
ရန်ကုန် မေ ၂၆
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေပြီး နိုင်ငံကြီးတစ်နိုင်ငံနှင့် ကုန်စည် စီးဆင်းမှုဈေးကွက်တစ်ခု ဖော်ဆောင်နိုင်ရန် မော်စကိုနှင့် ရန်ကုန်မြို့သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သော လေကြောင်း လိုင်း ယခုနှစ်ကုန်ပိုင်းတွင် ပြေးဆွဲနိုင်ရန် Myanmar Airways International( MAI)က ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် ဖက်ဒရယ်လေကြောင်းလိုင်း သယ်ယူပို့ဆောင်ရေး အေဂျင်စီ အကြီးအကဲ Alexander Neradko တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲမှုနှင့်စပ်လျဉ်း ၍ ရုရှားလေကြောင်းအာဏာပိုင်က ပြင်ဆင်ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံအကြား လေကြောင်းပြေးဆွဲမှု ဈေးကွက်အတွင်းသို့ ရုရှားလေကြောင်းလိုင်းများ ပြေးဆွဲနိုင်ရန် ဖိတ်ခေါ်မှု အစီအစဉ်များကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှ MAIလေကြောင်းလိုင်းအနေဖြင့် ယခု ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလေကြောင်းလိုင်းများ ပြေးဆွဲနိုင် ရန် မျှော်မှန်းလုပ်ဆောင်လျက် ရှိသည်။
“နိုင်ငံတော်ရဲ့ လမ်းညွှန်မှုကို ခံယူပြီး ဝန်ကြီးဌာနတွေကိုလည်း အကူအညီတောင်းခံထားတာ ရှိပါ တယ်။ ရုရှားနိုင်ငံနဲ့ လေကြောင်း ပြေးဆွဲနိုင်ဖို့ မြန်မာသံအမတ်ကြီး နဲ့ ရုရှားဖယ်ဒရေးရှင်းအဖွဲ့နဲ့ စကားပြောဆိုနေတာ ရှိတယ်။ ပြေးဆွဲမယ့် အချိန်အတိအကျ တော့ မသိသေးပါဘူး။ အတတ်နိုင် ဆုံး၊ အမြန်ဆုံးဖြစ်အောင် ကြိုးစား နေကြပါတယ်။ ကနဦးအနေနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်း ပြေးဆွဲမယ် ဆိုရင် နိုင်ငံတော်ရဲ့ ထွက်ကုန် ပစ္စည်းမျိုးစုံအတွက် ဈေးကွက် တစ်ခုရရှိသွားမှာပါ။ နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍကို တစ်ဖက် တစ်လမ်းက အထောက်အကူပြု နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ နှစ်နိုင်ငံ ကုန်တင်လေကြောင်း လိုင်းပြေးဆွဲမှု အောင်မြင်ပြီး တစ်ဖက်နိုင်ငံက ခရီးသည်ပြေးဆွဲ ဖို့ တောင်းဆိုမှုရှိရင် MAI အနေနဲ့ ပြေးဆွဲဖို့ကြိုးစားသွားမှာပါ။ ဒီနှစ် မကုန်မီ ပြေးဆွဲနိုင်မယ်လို့ မျှော် လင့်ပါတယ်”ဟု Myanmar Air-ways International မှ ကပ္ပတိန် ကျော်စိုးလှက ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြန်လည်ဖွင့်လှစ်ချိန်မှ စ၍ ပြည်တွင်းလေကြောင်းလိုင်း များ နေ့စဉ်ပြေးဆွဲလျက်ရှိပြီး ပြည်ပလေကြောင်းလိုင်းများလည်း ဝင်ရောက်လျက်ရှိသည်။ ယခင်က ပြည်ပလေကြောင်းလိုင်း ၁၇ လိုင်း နှင့် အထက်မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြောင့် ပြည်ပခရီးစဉ် လေကြောင်း လိုင်း ဝင်ရောက်မှု လျော့နည်းခဲ့ သော်လည်း ကမ္ဘာ့နိုင်ငံများ၌ ခရီး သွားဝင်ရောက်မှု ပြန်လည်မြင့် တက်လာမှုကြောင့် မြန်မာနိုင်ငံသို့ ပြည်ပလေကြောင်းလိုင်းများ ဇွန်လ ပိုင်းတွင် ပိုမိုဝင်ရောက်လာမည် ဖြစ်ကြောင်း MAI လေကြာင်းလိုင်းမှ သိရသည်။
ညိမ်းသူ (သတင်းစဉ်)