မြေဆီလွှာထက်သန်ဖို့ ကြံရွက်ခြောက်မြေဆွေး အသုံးပြုစို့

မြေဆီလွှာ

 

ဒေါက်တာခင်ခင်ကြီး

 

စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့် ကြံသီးနှံသည် လူတို့၏ အဓိကလိုအပ်သော စားဝတ်နေရေးတွင် စားရေးအတွက် ဖြည့်ဆည်းပေးသကဲ့သို့ စွမ်းအင်အပါအဝင် လူသုံးကုန်ပစ္စည်းအချို့ကို ထုတ်လုပ်နိုင်သည့် အရေးပါသော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။

ကြံမှ သကြားအပြင် ရရှိလာသည့်တင်လဲရည်ကို ဘီယာ၊ အဖျော်ယမကာ၊ အရက်ပြန်နှင့် ဇီဝအီသနောအဖြစ်လည်းကောင်း၊ ကြံ ကြိတ်ဖတ်ကို ပျော့ဖတ်၊ ဖိုင်ဘာ၊ ကတ်ပြား၊ စာရေးစက္ကူနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင်လည်းကောင်း၊ ကြံမြှုပ်ချေးကို အာဟာရဓာတ်များစွာ ပါဝင်သောကြောင့် အဆင့်မြင့်သဘာဝမြေဩဇာအဖြစ် လည်းကောင်း၊ ကြံပြာကို စက်ရုံဘွိုင်လာတွင် လောင်စာအဖြစ် သုံးနိုင်သလို စပါးစိုက်ခင်းများနှင့် ကြံစိုက်ခင်းများတွင် မြေဩဇာအဖြစ် လည်းကောင်း ထည့်သွင်းအသုံးပြုကြပါသည်။ လတ်ဆတ်သောကြံဖူး နှင့် ကြံရွက်များကို ကျွဲ/ နွား တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သကဲ့သို့ ကြံရွက်ခြောက်များကိုမူ ကျေးလက်ဒေသရှိ လူနေအိမ်များတွင် သက်ငယ်လုပ်၍ အိမ်အမိုးမိုးလေ့ရှိကြပါသည်။

ကြံရွက်ခြောက်နှင့် မီးရှို့ခြင်းအလေ့အထ

ကြံစိုက်တောင်သူအများစုက ကြံပင်မခုတ်သိမ်းမီနှင့် ခုတ်သိမ်းပြီးချိန်တို့တွင် ကြံရွက်ခြောက်များကို မီးရှို့လေ့ရှိကြရာ ထိုသို့ပြုလုပ်ခြင်းဖြင့် မီးခိုးမြူငွေ့ပြဿနာများဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူတို့၏ကျန်းမာရေးကို ထိခိုက်စေပါသည်။ မီးရှို့ခြင်းကြောင့် အပင်အာဟာရများစွာ ဆုံးရှုံးစေပြီး မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝများကိုလည်းဆုံးရှုံးစေကာ နောက်ဆုံးတွင် မြေဆီဩဇာကို ခန်းခြောက် စေနိုင်ပါသည်။

မီးရှို့မှုဖြစ်စဉ်ကြောင့် ကြံအထွက်နှုန်းကို ထိခိုက်စေသည့်အပြင် သကြားဓာတ်ပါဝင်မှု လျော့နည်းသွားခြင်းကြောင့် အရည်အသွေးကိုပါ ထိခိုက်စေပါသည်။ လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များဖြစ်ပေါ် လာရခြင်းအကြောင်းရင်းများအနက် သီးနှံပင်အကြွင်းအကျန်များကို မီးရှို့ခြင်း (ဥပမာ-ကြံရွက်ခြောက်များ၊ စပါးရိုးပြတ်များ၊ နှမ်းရိုးများ၊ ပဲစင်းငုံရိုးများအား မီးရှို့ခြင်း) သည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ မီးခိုးမှုန်များကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆုတ်ကင်ဆာနှင့် အခြားကျန်းမာရေးပြဿနာများစွာ ဖြစ်ပွားကြောင်း တွေ့ရှိရသည်။

