
သစ်တောမောင်
ဥတုရာသီ၊ တောကိုမှီ
“ဥတုရာသီ၊ တောကိုမှီ” ဆိုသည့်အတိုင်း နေ့စဉ်မိုးလေဝသအခြေအနေများ၊ နှစ် အလိုက် ဖြစ်ပေါ်လျက်ရှိသော ရာသီဥတု အခြေအနေများသည် သစ်တော၊ သစ်ပင် များအပေါ် များစွာမှီတည်လျက်ရှိသည်။ ကမ္ဘာ့လေထုကို ပူနွေးစေပြီး ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသော လေထု အတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို သစ်တော သစ်ပင်များ က စုပ်ယူဖယ်ရှားပေးပြီး ရာသီဥတုမျှတ ကောင်းမွန်လာစေရေး၊ ပတ်ဝန်းကျင် ဂေဟစနစ်များ တည်ငြိမ်စေရေးကို အထောက်အကူပြုလျက်ရှိသဖြင့် “ဥတု ရာသီ၊ တောကိုမှီ” ဟု ဆိုခြင်းဖြစ် သည်။ သစ်ပင်သစ်တောများ တိုးပွား လာသည်နှင့်အမျှ မိုးလေဝသ မှန်ကန်ပြီး ရာသီဥတုပြောင်းလဲမှုများကို လျှော့ချ နိုင်ကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလွန် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
စိုက်ပျိုးလိုလျှင် ကြိုတင်ပြင်
စိုက်ပျိုးသော သစ်ပင်တစ်ပင် ရှင်သန်အောင်မြင်ဖြစ်ထွန်းစေရန် အချိန် ယူ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရ သည်။ စိုက်ပင်အရေအတွက် အနည်း အများပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင် မှုကာလနှင့် လုပ်ငန်းပမာဏအနည်း အများသာ ကွာခြားသည်။ မိုးဦးကျ၍ မြေဆီအစိုဓာတ်ရရှိသည့် တစ်ပြိုင်တည်း အချိန်ကိုက် စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဝီရိယထား ပြင်ဆင်ဆောင်ရွက်ကြရ သည်။ စိုက်ပျိုးမည့် သစ်တောစိုက်ခင်း ဧရိယာပမာဏ၊ အပင်အရေအတွက်တို့ အပေါ်မူတည်ပြီး ဒေသအလိုက် စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း၊ မြေရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်း၊ ပန္နက် ရိုက်ခြင်း၊ ကျင်းတူးခြင်း၊ မြေဆီစုဆောင်း ခြင်း၊ မျိုးရိုးဗီဇကောင်းမွန်သော သစ်စေ့ များစုဆောင်းခြင်း၊ ကျန်းမာကြံ့ခိုင်သော ပျိုးပင်များ လုံလောက်စွာရရှိစေရန် ပြုစု ပျိုးထောင်ထားခြင်း၊ ပျိုးဥယျာဉ်နှင့် စိုက်ပျိုးမည့်နေရာ အကွာအဝေးပေါ် မူတည်၍ ပျိုးပင်များ အချိန်ကိုက် သယ်ဆောင်ရန် ပြင်ဆင်ထားရှိခြင်း စသည့် လုပ်ငန်းအဆင့်အဆင့်ကို ဆောင်ရွက်ထားရှိရသည်။
မြေဆီစိုခိုက်သစ်ပင်စိုက်
မိုးကြိုကာလများတွင် နေရာဒေသ အလိုက် သစ်ပင်များ စိုက်ပျိုးကြသလို မိုးတွင်းကာလ ဇွန်လနှင့် ဇူလိုင်လများ တွင် မြေဆီအစိုဓာတ်ရရှိသော အချိန် ကာလတွင် အင်နှင့်အားနှင့် သစ်ပင်များ စိုက်ပျိုးကြရသည်။ ယခုလို မိုးလရာသီ ရောက်၍ မြေဆီစိုသည်နှင့် သစ်ပင်များ ကို ဒေသအသီးသီးတွင် ပုံစံမျိုးစုံဖြင့် သစ်ပင်များ စိုက်ပျိုးကြသည်။ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနကဲ့သို့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အဓိကတာဝန်ယူ ဆောင်ရွက်နေရသော ဌာနများအနေဖြင့် ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအတွင်း သစ်ပင် စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ နှစ်စဉ် လျာထားချက်များ ပြည့်မီရေးအတွက် မိုးလရာသီကို အားကိုးပြုကာ မြေအစို ဓာတ်ကောင်းစွာရရှိသော အချိန်တွင် စိုက်ပျိုးကြရသည်။
