာ ယခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့  ၂၅ နှစ် လောက်က ပြင်ဦးလွင်စစ်ဆေးရုံမှာ သူနာပြုအရာရှိ ပေါက်စဘဝနဲ့ တာဝန်ကျတော့ ရုံးပိတ်ရက်တွေမှာ ဆေးရုံနဲ့အလှမ်းကွာဝေးတဲ့  တောင်ပေါ်ရွာတွေကို တပ်မှူးဦးဆောင်ပြီး ပါရဂူ၊ ဆေးမှူး၊ သူနာပြု စုံလင် စွာနဲ့ ဆေးအကာအကွယ်ပေးအဖွဲ့ဖွဲ့ပြီး သွားကြတာ မှတ်မိပါသေးတယ်။  
မှတ်မှတ်ရရ    လောက်ကိုင်ဒေသတိုက်ပွဲတွေ တုန်းက ကျွန်မ ခေတ္တသူနာပြုအုပ်   တာဝန်ထမ်း ဆောင်နေတဲ့ ပြင်ဦးလွင်စစ်ဆေးရုံကို စစ်ဆင်ရေး ထိခိုက်ဒဏ်ရာရ  လူနာတွေ  အများအပြား ရောက်ရှိ လာပါတယ်။ တိုက်ပွဲတွေ လမ်းကြောမှာ  ဖြစ်နေလို့ လမ်းပိတ်ပြီး ညနေမှောင်စပျိုးပြီးမှ ရောက်လာတာ ပါ။ ကျွန်မတို့လည်း ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း   လူနာတွေကို  ဓာတ်မှန်ချက်ချင်း ရိုက်သူရိုက်၊  ဓာတ်ခွဲခန်းအဖွဲ့ကလည်း  လူနာတင် ယာဉ်နားထိ  လိုအပ်တဲ့သွေးတွေ  လာဖောက်ပေး၊ တချို့လူနာတွေကို   ခွဲစိတ်ခန်းချက်ချင်းပို့  လုပ်ကြ ပါတယ်။ စစ်သည်လူနာတစ်ဦးကတော့  ဒဏ်ရာ အခြေအနေပြင်းထန်တယ်လို့  လိုက်ပါပို့ဆောင်တဲ့ သူနာပြုအရာရှိက သတင်းပို့တာနဲ့ ကျွန်မတို့ လူနာ ကို အသက်သာဆုံးအနေအထားဖြစ်အောင် ဝိုင်းဝန်း သယ်ဆောင်ကြပါတယ်။ ကျွန်မက စစ်သည်လူနာ လေးရဲ့  ပတ်တီးစီးထားတဲ့ခေါင်းကို  ထိန်းကိုင်ပြီး သယ်ပေးခဲ့ပါတယ်။ လူနာကို အထူးကြပ်မတ်ကုသ ခန်းမှာထားပြီး  အသက်ရှူစက်တင်ထားရပါတယ်။ အားလုံး တည်တည်ငြိမ်ငြိမ်အခြေအနေ ဖြစ်သွား တော့မှ  ကျွန်မလက်က  စေးကပ်ကပ်ဖြစ်နေတဲ့ အရာကို      ကြည့်မိတာ     ပတ်တီးမှာကပ်နေတဲ့ ဦးနှောက်အပိုင်းအစလေး ဖြစ်နေတာတွေ့ရပါတော့ တယ်။ ဖိုးသက်ပြင်းလေးကတော့ အသက်ပြင်းရှာ ပါတယ်။ ဦးခေါင်း၊ ဝမ်းဗိုက်၊ ဆီးအိမ်၊ လက်၊ နှာခေါင်း တို့မှာ ပိုက်ပေါင်းစုံနဲ့ပါ။ စကားတုံ့ပြန်  ပြောဆိုနိုင် စွမ်းတော့မရှိပါ။ မျက်လုံးအိမ်ရဲ့   လှုပ်ရှားမှုတော့ရှိ နေပါတယ်။ 
မိဘနဲ့ သားသမီးသဖွယ် တွေ့ဆုံမှု
နောက်တစ်နေ့ နေ့လယ်လောက်မှာ ပြင်ဦးလွင် စစ်ဆေးရုံကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်   ရောက်ရှိလာပြီး စစ်ဆင်ရေးထိခိုက်ဒဏ်ရာရ           လူနာတွေကို လှည့်လည်ကြည့်ရှုပြီး     နွေးထွေးစွာ    အားပေးပါ တယ်။ ဦးခေါင်း၊ ဝမ်းဗိုက်တွေထိထားပြီး စက်ပေါင်း စုံ တပ်ထားတဲ့ စစ်သည်လူနာလေးရဲ့  လက်ကလေး ကိုကိုင်ပြီး   ကြင်နာစွာ   အားပေးစကားပြောတော့ စစ်သည်လေးဟာ  သူသိနေတဲ့အကြောင်း မျက်လုံး အိမ် လှုပ်ရှားပြရှာပါတယ်။ စစ်သည်လူနာရဲ့ မျက်လုံး ထောင့်နှစ်ဖက်က မျက်ရည်တွေဟာ တွေတွေ စီးကျ လာတာ တွေ့ရပါတယ်။ ရှေ့တန်းပြန်စစ်သည်လေးနဲ့ တပ်မတော်အကြီးအကဲတို့ရဲ့   မိဘနဲ့   သားသမီး သဖွယ် တွေ့ဆုံမှုလေးတစ်ခုကို ကျွန်မတို့ တပ်မတော် သူနာပြုတွေ ဝမ်းသာဝမ်းနည်းတွေ့မြင်ခဲ့ရပါတယ်။ 
