
ဒိုချက်ကင်မြေဩဇာဆိုသည်မှာ
ဒိုချက်ကင်(Dochakin)ဆိုသည်မှာ ဂျပန်အသုံး အနှုန်းဖြစ်ပြီး မိမိဒေသတွင်ရှိသော အဏုဇီဝပိုး(မှို)ကို မွေးမြူသုံးစွဲထားသည့် သဘာဝမြေဩဇာ ဖြစ်သည်။ စိုက်ပျိုးမြေများအတွက် လွန်စွာမှ အကျိုးပြုသော ဒိုချက်ကင်မြေဩဇာကို ရရှိစေရန် အတွက် လုပ်ဆောင်ပုံအဆင့်ဆင့်ကို တင်ပြလိုပါ သည်။
ဒိုချက်ကင်ပြုလုပ်ရန်အတွက် သစ်ပင်ကြီးကြီး (သစ်တောအုပ်)အောက်မှ မြေဆွေးနှင့် ဝါးရုံပင် အောက်မှ မြေဆွေး သို့မဟုတ် ခြတောင်ပို့မြေကြီး တို့မှ မြေဆွေးများကို ပေါက်တူးအသွားတစ်ဆုံးအထိ ပေါက်ပြီး ရယူရပါမည်။
သစ်ပင်နှင့် သစ်ပင်ထွက်ပစ္စည်းများ ကြွေကျ မြေခရာမှ ခြောက်သွေ့ဆွေးမြည့်သွားလေ့ရှိကြရာ အပင်အောက်ခြေတွင် အရွက်ကြွေများ စုပုံနေခြင်း ကြောင့် မြေအစိုဓာတ်ကို ထိန်းသိမ်းထားနိုင်သည့် သဘောသဘာဝ ရှိသည်။ ယင်းနေရာများတွင် အပင်အကျိုးပြု ဇီဝသက်ရှိများ စုဖွဲ့ပေါက်ပွား ဖြစ် တည်နေတတ်သဖြင့် ထိုနေရာများမှ မြေကြီးကို ရယူခြင်းဖြစ်သည်။
သစ်ရွက်ကြွေအပြင် အပင်ခြေရင်း အနီးအနား တစ်ဝိုက်ရှိအရာများ၏ ဆွေးမြည့်မှုဖြစ်စဉ်ကို ပိုမို မြန်ဆန်စေရန် အဏုဇီဝပိုးများက အထောက်အကူ ပြုပေးနေသည်။ ထိုဆွေးမြည့်မှုဖြစ်စဉ်ကြောင့်ပင် မြေကြီးအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးထား သကဲ့သို့ဖြစ်ပြီး အဏုဇီဝပိုးများ ထပ်မံပေါက်ပွား သည်။ အဆိုပါဖြစ်စဉ်ကို ပညာရှင်များက ဇီဝသက်ရှိ ပိုးများ ပွားများပေါက်ပွားမှုဖြစ်စဉ်(Aerobic Micro-organism)ဟု ခေါ်သည်။
သစ်ရွက်အကြွေအဟောင်းများအပေါ် သစ်ရွက် ကြွေအသစ်များ ထပ်မံကြွေကျပြီး လေ/နေ/အပူ ဓာတ်/စိုထိုင်းဆတို့က ထောက်ပံ့ပေးသည့်အတွက် အချဉ်ဖောက်ခြင်းဖြစ်စဉ် ဖြစ်ပေါ်လာသည်။ အပင်၏အောက် မြေသားမျက်နှာပြင်ပေါ်တွင် အထက်ပါဖြစ်စဉ်များ ဖြစ်သကဲ့သို့ပင် မြေတွင်းထဲ တွင်လည်း ဆင့်ကဲသဘာဝဖြစ်စဉ်များ ဖြစ်ပေါ်နေ သည်။ မြေသားအတွင်းပိုင်းနှင့် အမြစ်ဝန်းကျင်မှ သဘာဝ အဏုဇီဝသက်ရှိများကိုမူ (Anaerobic Microorganisms)ဟု ခေါ်ဆိုသတ်မှတ်ကြသည်။ အဆိုပါ ဇီဝပိုးနှစ်မျိုးလုံးကို ရရှိရန်အတွက် မြေသား များကို အပေါ်ယံခြစ်မယူဘဲ အနက် လေးလက်မနှင့် ငါးလက်မ ပမာဏ ပေါက်တူးအသွားတစ်ဆုံးအထိ ပေါက်ယူရခြင်းဖြစ်ပါသည်။
ပြုလုပ်နည်းအဆင့်ဆင့်
ဒိုချက်ကင် ပြုလုပ်နည်းအဆင့်များမှာ
(၁) သစ်ပင်ကြီးကြီး(သစ်တောအုပ်) အောက်မှ မြေဆွေးကို ယူပါ။
(၂) ဝါးရုံပင်အောက်မှမြေဆွေး သို့မဟုတ် ခြတောင်ပို့ မှ မြေကြီးကို ယူပါ။
(၃) ကြံသကာအညို သို့မဟုတ် ထန်းလျက် အညိုကြမ်း တစ်ပိဿာကို အရည်ပြစ်ပြစ်ကြိုပြီး အအေးခံထားပါ။
(၄) ရေ လေးဂါလန်ဖြင့် ရောမွှေထားပါ။
(၅) ထို့နောက် ဖွဲနုကို ဝါးရွက်မြေဆွေးပမာဏ၏ ငါးပုံတစ်ပုံခန့်နှင့် ထပ်မံရောပါ။
(၆) ထိုကဲ့သို့ ကြံသကာရည်အရောကို မနည်းလွန်း မများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ သမအောင် မွှေလိုက်၊ ရေရောလိုက် ပြုလုပ်ပါ။ သကာရည် ရောရာတွင် စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းခန့် ရှိရမည်။ စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းဆိုသည်မှာ ၎င်းအရောကို လက်ဖြင့်ဆုပ်ကြည့်လျှင် အလုံး ဖြစ်ပြီး လက်ညှိုးဖြင့်ဖိလိုက်လျှင် ကွဲသွားသော အနေအထား ဖြစ်ရမည်။ (ရေနည်းလျှင် အလုံး မဖြစ်ပါ။ ရေများလျှင် လက်ညိုးဖြင့်ဖိလျှင် မကွဲပါ။ ရေနည်းလျှင် အဏုဇီဝပိုးပေါက်ပွားနှုန်း နှေးပြီး ရေများပါကလည်း ပုပ်ပြီး လုံးဝမဖြစ် တော့ပါ။ ထိုကြောင့် ရေစိုထိုင်းဆသည် အလွန် အရေးကြီးပါသည်။)
(၇) အထက်ပါအဆင့်များကို ပြုလုပ်ပြီးပါက မိုးရေနှင့် ရေငွေ့ပျံမှုတို့မှ ကာကွယ်ရန် ပလတ် စတစ်နှင့်အုပ်ပါ။ (အမည်းရောင် ပလတ် စတစ်က ပိုကောင်းပါသည်။) ထို့နောက် သုံးရက်အကြာ တွင် ဖုံးအုပ်ထားသော ပလတ်စတစ်စကို ဖယ်ရှား ကြည့်ပါက အရောင် သည် အဖြူ ရောင်ရှိပြီး ချဉ်၊ စူး၊ ချို၊ အီသည့်အနံ့ကို ရရှိနေ ပါလိမ့်မည်။ ၎င်းအခြေအနေမှာ အဏုဇီဝ သက်ရှိများ ပေါက်ပွားလာသည့်အခြေအနေ ဖြစ်ပါသည်။