အရေးပါတဲ့ကြံရွက်ခြောက်

ကြံသီးနှံတစ်ဧကမှ ကြံရွက်ခြောက် လေး- ငါးတန်အထိထွက်ရှိပါသည်။ နှစ်စဉ် မြန်မာနိုင်ငံတစ်ဝန်း ကြံစိုက်ဧက လေးသိန်းကျော်မှ ထွက်ရှိသော ကြံရွက်ခြောက်တန်ချိန် သိန်း ၁၅ - ၂၀ ခန့်တွင် များပြားလှသော အာဟာရဓာတ်များစွာ ပါဝင်နေသော်လည်း အဆိုပါ ကြံရွက်ခြောက်များကို ပြန်လည်အသုံးပြုသည့် အလေ့အထမရှိဘဲ မီးရှို့ခြင်းကြောင့် နှစ်စဉ် အာဟာရတန်ချိန်များစွာ ဆုံးရှုံးနေပါသည်။ တောင်သူများ အလွယ်တကူမီးရှို့နေကြသည့် ကြံရွက်ခြောက်များတွင် အော်ဂဲနစ်ကာဗွန် ၂၈.၆ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၀.၃၅-၀.၅၁ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ၀.၀၄-၀.၂၁ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၀.၄၂-၀.၅၈ ရာခိုင်နှုန်းအပြင် အနည်းလိုအာဟာရဓာတ်များဖြစ်သည့် ကယ်လ်ဆီယမ် ၀.၄၈ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ် ၀.၁၂ ရာခိုင်နှုန်းနှင့် ဇင့်၊ အိုင်းယွန်းနှင့် မဂ္ဂနိစ်ဓာတ်များလည်း ပါဝင်ပါသည်။

ကြံစိုက်တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းမှ ရရှိလာသော ကြံရွက်ခြောက်များကို မြေဆွေးပြုလုပ်၍ ဓာတ်မြေဩဇာနှင့်အတူ စနစ်တကျ တွဲဖက်အသုံးပြုခြင်းဖြင့် မြေဆီလွှာကို ရေရှည်ထိန်းသိမ်း ရာရောက်သလို ကုန်ကျစရိတ်ကိုလည်း သက်သာစေမည်ဖြစ်ပါသည်။ လုပ်ကိုင်ရမည့်လုပ်ငန်းစဉ်များမှာလည်း လွယ်ကူရိုးရှင်းသောကြောင့် တောင်သူများ အတူတကွ လိုက်ပါဆောင်ရွက်နိုင်ပါသည်။

မြေဆွေးပုံပြုလုပ်ရာတွင် ပါဝင်ရမည့်ပစ္စည်းများ

မြေဆွေးပုံပြုလုပ်ရာတွင် အဓိကအနေဖြင့် ကြံရွက်ခြောက်၊ နွားချေး/ ကြက်ချေး၊ အသင့်သုံး EM ဖျော်ရည်၊ ယူရီးယားအနည်းငယ်၊ ပလတ်စတစ်စနှင့် အခြားသီးနှံပင် အကြွင်းအကျန်များရှိပါက ထည့်သွင်းအသုံးပြုနိုင်ပါသည်။

ကြံရွက်ခြောက်သဘာဝမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်

ကြံရွက်ခြောက်သဘာဝမြေဩဇာ ပြုလုပ်ရာတွင် အောက်ပါအတိုင်း လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရပါမည် -

•         ကြံရွက်ခြောက်များကို စုဆောင်းခြင်း၊

•         ကြံရွက်ခြောက်များကို သေးငယ်အောင် ဖြတ်တောက်စင်းခြင်း၊

•         ကြံရွက်ခြောက်များနှင့်အတူ အခြားလိုအပ်သော သွင်းအားစုများအား အလွှာလိုက်စုပုံပြီး မြေဆွေးပုံပြုလုပ်ခြင်း၊

