
မာလွေလိန်း
လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော်က အခြေခံပညာမူလတန်းအဆင့်တွင် သင်ကြားခဲ့ရသော သင်ရိုးထဲကဖြစ်သည့် “မြေကြီးက ရွှေသီးရမည်” ဟူသော ဆိုရိုးစကား၏ အဓိကဆိုလိုရင်းမှာ မြန်မာနိုင်ငံသည် တွင်းထွက်သဘာဝသယံဇာတပစ္စည်း ကြွယ်ဝသော တိုင်းပြည်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော တိုင်းပြည်ဖြစ်ကြောင်း နောင်လာနောက်သားများ သိရှိခံယူနိုင်ရန်ရည်ရွယ်ကာ တင်စားဖော်ကြူးလျက် ကျောင်းသင် ခန်းစာ၌ ထည့်သွင်းပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ယူဆသည်။
မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ရာ တွင် သဘာဝသယံဇာတပစ္စည်းများ ထုတ်ယူသည့် နည်းလမ်းထက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အဓိကဦးတည်သော နည်းလမ်းကို ရွေးချယ် သင့်သည်။ သဘာဝသယံဇာတပစ္စည်းများကို အလွန်အကျွံမှီခိုခြင်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေပြီး လူသားတို့ ၏ အနာဂတ်ကို အန္တရာယ်ဖြစ်စေနိုင်သည်။
မြန်မာနိုင်ငံ၏ ပထဝီဝင် အခြေအနေ
မြန်မာနိုင်ငံသည် မြေပြန့်ဒေသများ၊ လွင်ပြင်များ၊ ကုန်းပြင်မြင့်များ၊ တောင်တန်းများ စသည့် မြေမျက်နှာသွင်ပြင် အမျိုးမျိုးပိုင်ဆိုင်ထားသည့် တိုင်းပြည်ဖြစ်သည်။ အပူပိုင်းဒေသ၊ သမပိုင်းဒေသနှင့် အအေးပိုင်းဒေသ ဟူ၍ ရာသီဥတုသုံးမျိုးဖြစ်ပေါ်သည့် တိုင်းပြည်ဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင် အနိမ့်အမြင့် မတူညီသော တိုင်းပြည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် သဘာဝအလျှောက် သစ်ပင်အမျိုးမျိုး ပေါက်ရောက် ဖြစ်ထွန်းလျက်ရှိသည်။ စိုက်ပျိုးရေးသီးနှံများနှင့် မွေးမြူရေးတိရစ္ဆာန် များကို နေရာအသီးသီးတွင် ရွေးချယ်စိုက်ပျိုးမွေးမြူနိုင်သည့် တိုင်းပြည် ဖြစ်သည်။
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတော်အတွက် သဘာဝတရားက ပေးထားသော သယံဇာတဖြစ်သည်။ ဧရာဝတီမြစ်ရေကို အသုံးပြုကာ မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက်နိုင်သော အခွင့်အလမ်းများစွာရှိသည်။ အရှေ့ဘက်ပိုင်းတွင် သံလွင်မြစ်၊ စစ်တောင်းမြစ်၊ အနောက်ဘက်ပိုင်းတွင် ချင်းတွင်းမြစ်၊ မဏိပူရမြစ်နှင့် ကုလားတန်မြစ်များအပြင် မြစ်ငယ်များနှင့် ချောင်းကြီးချောင်းငယ် အသွယ်သွယ်တို့သည် မြန်မာပြည်အနှံ့အပြားတွင် ဖြစ်ပေါ်စီးဆင်းလျက် ရှိသည်။
သက်ရှိလောကတွင် သတ္တဝါများနှင့် အပင်များအတွက် ရေသည် မရှိမဖြစ်လိုအပ်သော အသက်သွေးကြောဖြစ်သည်။ “ထမင်းအသက် ခုနစ်ရက် ရေအသက် တစ်မနက်” ဟူသော မြန်မာဆိုရိုးစကားလည်း ရှိပါသည်။ မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင်၊ ပင်လယ်ရေမျက်နှာပြင် နှင့် ရာသီဥတုအမျိုးမျိုးဖြစ်ပေါ်တည်ရှိခြင်း၊ မြစ်ချောင်း၊ အင်းအိုင်များ ဖြစ်ပေါ်တည်ရှိခြင်းတို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရာတွင် အခြေအနေအကောင်းဆုံးဖြစ်စေရန် သဘာဝတရားက ဖန်တီးပေးထားသော တိုင်းပြည်ဟုဆိုနိုင်သည်။
မြေစီမံခန့်ခွဲမှုနှင့် မြေအသုံးချမှု
မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၁၇၈၉ စတုရန်းမိုင်၊ တစ်နည်းအားဖြင့် ဧက ၁၆၈ သန်းရှိသည်။ ရေဝေရေလဲ ထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးတို့အတွက် ဧက ၆၈ သန်းချန်လှပ်ထားပါက အသုံးပြုနိုင်သည့် မြေအကျယ်အဝန်းမှာ ဧကသန်း ၁၀၀ ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတစ်ဦး၏ အသုံးချနိုင်သည့် မြေအကျယ် အဝန်းမှာ ပျမ်းမျှ နှစ်ဧက ရှိနိုင်သည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ စိုက်ပျိုးမွေးမြူရေးအတွက် အသုံးပြုရန် မြေလျှောက်ထားပါက တစ်ဧက အာမခံကြေးစပေါ်ငွေကျပ် ၁၀၀၀၀ ပေးသွင်းပြီး လျှောက်ထားသည့် မြေပေါ်တွင် စီမံချက်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ပြီးပါက စပေါ်ပေးသွင်း ငွေကျပ် ၁၀၀၀၀ ပြန်လည်ထုတ်ယူကာ စိုက်ပျိုးရေးလုပ်ငန်းအတွက် တစ်ဧက ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်းအတွက် တစ်ဧက ၂၀၀၀ ကျပ်တို့ကို နှစ်စဉ်မြေခွန်ပေးသွင်းရမည်ဖြစ်သည်။
မြေခွန်သတ်မှတ်ပြဋ္ဌာန်းခြင်းသည် မြေယာအငြင်းပွားမှု ပြဿနာ ကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် အငြင်းပွားမှု ပြဿနာပေါ်ပေါက်ပါက ဥပဒေနှင့်အညီ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ကို နိုင်ငံသူနိုင်ငံသားများ သိရှိနားလည်လက်ခံရန် လိုအပ်သည်။ ဘိုးဘွားပိုင် မြေကိစ္စနှင့်ပတ်သက်၍ တရားဝင်ဖြစ်စေရန် ဥပဒေတွင် ထည့်သွင်းရေးဆွဲပြဋ္ဌာန်း၍ ရနိုင်သည်။ ဘိုးဘွားပိုင် မြေပိုင်ရှင်များအနေဖြင့် မြေခွန်ပေးဆောင်ခြင်းသည် ပိုင်ဆိုင်မှုကို ပိုမို ခိုင်မာစေပြီး မြေယာအငြင်းပွားမှုကို ကာကွယ်ခြင်းဖြစ်သည်ဟူ၍ လက်ခံယုံကြည်ရန် လိုအပ်သည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအောင်မြင်နိုင်ရန်အတွက် မြေအသုံးချမှု မှန်ကန်ရေးသည် အလွန်အရေးကြီးသည်။
မျက်မှောက်ခေတ်တွင် မြေတစ်ဧကအသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ပါက မြန်မာကျပ်ငွေသိန်း ၅၀ ရနိုင်သည့် နည်းစနစ်များ ကျင့်သုံးနိုင်ရန် ဦးတည်ရည်မှန်းနေကြပြီဖြစ်သည်။ “စိတ်ကူးယဉ်ပါကွာ” ဟု ပြောဆိုနေသူများရှိနိုင်သော်လည်း လက်တွေ့စမ်းသပ် လုပ်ကိုင်ပြီး အောင်မြင်သူများ ရှိနေပြီဖြစ်သည်။ ရာသီသီးနှံနှင့် နှစ်ရှည်သီးပင် ရောနှောစိုက်ပျိုးလုပ်ကိုင်သည့် စနစ် (Crop - perennial mix farming system)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစပ်လုပ်ကိုင်သည့် စနစ် (Integrated Agriculture and Livestock farming system) တို့ကို ရွေးချယ်ကျင့်သုံး ဆောင်ရွက်ရန်လိုအပ်သည်။ ၎င်းနည်းစနစ်တို့သည် မြေအသုံးချမှု ကျစ်လျစ်သိပ်သည်းပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်နိုင်သဖြင့် သဘာဝဘေးကျရောက်မှုအန္တရာယ်ကို လျော့နည်း သက်သာစေနိုင်သည်။ မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင် ပင်လယ်ရေ မျက်နှာပြင် အနိမ့်အမြင့်နှင့် ရာသီဥတုအခြေအနေများပေါ်တွင် မူတည်ကာ (Crop - perennial mix farming system) နှင့် (Integrated Agriculture and Livestock farming system) တို့ကို ရွေးချယ်အသုံးပြု သင့်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအောင်မြင်အောင် အကောင် အထည်ဖော်နိုင်ရန်အတွက် ကျေးလက်ဒေသကို ဗဟိုပြုလျက် အိမ်ထောင်စုတိုင်း လုပ်ကိုင်ဆောင်ရွက်မည့် နည်းလမ်းကို ရွေးချယ် ကျင့်သုံးရမည် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု အရေးပါ
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ကို ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသည် အရေးပါလှသည်။ ပြည်တွင်းထွက်ကုန်ပစ္စည်း ထုတ်လုပ်မှု အားကောင်းမှသာ ပြည်ပရင်းနှီးမြှုပ်နှံမှု စီးဝင်လာနိုင်မည်ဖြစ်သည်။ ငွေကြေးရင်းနှီးမြှုပ်နှံသူများက ယုံယုံကြည်ကြည် ရင်းနှီးမြှုပ်နှံမှသာ ပို့ကုန်တန်ဖိုးမြင့်တက်လာကာ နိုင်ငံခြားငွေရရှိနိုင်မည် ဖြစ်သည်။ နိုင်ငံခြားငွေကောင်းကောင်းရရှိမှသာ နိုင်ငံတကာငွေကြေးလဲလှယ်မှု ထိန်းချုပ်နိုင်ပြီး မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး တည်ငြိမ်ခိုင်မာစေနိုင် မည်ဖြစ်သည်။
