မြစ်ကြီးနားနှင့် ပူတာအိုခရိုင်ရှိ ကြွက်ဘေးသင့်ပြည်သူများအား ဆန်နှင့် အခြေခံစားကုန်များ ထောက်ပံ့

 

မြစ်ကြီးနား   အောက်တိုဘာ    ၂၂


ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်နှင့် ပူတာအိုခရိုင်တို့တွင် ယခုနှစ် သြဂုတ်လအတွင်း ကြွက်ဘေးအန္တရာယ် ကျရောက်မှုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ဆန်ရိက္ခာနှင့် အခြေခံ စားသောက်ကုန်များကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနောင်ခန်းမ၌ အောက်တိုဘာ ၂၀ ရက်က ထောက်ပံ့ပေးသည်။

 

 
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ် ကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာအခက်အခဲများစွာ ကြုံတွေ့ခဲ့ရသဖြင့် ပြီးခဲ့သည့် သြဂုတ်လနှင့် အောက်တိုဘာလတွင် မြစ်ကြီးနားခရိုင်နှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ တောင်သူ ၂၅၅ ဦး အတွက် ဆန်အိတ် ၂၅၅ အိတ်ကို ထောက်ပံ့ခဲ့ကြောင်း၊ ယနေ့တွင်       ဘေးအန္တရာယ်ဆိုင်ရာ       စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ချိန်ရိန်တောင်ကုမ္ပဏီတို့က ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များကို    ထောက်ပံ့ပေးမည် ဖြစ်ကြောင်း   ပြောကြားပြီး  ချိန်ရိန်တောင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဟန်စိုးက ကြွက်ဘေးသင့် ပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့လှူဒါန်းရ ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


ထို့နောက်      ပြည်နယ်ဝန်ကြီးချုပ်၊     ပြည်နယ် လှုမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာ နှင့် ချိန်ရိန်တောင်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာတို့က ကြွက်ဘေးသင့်ခဲ့သည့်    မြစ်ကြီးနားခရိုင်အတွင်း တီယန်ဇွတ်နှင့်   အင်ဂျစ်ယန်ကျေးရွာ၊  အင်ဂျန်းယန် မြို့နယ်အတွင်းရှိ           ဘွမ်နင်ယန်ကျေးရွာတို့မှ အိမ်ထောင်စု ၁၂၅  စု၊ ပူတာအိုခရိုင်    ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ   ဘွပ်ခါး၊  ကဝါးပန်၊ ခကရန်းယန်၊ မိုင်ထောင်း၊ ဇနန်ခ၊ အင်ဂေါမကျေးရွာတို့မှ အိမ်ထောင်စု ၁၄၉ စု စုစုပေါင်းအိမ်ထောင်စု ၂၇၄ စုတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်လစာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်     ၁၄၀၅၈၀၀၀    နှင့် ချိန်ရိန်တောင်ကုမ္ပဏီမှ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ကြွက်ဘေးသင့်ပြည်သူများအတွက် ကျပ် ၂၂၅ သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသောက်ကုန်များကို  ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ပြည်နယ်(ပြန်/ဆက်)