•         ရေဖျန်းပေးခြင်း၊

•         သုံးလတစ်ကြိမ် မြေဆွေးပုံကို အထက်အောက်လှန်ပေးခြင်း၊

•         ဆွေးမြည့်ပြီး ကြံရွက်ခြောက်မြေဆွေးများအား ဆန်ခါချပေးခြင်း။

ကြံရွက်ခြောက်များစုဆောင်းခြင်း

ကြံစိုက်ခင်းမှ ကြံရွက်ခြောက်များကို မြေဆွေးပုံပြုလုပ်မည့်နေရာသို့ သယ်ဆောင်စုပုံရပါမည်။ မြေဆွေးပုံအတွက် သီးသန့်မြေနေရာ မရှိပါက ကြံစိုက်ခင်းဘေးနားတွင် စုပုံနိုင်ပါသည်။ စုဆောင်းပြီး ကြံရွက်ခြောက်များကို ကျင်းနှင့်ဖြစ်စေ၊ မြေပေါ်တွင် အပုံလိုက်ဖြစ်စေ မြေဆွေးပုံ ပြုလုပ်နိုင်ပါသည်။ ကြံရွက်ခြောက်များစုဆောင်းပြီးပါက ရှည်လျားနေသော ကြံရွက်ခြောက်များကို ဓား (သို့) ဓားစက်ဖြင့် ဖြတ်တောက်စင်းပေးခြင်းဖြင့် သေးငယ်သောအစိတ်အပိုင်းများရရှိအောင် ဆောင်ရွက်ရပါသည်။ သို့မှသာ ဆွေးမြည့်မြန်စေပြီး မြေဆွေးပုံတစ်ခုလုံး ညီညာစွာဆွေးမြည့်စေမည်ဖြစ်ပါသည်။ တစ်ပုံချင်းစီကို စနစ်တကျအလေးချိန် ချိန်တွယ်ပြီး ပြုလုပ်လိုပါက ပြုလုပ်နိုင်ပါသည်။ စုပုံပြီးစီးပါက ဖြတ်တောက်ပြီးသော ကြံရွက်ခြောက်များနှင့်အတူ အခြားလိုအပ်သော သွင်းအားစုများကို အလွှာလိုက်စုပုံသွားရပါမည်။

မြေပေါ်တွင် မြေဆွေးပုံပြုလုပ်ခြင်း

မြေဆွေးပုံပြုလုပ်ရာတွင် အတိုင်းအတာအနေဖြင့် အလျား ကိုးပေ၊ အနံ ခြောက်ပေနှင့် အမြင့် ၄ ဒသမ ၅ ပေ ရှိသင့်ပါသည်။ ကြံရွက်ခြောက်ဖြတ်စများကို လက်မဝက်ခန့်အထူ အောက်ခြေမြေပြင်ပေါ်တွင် ခင်းပြီးနောက် ရေဖျန်းပေးရပါမည်။ ပြီးလျှင် နွားချေးတစ်ထပ် ဖြန့်ပေးရမည်။ နွားချေးဖျော်ရည် (သို့) အဏုဇီဝဖျော်ရည် (EM ဖျော်ရည်) ကို ညီညာစွာဖျန်းပေးရမည်။ ကြံရွက်ခြောက်တစ်တန်လျှင် နွားချေး၊ ကြက်ချေး ကီလိုဂရမ် ၅၀ သုံးစွဲသင့်ပါသည်။ ယင်းတို့ကို ရေလီတာ ၁၀၀ ဖြင့် ဖျော်ပြီး ကြံရွက်ခြောက်အနှံ့ဖျန်းပေးရန် လိုအပ်ပါသည်။ ပြီးလျှင် ယူရီးယားမြေဩဇာများကို ညီညာစွာဖြူးပေးရမည်။ အကယ်၍ အခြားသီးနှံပင် အကြွင်းအကျန်များရှိပါက မြေဆွေးပုံ အတွင်း အလွှာလိုက်ထည့်သွင်းနိုင်ပါသည်။

မြေဆွေးပုံကို အလွှာလိုက်ပုံနေစဉ် ပိပြားကျစ်လျစ်စေရန် လူကတက်နင်းပေးရမည်။ ဤသို့ဖြင့် အလွှာလိုက်ပုံသွားပြီးနောက် လိုချင်သည့် အမြင့်ပေရရှိပါက နောက်ဆုံးအလွှာပေါ်တွင် မြေနှင့် နွားချေးရည် ဖျော်၍ လက်မဝက်ခန့်အထူ မံပေးရပါမည်။ ယင်းနောက်တွင် လိုအပ် သောအပူချိန်နှင့် အစိုဓာတ်ကိုရရှိစေရန် ပလတ်စတစ် ဖုံးပေးရမည်။ မြေဆွေးပုံကို တစ်ပတ်တစ်ကြိမ် ရေဖျန်းပေးရန်နှင့် သုံးလတစ်ကြိမ် အထက်အောက်လှန်ပေးရန် လိုမည်ဖြစ်ပါသည်။ လေးလမှ ခြောက်လခန့် အကြာတွင် အသုံးပြုနိုင်သောအခြေအနေသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

