ကိုလံဘို မေ ၄
သီရိလင်္ကာသမ္မတ အနူရာကူမာရာဒစ်ဆာနာရာကေး၏ ဖိတ်ကြားချက်အရ မေ ၄ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ နိုင်ငံတော်ခရီးစဉ်အဖြစ် မော်လ်ဒိုက်နိုင်ငံ သမ္မတ မိုဟာမက် မူအစ်ဇူး ရောက်ရှိလာခဲ့သည်။ ထိုသို့ ရောက်ရှိနေစဉ် အတွင်း သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံတို့သည် နားလည်မှုစာချွန်လွှာ ခုနစ်ခုခန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတရုံး သတင်းပြန်ကြားရေးဌာနက မေ ၄ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ သဘောတူညီချက်များတွင် ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် အဆင့်မြင့်ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေး၊ မော်ကွန်းတိုက်နှင့် ကာကွယ်ရေးစသည့် ကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။
မူအစ်ဇူးသည် ၂၀၂၃ ခုနှစ်တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ပြီးနောက် သီရိလင်္ကာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့်ခရီးစဉ်လည်း ဖြစ်သည်။
နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံစဉ် သီရိလင်္ကာသမ္မတ အနူရာကူမာရာဒစ်ဆာနာရာကေးက မကြာသေးမီက ဖြစ်ပွားခဲ့ သည့် ဘေးအန္တရာယ်ကာလအတွင်း သီရိလင်္ကာသို့ ပေးအပ်ခဲ့သော လူသားချင်းစာနာမှု အကူအညီများနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ထို့အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် နှစ်နိုင်ငံစလုံးအတွက် ဘုံစိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