အရပ်ဘက်၊   စစ်ဘက်သူနာပြုတွေရဲ့   တွေ့ဆုံမှုတွေကလည်း ခင်မင်အမှတ်ရစရာဖြစ်ခဲ့ပါတယ်။ ၂၀၁၇  ခုနှစ်   တပ်မတော်သူနာပြု တက္ကသိုလ်မှာ သူနာပြု သိပ္ပံဘွဲ့(ပေါင်းကူး)  နှစ်နှစ် သင်တန်းတက် တော့ စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး)ကို လက်တွေ့ကွင်းဆင်း လေ့လာဖို့   သွားရောက်ခဲ့ရပါတယ်။  ကျွန်မတို့  သင်တန်းသူတွေ အားလုံးဟာ  တပ်မတော်မှ ဒုတိယသူနာပြုအုပ်များပါ။ အဲဒီဆေးရုံ ရဲ့ စိတ်ဝေဒနာခံစားနေရတဲ့ လူနာတွေအပေါ် သူနာပြုစုမှု၊ အုပ်ချုပ် စီမံကွပ်ကဲမှုကို ကျွန်မတော့ ကျေနပ်သဘောကျမိပါတယ်။ လူနာ တွေကများသော်လည်းပဲ သူနာပြုဆရာမကနည်းနည်းနဲ့ အစွမ်းကုန် လုပ်ကိုင်ပြုစု ကုသပေးကြတာ  တွေ့မြင်ခဲ့ရပါတယ်။ ကျွန်မတို့ တပ်မတော်သူနာပြုတွေ အရပ်ဘက်သူနာပြုများနဲ့ လက်တွေ့အတူတူ   အလုပ်လုပ်ရတော့  သူတို့ရဲ့ သူနာပြုပီသစွာ စိတ်ရှည်၊ အနစ်နာခံ နိုင်မှုကို   ဝမ်းသာစွာနဲ့   ချီးကျူးမိပါတယ်။   ရင်ထဲက  လှိုက်လှဲစွာ “ငါတို့ သူနာပြု” ဆိုတဲ့စိတ်နဲ့ ဂုဏ်ယူမိပါတယ်။ 
ကျွန်မတို့နိုင်ငံရဲ့   ကျန်းမာရေးစောင့်ရှောက်မှု   လုပ်ငန်းတွေ မျှော်မှန်းရည်မှန်းချက်တွေ ပြည့်မီနိုင်ဖို့ သူနာပြုများက နေ့မအား ညမနား ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကိုလည်း   အန်တုရင်ဆိုင်ရင်း  ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို လည်း အကြားအလပ်မရှိအောင် ဆောင်ရွက်လျက်ပါ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် အရေး အကြီးဆုံး ဖြစ်သည်ဟု မှတ်သားဖူးပါတယ်။ သို့ဆိုလျှင် တပ်မတော်၊  အမိနိုင်ငံတော်အတွက်    ကျန်းမာရေးစောင့်ရှောက်မှု  ကဏ္ဍနဲ့  ပတ်သက်လာလျှင် “ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံ့ဝန်၌ ကုမ္ဘဏ်ယက္ခ၊ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက် စွန့်လော့” ဟုဆိုသည့်အတိုင်း မည်မျှခက်ခဲကြမ်းတမ်းသော  နေရာ ဒေသ၊ ကမ္ဘာ့ကပ်ရောဂါတွေနှင့် ကြုံတွေ့စေဦးတော့ ရဲရဲဝံ့ဝံ့ရင်ဆိုင် မည့် သူနာပြုများပင်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ သူနာပြုများ နေ့မှာ ကတိပြု ရေးသားဖော်ပြလိုက်ရပါတယ်။       ။