
မော်လမြိုင် ဇွန် ၃၀
မော်လမြိုင်မြို့ သာယာလှပရေး နှင့် ဒေသခံပြည်သူများ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်၍ မော်လမြိုင်မြို့ တိုးချဲ့ကမ်းနား လမ်းရှိ သဲသောင်ပြင်နေရာတွင် အလျားပေ ၅၀၀၊ အနံပေ ၁၁၀ ရှိသည့် ရာမညကစားကွင်းကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
“အခု တည်ဆောက်မယ့် ရာမညကစားကွင်းမှာ စကိတ် ကွင်း၊ ဖျော်ဖြေရေးဧရိယာအတွင်း စတိတ်စင်၊ မြစ်ကမ်းသာလျှောက် လမ်းတစ်လျှောက် လမ်းမီးတွေနဲ့ ကစားကွင်းအတွင်း အလှမီးတိုင် တွေ၊ သပ်ရပ်လှပတဲ့ မြေယာရှုခင်း ပေါ်မှာ သစ်ပင်၊ ပန်းပင်၊ ကလေး ကစားကွင်းနဲ့ နားနေထိုင်ခုံတွေ ပါရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေဝင်ဆည်းဆာအလှ ကြည့်ရှုဖို့ နေရာ၊ မသန်စွမ်းသူတွေ အဆင် ပြေစွာ သွားလာအသုံးပြုနိုင်ဖို့ သီးသန့် သန့်စင်ခန်းအပြင် သာမန်ပြည်သူတွေ အသုံးပြုဖို့ အများသုံး ခေတ်မီသန့်စင်ခန်းနဲ့ယာဉ်ရပ်နားဖို့နေရာလည်း ပါရှိမှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ အနေနဲ့ ရာမညကစားကွင်းကို အမှီပြုပြီး အလုပ်အကိုင်အခွင့် အလမ်းနဲ့ ဝင်ငွေတွေလည်း တိုးပွားစေမှာပါ” ဟု မော်လမြိုင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ထွဋ် က ပြောသည်။
အဆိုပါကစားကွင်း တည် ဆောက်ပြီးစီးပါက မည်သူမဆို အခမဲ့လာရောက်လည်ပတ်ခွင့်ရရှိမည်ဖြစ်ပြီး ကစားကွင်းအတွင်း ကော်ဖီဆိုင်၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်၊ အား ကစားပစ္စည်းဆိုင်နှင့် စတိုးဆိုင် များလည်း ပါဝင်မည်ဖြစ်သည်။
မော်လမြိုင် ကမ်းနားလမ်း သည် ၃ မိုင် ၇ ဒသမ ၆၃ ဖာလုံ အရှည်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ ကမ်းနားလမ်းများအနက် အရှည် ဆုံးကမ်းနားလမ်းတစ်ခု ဖြစ် ကြောင်း သိရသည်။
မင်းမင်း