
မြစ်ကြီးနား ဇန်နဝါရီ ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ သတ်မှတ်နေရာအလိုက် ကျင်းပ လျက်ရှိရာ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီး နားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပ လျက်ရှိသည့် ကီလိုတန်းအလိုက် လက်ဝှေ့ပြိုင်ပွဲ၊ အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲများနှင့် အမျိုး သား/ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင် နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်း သာယာဖူဆယ်အားကစားရုံ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၁၃)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲများ ကျင်းပ နေမှု၊ အောင်နန်းရပ်ကွက်အတွင်းရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း မြန်မာ့သိုင်းဆပ်ကော်မတီက ပြုလုပ်သည့် မြန်မာ့ သိုင်းသရုပ်ပြ လေ့ကျင့်ပြိုင်ပွဲ ကျင်းပနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက မြန်မာ့ သိုင်းသရုပ်ပြ အဖွဲ့များနှင့် ရှမ်းရိုးရာ အတီးအမှုတ် အဖွဲ့များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူ များသည် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် အတွင်းရှိ တရုတ်ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ်ယဉ်ကျေးမှု သင်တန်းကျောင်း၌ ကျင်းပသည့် ခရိုင်၊ မြို့နယ်များ အလိုက် အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှု အားပေး ပြီး ပြည်နယ်ဝန်ကြီးက ပြိုင်ပွဲဝင်ဘတ်စကက်ဘော အသင်း ၁၀ သင်းတို့အတွက် စုစုပေါင်းငွေကျပ် ၈၅၀၀၀၀ တန်ဖိုးရှိ ဘတ်စကက်ဘောဘောလုံး နှစ်လုံးစီနှင့် ဂိုးပိုက်တစ်စုံစီ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်အမှတ် အားကစားပြိုင်ပွဲများကို မြစ်ကြီးနား မြို့၌ အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် အားကစားကွင်း၊ အားကစားရုံများတွင် သတ်မှတ် နေရာများအလိုက် အားကစားနည်း ၁၅ နည်း၊ ပျော်ပွဲ ရွှင်ပွဲအားကစားနည်း ကိုးမျိုးဖြင့် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၄ ရက် နေ့ လွတ်လပ်ရေးနေ့တွင် အားကစားနည်းအလိုက် ဆုများကို ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးမှ သိရသည်။
ပြည်နယ် (ပြန်/ဆက်)