ကြံရွက်ခြောက်မြေဆွေးပုံကို ကျင်းဖြင့်ပြုလုပ်ခြင်း

ကြံရွက်ခြောက်မြေဆွေးပုံကို ကျင်းဖြင့်ပြုလုပ်မည်ဆိုပါက ကျင်းအရွယ်အစားမှာ အလျား ၂၇ ပေ၊ အနံ ၁၅ ပေနှင့် အနက် လေးပေတူးရန် လိုအပ်ပါသည်။ နေရာအကျယ်အဝန်းနှင့် လုပ်သားအင်အား မလုံလောက်ပါက ရနိုင်သမျှ အလျား၊ အနံ၊ အနက် ကျင်းတူး၍ ဆောင်ရွက်နိုင်ပါ သည်။ ပြီးလျှင် အထက်ပါလုပ်ငန်းစဉ်အတိုင်း ကြံရွက်ခြောက်နှင့် သွင်းအားစုများကို အလွှာလိုက် ၁၀-၁၅ လွှာအထိရရှိအောင် ဆောင်ရွက်နိုင်ပါသည်။ သုံးလတစ်ကြိမ် မြေဆွေးပုံကို အထက်အောက်လှန်ပေး ခြင်းဖြင့် ညီညာစွာ ဆွေးမြည့်နိုင်မည်ဖြစ်ပါသည်။

မြေဆွေးပုံဆောင်ရွက်စဉ် ကာလတစ်လျှောက်လုံးတွင် အစိုဓာတ် ၆၀ ရာခိုင်နှုန်းရရှိအောင် ရေဖျန်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်သော်လည်း မိုးရွာသွန်းမှုများပြားပါက သတိပြုဆင်ခြင်သင့်ပါသည်။ အစိုဓာတ် ခန်းခြောက်သွားပါကလည်း မြေတွင်းရှိ ဆွေးမြည့်စေသော အကျိုးပြု အဏုဇီဝများကိုသေစေကာ ဆွေးမြည့်မှုလုပ်ငန်းစဉ်ကို ထိခိုက်စေပါ သည်။ လိုအပ်သောအပူချိန်နှင့် အစိုဓာတ်များရရှိပါက လေးလမှ ခြောက်လအကြာတွင် အသုံးပြုနိုင်သောအဆင့်သို့ ရောက်ရှိပြီဖြစ်ပါသည်။

ကြံရွက်မြေဆွေးများအား ဆန်ခါချပေးခြင်း

ကြံရွက်ခြောက်မြေဆွေးပုံ ဆွေးမြည့်သွားပါက ထုထည်လျော့ကျသွားခြင်း၊ မြေနံ့ရရှိခြင်း၊ အညိုရင့်ရောင်ပြောင်းသွားခြင်းတို့ ဖြစ်ပေါ်လာပါသည်။ မြေဆွေးပုံဆွေးမြည့်သွားပါက မြေဆွေးများကို ဆန်ခါချပေးခြင်းဖြင့် အရွယ်ညီညာသော မြေဆွေးမှုန့်များကို ရရှိစေနိုင်ပြီး ဆန်ခါပေါ် တွင် ကျန်ရှိနေသော အရွက်ခြောက်အစအဖတ်များကို မြေဆွေးပုံအသစ်တွင် ပြန်လည်ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ကြံရွက်ခြောက်မြေဆွေးတွင် နိုက်ထရိုဂျင် ၀.၅၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ၀.၂၀ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၁.၁၀ ရာခိုင်နှုန်းနှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သဖြင့် ကြံသီးနှံအတွက် အကောင်းဆုံး အာဟာရသွင်းအားစု ဖြစ်ပါသည်။ ကြံရွက်ခြောက်မြေဆွေးကို ဓာတ်မြေဩဇာများနှင့် ရောစပ်အသုံးပြုခြင်းဖြင့် ပိုမိုထိရောက်စေပါသည်။

ကြံရွက်ခြောက်မြေဆွေးသုံးစွဲခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