ထုတ်ကုန်ပစ္စည်းများအတွက် ဈေးကွက်အာမခံနိုင်မှု အခြေအနေ
မြန်မာနိုင်ငံသည် လူဦးရေ သန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ၊ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိသည့် အိန္ဒိယနိုင်ငံ၊ လူဦးရေ သန်း ၁၆၃ သန်းကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လူဦးရေ သန်း ၆၀၀ ကျော်ရှိသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) တို့နှင့် နယ်နိမိတ်ထိစပ် ဆက်ဆံနေရသော နိုင်ငံဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးနှင့် ဆက်ဆံနေရသော နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုး မွေးမြူရေး ထွက်ကုန်ပစ္စည်းများ ဈေးကွက်အတွက် အာမခံချက်ရှိပြီး ဖြစ်သည်။
တည်ငြိမ်အေးချမ်းမှုကိုဖြစ်စေ
မြန်မာနိုင်ငံတွင် အနော်ရထာမင်းကြီးက ဆည်မြောင်းတာတမံ များနှင့် ကန်ကြီးများ တည်ဆောက်လျက် လယ်ယာစိုက်ပျိုးရေးကို အဓိကထားကာ နိုင်ငံတော်တည်ဆောက်ခဲ့သည်။ လက်ယာလက်ဖြင့် အစားအစာများပေးမည်၊ လက်ဝဲလက်ဖြင့် အဝတ်အထည်များ ပေး မည်ဟု ပြည်သူပြည်သားများအား ကတိပေးသည့်အတိုင်း မြန်မာနိုင်ငံ ကို တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် တိုင်းပြည်အဖြစ် တည်ဆောက်နိုင်ခဲ့သည်ကို အထောက်အထားအရ လေ့လာသိရှိရသည်။
မြန်မာနိုင်ငံ၏ နှစ်ရှည်မဟာဗျူဟာစီးပွားရေး ရည်မှန်းချက်
၂၀၀၀ ပြည့်နှစ်တွင် ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံ၏ နှစ် (၃၀) မဟာဗျူဟာ ရေရှည်စီမံကိန်းအရ ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားတစ်ဦးချင်း၏ တစ်နှစ်ပျမ်းမျှဝင်ငွေသည် အမေရိကန် ဒေါ်လာ သုံးထောင်ရှိရန် ရည်မှန်းရေးဆွဲခဲ့သည်ကို လေ့လာသိရှိရသည်။ ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၇၀ ခန့် ရှိလာနိုင်သဖြင့် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀၀ ရှိရမည် ဖြစ်သည်။
မြန်မာကျပ်ငွေဖြင့် ကျပ်ထရီလီယံ ၅၀၀၀ ရှိရမည်ဖြစ်သည်။ မြန်မာနိုင်ငံသားတစ်ဦး မြေအသုံးချနိုင်မှု ပမာဏမှာ ပျမ်းမျှ ၁ ဒသမ ၅ ဧက ရှိနိုင်ရာ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ မြေတစ်ဧကတွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးထောင်ရရှိအောင် အကောင်အထည်ဖော်နိုင်ပါက တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀၀ ရရှိပြီး ရည်မှန်းချက်ပြည့်မီ အောင်မြင်နိုင်သည်။ မြန်မာနိုင်ငံသည် သဘာဝတရားက ပေးထားသော ပထဝီဝင် အခြေအနေအရ လယ်ယာကဏ္ဍကို အဓိက အားထားရမည် ဖြစ်သောကြောင့် “မြေကြီးက ရွှေသီးအောင်” ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်သည်။
မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သည့် တွင်းထွက်သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူသည့် နည်းလမ်းထက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တစ်နည်းအားဖြင့် လယ်ယာ ကဏ္ဍတွင် “မြေကြီးက ရွှေသီးရမည်” ဟူသော ရည်မှန်းချက်ကိုသာ ရွေးချယ်သင့်ပါသည်။ သို့မှသာ အနာဂတ်တွင် မြန်မာနိုင်ငံသူနိုင်ငံသား များသာမက ကမ္ဘာ့လူသားများအားလုံး မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ လာနိုင်သည့် အစာခေါင်းပါးခြင်းနှင့် အငတ်ဘေးပြဿနာကို ဖြေရှင်း ကျော်လွှားနိုင်လိမ့်မည်ဟု ရှုမြင်သုံးသပ်တင်ပြလိုက်ရပါသည်။ ။
- Log in to post comments