
စစ်တွေ ဇန်နဝါရီ ၂၃
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပရာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေ အနှစ် ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ တက်ရောက်ကြသည်။
ရှေးဦးစွာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မြောက်ဦးယဉ်ကျေးမှု အမွေ အနှစ်ဒေသသည် ရခိုင်တစ်မျိုးသားလုံး၏ အသည်း နှလုံးဟုပြောလျှင် မမှားနိုင်ကြောင်း၊ ထိုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူးဆန္ဒရှိသကဲ့သို့ လိုအပ် သည့် ပူးပေါင်း ကူညီဆောင်ရွက်မှုများကို ယခင်နှစ် များနှင့် ယခုကာလပိုင်းများတွင်လည်း ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ၂၀၂၁ မှ ၂၀၂၂ မီနီ ဘဏ္ဍာရေးနှစ်အတွင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ကောက်ယူခြင်းလုပ်ငန်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ တားမြစ်ချက် ဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်း၊ ပြတိုက်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေခွဲဝေချထားပေးထားပြီး ဖြစ်ကြောင်း၊ မြောက်ဦးခေတ် ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ ထူးခြား ထင်ရှားခံ့ညားထည်ဝါလှသည့် တန်ဖိုးမဖြတ်နိုင် သော အရာများသည် ရခိုင်ပြည်နယ်၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆွဲဆောင်လျက်ရှိသော အချက်လည်းဖြစ် ကြောင်း၊ ထို့ကြောင့် ထူးခြားထင်ရှားသော မြောက်ဦး အမွေအနှစ်ဒေသ၏ ယဉ်ကျေးမှု ပြယုဂ်များကို ကာကွယ်စောင့်ရှောက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို လက်တွေ့ကျပြီး ထိရောက်အောင် စီမံခန့်ခွဲမှုစနစ်ဖြစ်ရန်အတွက် မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ထိန်းသိမ်းရေးကော်မတီနှင့် ခရိုင်အဆင့် ပူးပေါင်း ဆောင်ရွက်မှုကော်မတီများနှင့် အတူတကွ ထိထိ ရောက်ရောက် ပူးပေါင်းဆောင်ရွက်သွားရန် လို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဒေသ များဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးတို့က မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းပြီးစီးမှုဆိုင်ရာ အချက်အလက်များ၊ ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များ က မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။ ဆက်လက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်ဝန်ကြီးချုပ်အား ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြခဲ့သည့် အဆိုပြုစာတွဲကို ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)