မော်လမြိုင်ကျွန်းမြို့နယ်၌ ရေလုပ်သားများငါးဖမ်းနေစဉ် မိကျောင်းငယ်တစ်ကောင်ဖမ်းမိ စစ်ဆေးတိုင်းတာမှုများ စနစ်တကျပြုလုပ်ပြီး မြစ်အတွင်းပြန်လွှတ်ပေး

 

မော်လမြိုင်ကျွန်း  ဇူလိုင်   ၁၀  


ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇူလိုင်  ၈  ရက်   ညနေလေးနာရီခန့်က  ရေလုပ်သားများ ငါးဖမ်းနေစဉ် မိကျောင်းတစ်ကောင်ဖမ်းမိကြောင်း သိရသည်။ 

 


မော်လမြိုင်ကျွန်းမြို့  အမှတ်     (၁၀)    ရပ်ကွက်    ယမုံနာလမ်းမှ ရေလုပ်သားလေးဦးသည်  ငါးဖမ်းရန်အတွက် စက်လှေဖြင့်   ရာဇူဒိုင် မြစ်အတွင်းသို့ထွက်လာခဲ့ပြီး   ရာဇူဒိုင်မြစ်ကမ်းဘေးရှိ   ချောင်းငယ် လေးအနီးတွင် ငါးဖမ်းရန်အတွက်  စက်လှေပေါ်မှ  ငါးဖမ်းပိုက်ချပြီး မြစ်ရေအတွင်းမှ  ငါးဖမ်းပိုက်ကို   လူလေးယောက်က   ကမ်းစပ်သို့ ဆွဲတင်ရာ ပိုက်ထဲတွင် ငါးများနှင့်အတူ မိကျောင်းငယ်တစ်ကောင်ပါလာကြောင်းတွေ့ရသဖြင့်  ပြန်လွှတ်ပေးနိုင်ရန်ပြုလုပ်ကြရာ   မိကျောင်းငယ်၏    ခြေသည်း၊   လက်သည်းများက  ပိုက်ကြိုးများ ဖြင့်ငြိနေသောကြောင့် မိကျောင်းငယ်ကိုကိုင်၍  ဖြုတ်ပေးရန်ပြုစဉ်   မိကျောင်းငယ်က ပြန်ကိုက်သဖြင့်   မဖြုတ်ဝံ့တော့ဘဲ ပိုက်များနှင့်အတူ    စက်လှေပေါ်သို့ဆွဲတင်ကာ      အိမ်သို့ပြန်လာခဲ့သည်။   ယင်းနောက် သက်ဆိုင်ရာသို့   အကြောင်းကြားရာ    မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့မှ    တာဝန်ရှိသူများ၊  မြို့နယ်သစ်တောဌာနမှ   တာဝန်ရှိသူများရောက် ရှိလာပြီး တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်ကြသည်။

 


မိကျောင်းငယ်သည်      အလျားလေးပေရှိပြီး     တာဝန်ရှိသူများက မော်လမြိုင်ကျွန်းမြို့၏အနောက်ဘက်      ရေချိုရေငန်အစပ်ဖြစ်သော သစ်တောကြိုးဝိုင်းအနီးရှိ  မြစ်အတွင်းသို့  မိကျောင်းကို ပြန်လွှတ်ပေးခဲ့ ကြောင်းနှင့် ထိုသို့လွှတ်ပေးခဲ့ခြင်းကို  ပြည်သူများသိရှိနိုင်ရန် ဗီနိုင်းဆိုင်း ဘုတ်ကို  စိုက်ထူပေးခဲ့ကြောင်း သိရသည်။                                  
                

ထွန်းထွန်းနိုင်(မော်ကျွန်း)