သစ်ပင်သစ်တောများ တိုးပွားလာ စေရန်အတွက် လက်ရှိ ရှိနေသော သဘာဝတောများ ပျက်စီးဆုံးရှုံးမှု မရှိ စေရေး ထိန်းသိမ်းဆောင်ရွက်ကြရ သကဲ့သို့ သစ်တောနယ်မြေအတွင်းရှိ တောနိမ့်၊ တောပျက်၊ တောပါးသောနေရာ များတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း တို့ကို ဆောင်ရွက်ကြရသည်။ စီးပွားရေး စိုက်ခင်း၊ ရေဝေရေလဲထိန်းသိမ်း ရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်း စိုက်ခင်း၊ တောင်စဉ် တောင်တန်းများ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းစသည့် စိုက်ခင်းအမျိုးမျိုးကို အချိန်ကိုက် ကြိုးပမ်းစိုက်ပျိုးကြရသည်။
သစ်တောနယ်မြေများရှိ သစ်ပင် သစ်တောများသည်သာ အရေးကြီးသည် မဟုတ်ဘဲ သစ်တောမြေပြင်ပမှ သစ်ပင် များ (Trees Outside Forests-ToF)များ သည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အတွက် အလွန်အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နိုင်ငံနှင့် အဝန်း စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု မျှတသာယာရေး၊ ပြည်သူလူထု အရိပ် ခိုနားနေ အပန်းဖြေနိုင်ရေးအတွက် သစ်တောနယ်မြေများတွင် သာမက သစ်တောမြေ ပြင်ပနေရာများဖြစ်သည့် အစိုးရ စီမံခန့်ခွဲခွင့်ရှိသောနေရာများ၊ အမြန်လမ်းဘေးဝဲယာများ၊ အာဆီယံ လမ်းမကြီးများဝဲယာများ၊ မီးရထားလမ်း ဘေးဝဲယာများနှင့် ကျေးလက်လမ်း၊ ခရိုင် ချင်းဆက်လမ်းဘေးဝဲယာများတွင် လည်း သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။ သစ်တောဦးစီးဌာန အစီအစဉ် ဖြင့် ဆောင်ရွက်ခြင်းအပြင် အစိုးရ ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးခြင်း၊ Tree Planting Campaign ၊ Greening Campaign နှင့် သစ်ပင်စိုက်ပွဲတော်များ ကျင်းပကာ စိုက်ပျိုးကြလျက်ရှိသည်။
အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ တပ်မတော်နှင့် ရဲတပ်ရင်း တပ်ဖွဲ့များ၊ ပြည်သူများအနေဖြင့်လည်း နှစ်သက်ရာ သစ်မျိုးများကို မိုးတွင်းကာလတွင် အချိန်ကိုက် စိုက်ပျိုးနိုင်ရေးအတွက် အမြင့် နှစ်ပေအထက် ကျန်းမာကြံ့ခိုင် သော ပျိုးပင်အမျိုးမျိုးကို သစ်တောဦးစီး ဌာနက အခမဲ့ဖြန့်ဖြူးပေးလျက်ရှိပြီး သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများ အောင်မြင်စေရန်၊ တစ်ပင်စိုက် တစ်ပင် ရှင်သန်စေရန် အားပေးကူညီ ပံ့ပိုးပေး လျက်ရှိသည်။ မိုးရာသီသစ်ပင်များ စိုက်ပျိုးရာတွင် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော သစ်မျိုးများ၊ ဒေသနှင့် ကိုက်ညီသော သစ်မျိုးများ၊ လေပြင်း မုန်တိုင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရည်ရှိ သော အပင်မျိုးများ၊ ပူပြင်းခြောက်သွေ့မှု ဒဏ်ခံနိုင်သော သစ်မျိုးများ၊ ကြီးမြန် သစ်မျိုးများ၊ ရေရှည်တွင် မြို့ပြဖွံ့ဖြိုးမှုကို ထိခိုက်မှု မရှိစေနိုင်သည့် သစ်မျိုးများ၊ ရတနာတန်းဝင် အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်သော သစ်မျိုးများ၊ မျက်စိ ပသာဒဖြစ်စေမည့် သစ်မျိုးများ၊ အရိပ် ကောင်းစွာပေးစွမ်းနိုင်သည့် သစ်မျိုးများကို စိုက်ပျိုးမည့်နေရာနှင့် လိုက်လျောညီထွေရှိစေရေး စနစ်တကျ ရွေးချယ်ကာစိုက်ပျိုးကြရသည်။
အကျိုးကျေးဇူးစုံလင် သစ်တောသစ်ပင်
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ် ပြုခြင်းဖြစ်ပြီး ဇရပ်၊ တန်ဆောင်း ဂူကျောင်းပြာသာဒ်နှင့် အခြားထာဝရ ကုသိုလ်များကဲ့သို့ တူညီသော ကုသိုလ် ကို ရရှိခံစားနိုင်ကာ အသက်ရှည် ကျန်းမာကုသိုလ် အကျိုးထူးတို့ကိုလည်း ရရှိနိုင်သည်။ သစ်ပင် သစ်တောများ သည် သစ်နှင့် ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင် အပါအဝင် သစ်မဟုတ်သော သစ်တော ထွက် ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေး သကဲ့သို့ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင် သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု များစွာကိုလည်း ပံ့ပိုးပေးလျက်ရှိ သည်။ “သက်ရှိလောကတည်မြဲဖို့”၊ “ဇီဝမျိုးစုံ ထိန်းသိမ်းဖို့”၊ “လောင်စာ စွမ်းအင်ရရှိဖို့”၊ “ရေ၊ မြေ သယံဇာတ ထိန်းသိမ်းဖို့”၊ “လေကောင်း လေသန့် ရရှိဖို့”၊ “ရာသီဥတု မျှတဖို့” ၊ “ထာဝရ ကုသိုလ်ရယူဖို့”၊ “သဲကန္တာရဖြစ်ထွန်းမှု တားဆီးဖို့” စသော အကျိုးကျေးဇူးများစွာ ကို သစ်ပင်၊ သစ်တောများက ပံ့ပိုးပေး လျက်ရှိသည်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှု အများဆုံးခံစားကြရသည့် ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝ ကျွန်းပေါ်ဒေသများတွင် လေပြင်း တိုက်ခတ်မှုများ၊ ဆားငန်ရေ ဝင်ရောက်မှု များ၊ ရေကြီးရေလျှံမှုများကို တားဆီး ကာကွယ်နိုင်ရန်နှင့် လျော့ပါးသက်သာ စေရန်အတွက် ဒီရေတောအပင်များ စိုက်ပျိုးခြင်း၊ ဆားငန်ဓာတ်ခံနိုင်ရည် ရှိသော အပင်များကို စိုက်ပျိုးခြင်း၊ ရေသောက်မြစ် နက်ရှိုင်းစွာရှိပြီး ဘေးမြစ် ဖြာထွက်မှု အားကောင်းသော အမြဲစိမ်း အပင်များ စိုက်ပျိုးခြင်း၊ အုန်း၊ ပင်လယ် ကဗွီးကဲ့သို့သော ပင်စည်ကွေးညွှတ် အားကောင်းပြီး အရွက်သေးငယ်သောအပင်များဖြင့် လေကာတန်းစိုက်ပျိုးခြင်း၊ ဒေသနှင့်ကိုက်ညီသော လေပြင်း မုန်တိုင်းဒဏ်ခံနိုင်သည့် ကြီးမြန်ပင်များ နှင့် အမြဲစိမ်းအပင်များ၊ မြေဆီလွှာ ထိန်းနိုင်သည့် အပင်များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် သဘာဝဘေး အန္တရာယ်များ ကျရောက်မှုကို လျော့ပါး သက်သာစေနိုင်သည်။
နိုင်ငံအဝန်းစိမ်းလန်းစေဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်
