မော်တော်ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့် အချက်များ(နည်းဥပဒေ ၃၂၁)

 

မော်တော်ဆိုင်ကယ်မောင်းနှင်သူသည်  အောက်ပါအချက်များကို လိုက်နာရမည်-
(က)    မှတ်ပုံတင်ထားသော မော်တော်ဆိုင်ကယ်ကိုသာ မောင်းနှင်ရမည်။
( ခ)    သတ်မှတ်ယာဉ်မောင်းလိုင်စင်ပါရှိရမည်။
( ဂ)    မော်တော်ဆိုင်ကယ်၏လက်ကိုင်ကို လက်နှစ်ဖက်ဖြင့်ကိုင်၍ မောင်းနှင်ရမည်။
(ဃ)    မော်တော်ဆိုင်ကယ်မောင်းနှင်သူ၏ နောက်တွင် လူစီးထိုင်ခုံမပါလျှင် လူပိုမတင်ရ။ လူစီးထိုင်ခုံပါရှိ လျှင် တစ်ဦးထက်ပိုမတင်ရ။ နောက်ထိုင်ခုံတွင် လိုက်ပါသူသည် မော်တော်ဆိုင်ကယ်ကို ခွစီး၍ ရှေ့သို့မျက်နှာမူလျက် ခြေထောက်ကို မော်တော်ဆိုင်ကယ်၏ တစ်ဖက်တစ်ချက်ရှိ ခြေနင်းခုံပေါ်တွင် တင်၍ စီးရမည်။ ခြေနင်းပေါ်တွင် ခြေတင်စီးရန်မမီသူကို တင်၍မစီးရ။ မော်တော်ဆိုင်ကယ်စီးသူ၏ ရှေ့တွင် မည်သူ့ကိုမျှ မတင်ရ။ 
( င)    မော်တော်ဆိုင်ကယ်၏နောက်တွင်   ပစ္စည်းများတင်ပါက    ထိုပစ္စည်းသည်   နောက်ထိုင်ခုံ၏ ဘေးတစ်ဖက်တစ်ချက်မှ   ခြောက်လက်မ (၁၅   စင်တီမီတာ) ထက်ပို၍လည်းကောင်း၊  မော်တော် ဆိုင်ကယ်၏ နောက်ဘီးတာယာအစွန်းမှ တစ်ပေ (၃၁ စင်တီမီတာ)ထက်ပို၍ လည်းကောင်း အစွန်းထွက်ခြင်း မရှိစေရ။ ထိုပစ္စည်း၏ အမြင့်သည် မော်တော်ဆိုင်ကယ် မောင်းနှင်သူ၏ ပခုံးထက် မမြင့်စေရ။ တင်ဆောင်သော ပစ္စည်းအလေးချိန်သည် မော်တော်ဆိုင်ကယ် မောင်းနှင်သူက မော်တော်ဆိုင်ကယ်ကို မထိန်းသိမ်းနိုင်လောက်အောင် မလေးစေရ။  အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများကို မတင်ရ။ 
( စ)    မော်တော်ဆိုင်ကယ်မောင်းနှင်သူ၏ရှေ့တွင်    မြင်ကွင်းကွယ်နိုင်သည့်   မည်သည့်ပစ္စည်းကိုမျှ မတင်ရ။
(ဆ)    လမ်းပေါ်တွင်ဖြောင့်တန်းစွာမောင်းနှင်ရမည်။ အခြားမော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များနှင့် ပြိုင်မမောင်းရ။ အုပ်စုဖွဲ့မမောင်းရ။ အခြားယာဉ်မောင်းနှင်သူများ အနှောင့်အယှက်ဖြစ်စေလောက် အောင် မမောင်းရ။ 
( ဇ)    မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူသည် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အသက်အန္တရာယ် ကာကွယ်နိုင်စွမ်းမြင့်မားသော မော်တော်ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ်ဆင်၍ဆောင်းထားရမည်။ 
( ဈ)    မော်တော်ဆိုင်ကယ်မောင်းနှင်သူ၊ လိုက်ပါစီးနင်းသူ၏ အဝတ်အစားများသည် ပျံ့လွင့်နေခြင်း၊  အန္တရာယ်ဖြစ်စေနိုင်ခြင်း မရှိစေရ။ 
(ည)    မော်တော်ဆိုင်ကယ်၏  စက်သံကို  ဆူညံအောင်မြှင့်၍ မမောင်းရ။ အသံထိန်းကိရိယာဖြုတ်၍ မမောင်းရ။ ဆူညံသံဖြစ်ပေါ်စေသည့် ကိရိယာမတပ်ဆင်ရ။
( ဋ)    မော်တော်ဆိုင်ကယ်ကို အန္တရာယ်ဖြစ်စေလောက်အောင် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုရ။
( ဌ)    ရှေ့မှမော်တော်ယာဉ်နှင့် အန္တရာယ်ကင်းနိုင်သည့် အကွာအဝေးမှ မောင်းနှင်ရမည်။
( ဍ)    မော်တော်ဆိုင်ကယ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရ။ နားကြပ်(Ear Phone)အသုံးမပြုရ။ 
( ဎ)    မော်တော်ဆိုင်ကယ်မောင်းနှင်နေစဉ် ထီးမဆောင်းရ။ အမိုးတပ်ဆင်ခြင်းမပြုရ။
(ဏ)    မော်တော်ဆိုင်ကယ်ကို လမ်းလယ်မှ မမောင်းနှင်ရ။   လက်ယာဘက်ကပ်၍ မောင်းနှင်ရမည်။ သီးသန့်သတ်မှတ်ထားသော    မော်တော်ဆိုင်ကယ်မောင်းနှင်ရန်    လမ်းရှိပါက အဆိုပါလမ်းမှ မောင်းနှင်ရမည်။
(တ)    ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင်လည်းကောင်း၊ ရှေ့မီးကြီးကို ညအခါ၌လည်းကောင်း ဖွင့်၍မောင်းနှင်ရမည်။ မော်တော်ဆိုင်ကယ်ရှေ့မီးများတွင် နည်းပညာအသုံးပြုထားမှုကြောင့်  မီးပြင်းအားသည် အခြားမော်တော်ယာဉ် မောင်းနှင်သူ၏ မြင်ကွင်းကို အနှောင့်အယှက် မဖြစ်စေရ။
(ထ)    မော်တော်ဆိုင်ကယ်ပေါ်တွင် တိရစ္ဆာန်တင်ဆောင်မောင်းနှင်ခြင်း မပြုရ။
( ဒ)    သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာရမည်။
( ဓ)    မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲ၍သော်လည်းကောင်း၊
    အရက်သေစာ  သောက်စားမူးယစ်၍သော်လည်းကောင်း မော်တော်ဆိုင်ကယ်ကို  မောင်းနှင်ခြင်း မပြုရ။ 
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန