
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်ဖြစ်စေရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
မေး ။ ။ အခုလို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသကို UNESCO စာရင်းတင်သွင်းနိုင်
ဖို့အတွက် တာဝန်ရှိတဲ့သူတွေက ကြိုးစားနေကြတဲ့ အပေါ် ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို UNESCO စာရင်း တင်သွင်းနိုင်ဖို့
တာဝန်ရှိတဲ့သူတွေက ကြိုးစားနေကြတဲ့အပေါ် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ ဝမ်းလည်းဝမ်းသာ ပါတယ်။ ထပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။
မေး ။ ။ တာဝန်ရှိတဲ့သူတွေက တာဝန်ရှိတဲ့ အလျောက် ဦးဆောင်လုပ်ကိုင်နေကြ
တဲ့အပေါ် ဆရာမတို့အနေနဲ့ ဘယ်လိုမျိုး ပူးပေါင်း ပါဝင်တာမျိုးတွေ ရှိပါသလဲရှင့်။
ဖြေ ။ ။ ကျွန်မက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို UNESCO စာရင်း
တင်သွင်းနိုင်ဖို့ လုပ်ဆောင်ရာမှာ သမိုင်းရှာဖွေရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးတော့ ကျွန်မတို့အဖွဲ့က လည်း ကျရာနေရာ တာဝန်ထမ်းဆောင်ကြပါတယ်။ ဥပမာ ဇုန်မြေပုံရေးဆွဲရေး၊ နယ်နိမိတ်သတ်မှတ် ရေးနဲ့ မြေပြင်ပေါ်ရှိနေတဲ့ သမိုင်းအထောက်အထား တွေကိုဝိုင်းကူပြီး ဆောင်ရွက်ပေးနေပါတယ်။
မေး ။ ။ အခုဆိုရင် မြောက်ဦးကို UNESCO စာရင်းတင်သွင်းနိုင်ဖို့ တာဝန်ရှိသူတွေ
က လုပ်သင့်သလောက်လည်း လုပ်ပြီးပြီဆိုတော့ဒေသခံပြည်သူတွေဘက်က ထိန်းသိမ်းစောင့်ရှောက် ရမယ့်အပိုင်းတွေကို ဆရာမက ဒေသခံတစ်ယောက် အနေနဲ့ ဘယ်လိုပြောကြားချင်ပါသလဲရှင့်။
ဖြေ ။ ။ ကျွန်မအနေနဲ့ ပြည်သူတွေကို ပြောချင် တာကတော့ အခု ကျွန်မတို့နေတဲ့
မြောက်ဦးမြို့ဟာ ရခိုင့်သမိုင်းဝင် အရေးကြီးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ တစ်ယောက်ကစပြီး မထိန်းသိမ်းရင် ပျက်စီးသွားနိုင်ပါတယ်။ လက်ရှိမှာ အမှိုက်စွန့်ပစ်မှုများကြောင့်လည်း ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်နိုင်တဲ့အတွက် အမှိုက်တွေကို ဘယ်လိုမျိုးစွန့်ပစ်ရမယ်ဆိုတာ ပြည်သူတွေကို Workshop တွေလုပ်ပြီး အသိပညာပေးဆွေးနွေး တာမျိုးတွေလည်း လုပ်နေပါတယ်။ ပြီးမှ ပြည်သူ တွေရဲ့အသံကိုနားထောင်ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးတာမျိုးတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ ဓာတ်ပုံပြပွဲကျင်းပခြင်းဟာ UNESCO စာရင်းဝင်နိုင်ရေးအပေါ် ဘယ်လောက်
အထိ သက်ရောက်မှုရှိပြီး ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့ ဆရာမ ထင်မြင်မိပါသလဲရှင့်။
ဖြေ ။ ။ ကျွန်မအနေနဲ့ကတော့ မြောက်ဦးကို ကမ္ဘာကသိဖို့အတွက် ကြိုးစားဆောင်
ရွက်တဲ့နေရာမှာ ဓာတ်ပုံပြပွဲကလည်း ကဏ္ဍတစ်ခု အနေနဲ့ အရေးပါတယ်လို့ ထင်ပါတယ်။ ရခိုင့် ယဉ်ကျေးမှုကို ကမ္ဘာက သိရမယ်။ ရခိုင်တွေလည်း သိရမယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ အမွေအနှစ် ရိုးရာတွေကို ကိုယ်မသိလို့ မရဘူးလေ။ ဒါကြောင့် ရခိုင့်ယဉ်ကျေးမှုကို ရခိုင်တွေ သိအောင်၊ အခြား တိုင်းရင်းသားတွေလည်းသိအောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေတာကြောင့် ဓာတ်ပုံပြပွဲဟာ အကျိုး ကျေးဇူးအများကြီးရှိမယ်လို့ ထင်မြင်မိပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ အခုလို မြောက်ဦး ဒေသကို UNESCO စာရင်းဝင်အောင်
အဘက်ဘက်က ကြိုးစားနေကြတဲ့အပေါ်မှာ ဆရာမ ရဲ့ ဒေသခံတစ်ယောက်အနေနဲ့ ဖြစ်မိတဲ့ ပီတိစကား လေးတွေကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ ။ ။ ကျွန်မအနေနဲ့ ရခိုင့်ယဉ်ကျေးမှုအမွေ အနှစ်တွေကို ပြည်သူတွေ ထိန်းသိမ်း
စောင့်ရှောက်သင့်မှန်း သိမြင်လာကြတဲ့အပေါ် အလွန်တရာမှ ဝမ်းသာမိပါတယ်။ ရခိုင့်သမိုင်း၊ ရခိုင့် ယဉ်ကျေးမှုကို ကမ္ဘာက သိလာအောင် ကြိုးစားဆောင်ရွက်ပေးနေကြတဲ့အတွက် ဒေသခံ တစ်ယောက်အနေနဲ့ ဖော်မပြတတ်အောင် ကျေနပ် ပီတိဖြစ်မိပါတယ်။ ကိုယ်တိုင်ကလည်း တတ်စွမ်း သမျှ ပေးဆပ်ဆောင်ရွက်သွားပါမယ်။ ဒေသခံ ပြည်သူတွေကလည်း ကိုယ့်ဒေသရဲ့ အမွေအနှစ် တွေကို ရင်ထဲက စစ်မှန်တဲ့ တန်ဖိုးထားခြင်းတွေ အပြည့်နဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွား ကြဖို့နဲ့ အဓိကအားဖြင့် လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ ဘိုးဘွားဘီဘင်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက် လာခဲ့တဲ့ တန်ဖိုးရှိလှတဲ့ ရှေးဟောင်းအမွေအနှစ် တွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်း ကာကွယ်သွားကြပါလို့ မေတ္တာရပ်ခံချင်ပါ တယ် ။ ။
မေးမြန်းသူ- ခိုင်စန္ဒာထွန်း (ပြန်/ဆက်)
ဓာတ်ပုံ- မြင့်စိုး (ပြန်/ဆက်)