နည်းလမ်းအမျိုးမျိုး ရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက် သာဆုံး၊ သဘာဝနှင့် လိုက်လျောညီထွေ အဖြစ်ဆုံး လုပ်ငန်းတစ်ရပ်ဖြစ်သည်။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြဿနာ များ ဖြေရှင်းရန်အတွက် သစ်ပင်စိုက်ပျိုး ခြင်း၊ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်း များကို သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်း (Nature-based Solutions) အဖြစ် ကျယ်ပြန့်စွာ အသုံးပြုလာလျက် ရှိပါသည်။ ၂၀၂၁ ခုနှစ် မှ ၂၀၃၀ ပြည့်နှစ် အထိကာလကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021-2030) ဟု သတ်မှတ်ထားပြီး ဂေဟစနစ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ ဂေဟစနစ်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တော ဦးစီးဌာနသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးနှင့် သစ်တောဖုံးလွှမ်းမှု တိုးလာစေရေး၊ ပတ်ဝန်းကျင်ရေးရာ နိုင်ငံတကာ ကတိကဝတ်များဖြည့်ဆည်း နိုင်ရေးအတွက် မြန်မာနိုင်ငံ သစ်တော များပြန်လည်တည်ထောင်ရေး စီမံကိန်း (၂၀၁၇−၂၀၁၈ မှ ၂၀၂၆−၂၀၂၇) ကို ရေးဆွဲ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း အစီ အစဉ် (၂၀၁၉-၂၀၂၀မှ ၂၀၂၈-၂၀၂၉အထိ) နှင့် နိုင်ငံအဆင့် ဒီရေတောနှင့် ကမ်းရိုး တန်းဒေသများ ထိန်းသိမ်းခြင်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များ အစရှိသည့် စီမံကိန်းများကိုရေးဆွဲပြီး သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်း ခြင်းလုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းကာလအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်း ဧက၂၈၅၅၅၀၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း ၂၈၅၁၀၄ ဧကနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ၇၇၀၃၃၂ ဧက တို့ကို ရည်မှန်းချက်ချမှတ်လျက် နည်းလမ်း မျိုးစုံဖြင့် တည်ထောင်စိုက်ပျိုးလျက် ရှိရာ နိုင်ငံပိုင်သစ်တောစိုက်ခင်း ၁၄၆၉၅၉ဧက၊ ပုဂ္ဂလိကသစ်တော စိုက်ခင်း ဧက ၆၄၂၅၀ နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၄၄၉၆၅၇ ဧက တို့ကို တည်ထောင်နိုင်ခဲ့ပြီး ဖြစ်သည်။ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်း လန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ် လုပ်ငန်းတို့အနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ အတွင်း သစ်တောစိုက်ခင်းမျိုးစုံ ဧရိယာ ၂၅၂၇၁ ဧက၊ အပင်ပေါင်း ၂၄၆၁၉၂၀၀ ကို လျာထားစိုက်ပျိုးလျက်ရှိသည်။
သစ်တောဦးစီးဌာန အနေဖြင့် ပြည်သူများ သစ်ပင်သစ်တော ချစ်ခင် စိတ်တိုးပွားလာစေရေး၊ သစ်တော သစ်ပင်ထိန်းသိမ်းရေး အသိစိတ်ဓာတ် များ ပိုမိုမြင့်မားလာစေရေးနှင့် သစ်တော များမှ ထောက်ပံ့ပေးသော ပတ်ဝန်းကျင် ဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိ နားလည်လာစေရေးအတွက် ရည်ရွယ် ၍ မိုးလရာသီသစ်ပင်စိုက်ပျိုးပွဲတော် များကို ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်လာခဲ့ပြီး နှစ်စဉ်ကျန်းမာ ကြံ့ခိုင်သည့် အမြင့်ပေ နှစ်ပေ အထက် ပျိုးပင်များကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိ ရာ ယခုနှစ်တွင် ပျိုးပင် ၈ ဒသမ ၄ သန်း ကျော် လျာထားဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အားပေးကူညီပံ့ပိုးပေးလျက်ရှိသည်။
