မစ္စတာ  လင်ဇီ ကင်မ်ဝိုး ကစ်ပ်တီနက်စ် အား  မြန်မာနိုင်ငံဆိုင်ရာ ကင်ညာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

 

 

နေပြည်တော်    ဧပြီ  ၂၆
မစ္စတာ  လင်ဇီ ကင်မ်ဝိုး ကစ်ပ်တီနက်စ် အား ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကင်ညာသမ္မတနိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးအဖြစ် ခန့်အပ် ရန် ကင်ညာသမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
မစ္စတာ   လင်ဇီ  ကင်မ်ဝိုး ကစ်ပ်တီနက်စ် ကို ၁၉၆၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၂ ခုနှစ်တွင် မွားတက္ကသိုလ်မှ ပညာရေး ဘွဲ့ကို လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် နိုင်ရိုဘီတက္ကသိုလ်မှ သံတမန် ရေးရာနှင့် နိုင်ငံတကာဆက်ဆံရေးဘွဲ့လွန်ဒီပလိုမာကို လည်းကောင်း၊   ၂၀၁၅   ခုနှစ်တွင်  တူရကီနိုင်ငံ  ဟက်ဆက်တက်ပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေးနှင့်   ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ  မဟာဘွဲ့ကိုလည်း ကောင်း ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ နိုင်ရိုဘီတက္ကသိုလ်တွင် နိုင်ငံတကာလေ့လာရေးဆိုင်ရာ မဟာဘွဲ့အတွက် ကျမ်းပြုစုရေးသား လျက်ရှိသည်။ ၎င်းသည် ၁၉၉၃ ခုနှစ် မှ ၁၉၉၅ ခုနှစ်အထိ ဆာဂေါ့ အလယ်တန်းကျောင်းတွင် ကျောင်းဆရာ/ ဒုတိယကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက်  ၁၉၉၅ ခုနှစ်မှ  ၂၀၀၃ ခုနှစ်အထိ ခရိုင်တာဝန်ခံအရာရှိအဖြစ် ထမ်းဆောင်ခဲ့ပြီး လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူမှုအသိုက်အဝန်းများကို လှုံ့ဆော်ရေး၊ ပဋိပက္ခဖြေရှင်း ရေးနှင့် အရင်းအမြစ်စီမံခန့်ခွဲရေး စသည့်ကိစ္စရပ်များတွင် သမ္မတ၏ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သည်။
မစ္စတာ လင်ဇီ ကင်မ်ဝိုး ကစ်ပ်တီနက်စ် သည် ၂၀၀၃ ခုနှစ်တွင် ကင်ညာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်‌ရောက်ခဲ့ပြီး ကင်ညာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်   ဘော့စ်ဝါနာနိုင်ငံရှိ  ကင်ညာမဟာ မင်းကြီးရုံး၊ ဆူဒန်နိုင်ငံရှိ ကင်ညာသံရုံးနှင့် တူရကီနိုင်ငံရှိ ကင်ညာ သံရုံးတို့တွင်လည်းကောင်း၊ အစိုးရများအကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဖွဲ့အစည်းတွင်လည်းကောင်း သံတမန်ရာထူးအသီးသီးဖြင့် ၂၀၁၅   ခုနှစ်အထိ  တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၆  ခုနှစ်မှ    ၂၀၁၇    ခုနှစ်အထိ  ကင်ညာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းဝန်ရုံး၌ ဒုတိယအကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အာရှ၊ ဩစတြေးလျနှင့် ပစိဖိတ်ကျွန်းနိုင်ငံ များဆိုင်ရာ  ညွှန်ကြားမှုဦးစီးဌာန၌  ဒုတိယညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးရာထူးများဖြင့် တာဝန်များ အသီးသီးထမ်းဆောင် ခဲ့သည်။ ၎င်းသည်    ၂၀၂၁  ခုနှစ်မှစ၍  ထိုင်းနိုင်ငံဆိုင်ရာ  ကင်ညာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ 
၎င်းသည်  အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ   သားသမီး  လေးဦးရှိ သည်။
သတင်းစဉ်