
နေပြည်တော် မတ် ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည် မတ် ၂၁ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် တာဝန်ရှိသူများကို သွားရောက် တွေ့ဆုံပြီး မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
မွန်းလွဲပိုင်းတွင် စစ်တွေယဉ်ကျေးမှုပြတိုက်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြတိုက်နှင့်စာကြည့်တိုက် လုပ်ငန်းသည် ပြည်သူများကို သမိုင်းနှင့်ယဉ်ကျေးမှု အနုပညာဆိုင်ရာ ပညာပေးခြင်းနှင့် အသိပညာ ဆိုင်ရာ စာပေဝန်ဆောင်မှုပေးခြင်းဖြစ်ရာ မိမိတို့ လုပ်ငန်းတာဝန်များကို ပိုင်နိုင်ကျွမ်းကျင်စွာ သိနားလည်စေရန် လေ့လာ၊ လေ့ကျင့်ထားကြရန် လိုကြောင်း၊ ကျောင်းသား လူငယ်များကိုလည်း သမိုင်းနှင့်ယဉ်ကျေးမှု နားလည်သိမြင်လာစေရန် ပြတိုက်များသို့ ဖိတ်ခေါ်၍ ရှင်းလင်းပြသ အသိ ပညာပေးမှုကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ ပြတိုက်ခင်းကျင်းပြသ ရေးကို ခေတ်နှင့်ညီအောင် နှစ်စဉ်ပြင်ဆင်တိုးချဲ့ သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို အောင်မြင်အောင် စုပေါင်း ညီညွတ်စွာဖြင့် ပူးပေါင်းအကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များကို ဖြည့်ဆည်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေယဉ်ကျေး မှုပြတိုက်အတွင်း လှည့်လည်ကြည့်ရှု၍ အမြင် မတင့်တယ်တော့သည့် ခင်းကျင်းပြသမှုများ ပြန်လည်ပြုပြင်ခင်းကျင်းရန်၊ သမိုင်းကြောင်း မှန်ကန်စွာ အသိပညာပေးရန်၊ ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများကို ပေါ်လွင်အောင်နှင့် စုံလင် အောင်ပြသရန်၊ ရိုးရာပွဲလမ်းများကိုပါ လူငယ်များ သိရှိနားလည် ထိန်းသိမ်းလိုအောင် ပြည့်ပြည့်စုံစုံရေးသားဖော်ပြသွားရန်၊ ရခိုင်ယဉ်ကျေးမှုခေတ်အလိုက် ကဟန်များကို သုတေသနပြုလေ့လာဖော်ထုတ်ကြ ရန်၊ ပြတိုက်ပညာရပ်ကို လေ့လာရင်း ဝန်ထမ်းငယ် များကိုလည်း အဆင့်ဆင့်လေ့ကျင့် ပညာပေး ပျိုးထောင်ရန်၊ မြောက်ဦးဒေသ၏ ထူးခြားထင်ရှား သော အမွေအနှစ်များကို ခင်းကျင်းပြသရန်၊ အေဒီ (၁၆)ရာစုက တည်ခဲ့သော မြောက်ဦးမြို့၏ ကာကွယ် ရေးစနစ်နှင့် ရေအသုံးချမှုကို အခြေခံသော မြို့တည် စနစ်ကို ပေါ်လွင်အောင် ခင်းကျင်းပြသသွားရန် မှာကြားသည်။
ထို့နောက် ဗုဒ္ဓပြတိုက်သို့ သွားရောက်၍ ခေတ်နှင့်လျော်ညီအောင် ပြန်လည်ခင်းကျင်းမှု ကို နှစ်အလိုက် ခွဲခြားလျာထားဆောင်ရွက်ရန်၊ အဆောက်အအုံပိုင်းကြံ့ခိုင်စေရန်သာမက ဥပဓိရုပ် ကောင်းအောင်ပါ ပြုပြင်မွမ်းမံသွားရန်၊ စိတ်ဝင်စား ဖွယ်လေ့လာချင်စရာ ပြတိုက်ဖြစ်အောင် စွမ်းဆောင် သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်