သစ်ပင်သစ်တောများ၏ အကျိုး ကျေးဇူးများ ခံစားရရှိဖို့ “နှစ် ၂၀ တစ်ဝိုက် အချိန်ကိုက်၊ တို့စိုက်ခဲ့လျှင် အကောင်း ဆုံးပင်၊ ခုချိန်စိုက်က နောက်မကျ၊ ဒုတိယအကြိမ် အကောင်းဆုံးပ” ဟူ သော ဆိုရိုးစကားနှင့်အညီ ယခုအချိန် သည် သစ်ပင်စိုက်ပျိုးရန် ဒုတိယအကြိမ် အကောင်းဆုံး အချိန်အခါဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့် လူတိုင်း လူတိုင်း၊ ကျေးရွာတိုင်း၊ မြို့ပြတိုင်း သစ်ပင် စိုက်ပျိုးနိုင်ရန် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ သစ်ပင် စိုက်ပျိုးနိုင်သည့် နေရာမှန်သမျှ သင့်လျော်သော သစ်ပင်များစိုက်ပျိုးနိုင် ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်သည်။ အိမ်ခြံဝင်းပတ်လည်နှင့် လယ်ယာနယ်နိမိတ်များ၊ ကျေးရွာ အတွင်းအပြင် မြေကွက်လပ်များ၊ မြို့ပြ ပတ်ဝန်းကျင်နှင့် မြို့ပြအတွင်း သင့်လျော် သောနေရာများ၊ မြစ်ချောင်းကမ်းနား တစ်လျှောက် နေရာကွက်လပ်များ၊ ရေကန်များ၊ အင်း၊ အိုင်ဘေးပတ်လည် နေရာများ၊ ကားလမ်းနှင့် ရထားလမ်း ဘေးဝဲယာ သင့်လျော်သည့် နေရာများ၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ခရိုင်ချင်းဆက် လမ်းဘေးဝဲယာများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းကန်ဝင်းအတွင်း သင့်လျော်သော နေရာများ၊ အများနှင့် သက်ဆိုင်သောနေရာများစသည်တို့တွင် အကြားအလပ်မရှိ သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေးတို့ကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
ရှင်အောင် စိုက်ပျိုး၊ ကြီးအောင် ပြုစု၊ မြဲအောင်ထိန်းသိမ်း
တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှ အပင်ရှင်သန်ဖို့ အလွန်အရေးကြီးလှ သည်။ သစ်စေ့မှ ပျိုးပင်တစ်ပင်ဖြစ်လာ သည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီး စိုက်ထုတ်ခဲ့ရသည်။ ပင်လယ်ကမ်းရိုးတန်း၊ ကုန်းတွင်းပိုင်း၊ တောင်ကုန်း တောင်တန်းဒေသစသည့် နေရာဒေသအပေါ် မူတည်၍ ပတ်ဝန်း ကျင်၊ ရေ၊ မြေ၊ ဒေသ အနေအထားနှင့် သဟဇာတဖြစ်သော သစ်မျိုးများ ဖြစ်ရန် လိုအပ်ပြီး ရည်ရွယ်ချက်၊ စနစ်တကျ ရွေးချယ် စိုက်ပျိုးခြင်းဖြင့် ပိုမို ထိရောက်အောင်မြင်နိုင်မည် ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် လွယ်ကူသော် လည်း ကြီးအောင်ပြုစုဖို့၊ မြဲအောင် ထိန်းသိမ်းဖို့ အလွန်ခက်ခဲသည်။ အပင်တိုင်း အပင်တိုင်းကို တန်ဖိုးထား လျက် စတင်စိုက်ပျိုးခြင်းမှသည် ကြီးပြင်းသည်အထိ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ရာသီအလိုက် လုပ်ဆောင်နိုင်မှသာ စိုက်ပျိုးပြီးအပင် များ ရာနှုန်းပြည့် ရှင်သန်အောင်မြင်နိုင် မည်ဖြစ်သည်။