•         ကြံရွက်ခြောက်များကို သဘာဝမြေဩဇာ/ သစ်ဆွေးမြေဩဇာများပြုလုပ်ပြီး ကြံစိုက်မြေများတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာအဆင့်အတန်းနှင့် မြေ၏ ဓာတု /ရူပ အရည်အသွေး တိုးတက်လာကာ ကြံပင်ဖြစ်ထွန်းမှုကောင်းမွန်ခြင်း စိုက်ခင်း၏ မြေချဉ်ငန်ဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ ရေထိန်းနိုင်စွမ်း ကောင်းမွန်ခြင်းနှင့် ခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊

•         ကြံရွက်ခြောက်အပိုင်းအစများကို တိုက်ရိုက်မြေသားနှင့် ရောမွှေထည့်ပေးခြင်းဖြင့် မြေဆီလွှာအဆင့်အတန်းတိုးတက်စေခြင်း၊ ပေါင်းပေါက်ရောက်မှုသက်သာခြင်း၊

•         ကြံရွက်ခြောက်မြေဆွေးကို ဓာတ်မြေဩဇာများနှင့်ရောစပ်ထည့်သွင်းအသုံးပြုခြင်းဖြင့် ကြံပင်လုံးပတ်ကြီးခြင်း၊ ဆစ်ကြား အရေအတွက်နှင့် ဆစ်ကြားအရှည်တိုးလာခြင်း၊ ကြံတစ်ချောင်း အလေးချိန်တိုးခြင်း၊ စက်သွင်းကြံအရေအတွက်တိုးခြင်း၊ အထွက်နှုန်းတိုးတက်ခြင်းနှင့် လမိုင်းအထွက်ပါ ကောင်းမွန်စေခြင်း၊

•         ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေတိုးတက်ရရှိခြင်း။

သတိပြုရန်အချက်

•         ကြံရွက်ခြောက်များကို ဆွေးမြည့်မှုမြန်စေရန်နှင့် ညီညာစွာ ဆွေးမြည့်စေရန် သေးငယ်သောအပိုင်းအစများ ပိုင်းဖြတ်ပေးရန်၊

•         ထုထည်ကြီးမားသော ကြံရွက်ခြောက်မြေဆွေးပုံပြုလုပ်ရန် မြေနေရာအခက်အခဲရှိပါက မိမိပိုင်ကြံစိုက်ခင်းအတွင်း သင့်လျော်သည့်အရွယ်အစားဖြင့် ဆောင်ရွက်နိုင်ပါသည်။

တစ်ဧကနှုန်းထား

•         တစ်ဧကလျှင် နှစ်တန်မှ လေးတန်နှုန်းခန့် အသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကို ၄၀-၅၀ ရာခိုင်နှုန်းအထိ လျှော့ချစေနိုင်သလို ကြံစိုက်မြေ၏ အရည်အသွေးကို တိုးတက်ကောင်းမွန် စေကာ ရေရှည်တည်တံ့သောကြံအထွက်နှုန်းကို ရရှိစေပါသည်။

ဓာတ်မြေဩဇာအသုံးလျှော့ချပြီး သဘာဝမြေဆွေး စနစ်တကျတွဲဖက်အသုံးပြုစို့

ကြံတောင်သူများ အထွက်နှုန်းတိုးတက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာရေရှည်တည်တံ့ကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲရှိ ဝန်ထမ်းများဦးဆောင်ကာ ကြံအဓိကစိုက်ပျိုးသည့်ဒေသများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိမြို့နယ်များ၊ နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်တို့တွင် ဓာတ်မြေဩဇာလျှော့ချ၍ သဘာဝမြေဩဇာနှင့် မြေပြုပြင်မြေဩဇာများ စနစ်တကျ တွဲဖက်အသုံးပြုရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြရာ တောင်သူများကလည်း လက်တွေ့လိုက်နာ ဆောင်ရွက် ရမည့်အပိုင်းကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြပါသည်။

ကျန်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တောင်သူဦးကြီးများ အနေဖြင့်လည်း မိမိတို့စိုက်ခင်းမှရလာသော ကြံရွက်ခြောက် အပါအဝင် သီးနှံအကြွင်းအကျန်များကို အလဟဿမဖြစ်စေဘဲ အကျိုးရှိရှိ အသုံးချပြီး ဝင်ငွေများတိုးတက်ရရှိကာ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့ပါစေကြောင်း သတင်းစကားပါး ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။