(၈) အထက်ပါ ရရှိလာသော အဏုဇီဝပိုးများကို ရေရှည်ထိန်းသိမ်းထားရန်နှင့် သေဆုံးမှုမရှိစေ ရန်အတွက် ကော်ပုံးထဲသို့ ထည့်ပြီး အပေါက် တစ်ပေါက်ဖောက်၍ ပိုက်စွပ်ကာ ပိုက်အဝတွင် ရေသန့်ဘူး စွပ်ထားပေးပါ။
(၉) ရေသန့်ဘူးထဲတွင် အရည်ကြည်ချွေးများ ကျ ရောက်လာပြီး ရေငွေ့လေးများ ခိုအောင်းလာ သည်ကို တွေ့ရှိရပါလိမ့်မည်။
(၁၀) လိုအပ်ချိန်မှ လိုအပ်သလောက် မြေဆွေးပုံ အတွင်းသို့ ထည့်သွင်းအသုံးပြုပေးခြင်းအားဖြင့် ဒိုချက်ကင်မြေဩဇာ ရရှိနိုင်ပြီဖြစ်ပါသည်။
မြေဆွေးပုံပြုလုပ်ခြင်း
စပါးခွံများ၊ ပြောင်းရိုး၊ ပြောင်းပင်၊ အူတိုင်၊ နှမ်းရိုး၊ နှမ်းပင်၊ ပဲမှော်အလေအလွင့် စသည့် လယ်ယာစွန့်ပစ္စည်းများ၊ ခြံအတွင်းရှိ ပေါင်းမြက်များ၊ ဆွေးမြည့်လွယ် သောပစ္စည်းများ၊ ဗေဒါ၊ ပိန်းရိုး စသည့် အလွယ်တကူရ သည့် ပစ္စည်းများနှင့် ကောက်ရိုး စသည့် ကုန်ကြမ်းပစ္စည်းများကို ခြောက်လက်မအမြင့် မြေပေါ်တွင် စက်ဝိုင်းပုံ ပုံပါ။ ထို့နောက် တိရစ္ဆာန်အညစ်အကြေး တစ်မျိုးမျိုးကို ယင်းအပေါ်သို့ ခြောက်လက်မအမြင့်ရအောင် ဖြူးထည့် ပေးပါ။ ထို့နောက် အထက်တွင် ပြုလုပ်ထားပြီးသော ဒိုချက်ကင်ကို ပါးပါးဖြူးပေးပါ။ ကုန်ကြမ်းများကို ခြောက်လက်မအထူရအောင် ထပ်မံ၍ ဖုံးပေးပြီး ရေဖျန်းပေးပါ။ (အစိုဓာတ် ၆၀ ရာခိုင်နှုန်းခန့်ရှိရန် လိုအပ်ပါသည်။)
ယင်းမြေသြဇာအပုံကို ခြောက်သွေ့မှုမှကာကွယ် ရန် အလင်းလုံသော ပလပ်စတစ်/ တာပေါ်လင်စ တို့ဖြင့် ဖုံးအုပ်ထားပေးပါ။ သုံးပတ်/လေးပတ်အကြာ တွင် မြေဆွေးပုံကို တစ်ကြိမ်လှန်လှောပေးပါ။ အစို ဓာတ်အနေအထားကိုကြည့်ပြီး ရေလောင်းပေးပါ။ ခြောက်ပတ်မှ ရှစ်ပတ်ခန့်အကြာတွင် အသင့်သုံးနိုင် သော ဒိုချက်ကင်မြေဆွေးပုံကို ရရှိမည်ဖြစ်ပါသည်။
ထိုမြေဩဇာကို စိုက်ပျိုးမြေတစ်ဧကလျှင် မြေဆွေး တစ်တင်းခွဲဝင်အိတ်(၅၀ ကီလိုအိတ်) ၁၀ အိတ်မှ အိတ် ၂၀ အထိ ထည့်သွင်းအသုံးပြုပါက မြေဆီလွှာ များအတွက် လိုအပ်သော အကျိုးပြုအဏုဇီဝပိုးများ ရှင်သန်ပွားများလာမည့်အပြင် ပျက်စီးမြေသားများ ကိုလည်း ပြုပြင်ပေးနိုင်ကာ သီးနှံများ အထွက်နှုန်း တိုးတက်လာမည်ဖြစ်ပါသည်။ ။