စိမ်းလန်းသာယာ၊ ပြည်မြန်မာ
သစ်ပင်စိုက်ပျိုးခြင်းသည် ရွှေတိုက်၊ ငွေတိုက်ကို ပိုင်စိုးရသကဲ့သို့ အကျိုး ကျေးဇူးအမျိုးမျိုးကို သားစဉ်မြေးဆက် ရရှိခံစားနိုင်ပြီး သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ဆောင်မှုများက သက်ရှိ လောကအတွက် အလွန်ပင်အရေးပါလှ သည်။ ငွေကြေးအားဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ခြင်း၊ ငွေကြေးဖြင့် ဈေးကွက်တွင် ဝယ်ယူသုံးစွဲရခြင်း မဟုတ်သည့်အတွက် သစ်ပင်သစ်တောများက ပံ့ပိုးသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုး များကို တန်ဖိုးထားမှု၊ အသိမှတ်ပြုမှု၊ အလေးထားမှု နည်းပါးကြသည်ကို တွေ့ရသည်။ အဆိုပါတန်ဖိုးများကို သိရှိ နားလည်မှုမရှိခြင်း ၊ သိရှိသူ အလွန် နည်းပါးခြင်း၊ သိရှိသော်လည်း မိမိ အကျိုးစီးပွား၊ လူနည်းစု အကျိုးစီးပွားနှင့် ရေတိုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက် ခြင်း၊ အဆိုပါတန်ဖိုးများကို ဖော်ထုတ် မည့်အဖွဲ့အစည်း၊ ထိန်းသိမ်းမည့် အဖွဲ့အစည်း အလွန်နည်းပါးခြင်းနှင့် စွမ်းဆောင်ရည်နိမ့်ပါးခြင်း စသည့် အကြောင်းများကြောင့် သစ်တောများ ပြုန်းတီးပြီး သစ်တောဂေဟစနစ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ သစ်တော သယံဇာတများ ပြုန်းတီးပျက်စီးခြင်း သည် နိုင်ငံ၏ ကြွယ်ဝမှုကို ယုတ်လျော့ ဆုံးရှုံးခြင်းလည်း ဖြစ်သည်။
နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ရာတွင် ပတ်ဝန်း ကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းရန်နှင့် သစ်တောသယံဇာတ များကို ထိန်းသိမ်းကာကွယ်ရန် အစီ အစဉ်များကို အမြော်အမြင်ကြီးစွာဖြင့် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ရန် မဖြစ် မနေ လိုအပ်သည်။ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည့် အဖိုးတန် သယံဇာတ အရင်းအမြစ်များ၊ သစ်ပင် သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် အလွန်အရေးကြီးသည်။ သစ်တော သစ်ပင်ချစ်ခင်သူများ ပိုမိုတိုးပွားလာဖို့ လိုအပ်သည်။ ပြည်သူများအကြား သစ်ပင်သစ်တောများ၏ စစ်မှန်သော တန်ဖိုးကို ပိုမိုနားလည်လာပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမို ပူးပေါင်း ပါဝင်လာစေဖို့ ကြိုးပမ်းကြရ မည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်စေဖို့၊ အေးချမ်းသာယာ စေဖို့ သဘာဝသစ်တောသယံဇာတများ၊ သစ်ပင်၊ သစ်တောများကို ထိန်းသိမ်း ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ဂေဟစနစ် ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြည်သူတစ်ရပ်လုံး တက်ကြွစွာ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု ဆန္ဒမွန် ဖြင့် တိုက်တွန်းအပ်ပါသည်။ ။
- Log in to post comments