
နေပြည်တော် ဧပြီ ၂၄
မစ္စတာ အဗ္ဗဒဲလ်ဟာမစ် ဘူဘာဇင်း အား ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရ၏ အဆိုပြု ချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက သဘောတူပြီးဖြစ်သည်။
မစ္စတာ အဗ္ဗဒဲလ်ဟာမစ် ဘူဘာဇင်း ကို ၁၉၅၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မွေးဖွားခဲ့ပြီး၊ ၁၉၇၉ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုကျောင်းမှ ဘွဲ့ရရှိခဲ့သည်။ ၎င်းသည် ၁၉၇၉ ခုနှစ်တွင် အယ်ဂျီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် နိုင်ငံတကာနိုင်ငံရေးရာဦးစီးဌာန၊ မဟာဗျူဟာရေးရာနှင့် လက်နက်ဖျက်သိမ်းရေးဌာန၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အယ်လ်ဂျီးရီးယားသံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် မိုဇမ်ဘစ်နိုင်ငံ မပူတိုမြို့ရှိ အယ်လ်ဂျီးရီးယား သံရုံးတွင် သံမှူးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဌာန၊ ဌာနအကြီးအကဲအဖြစ်လည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ရှေ့အလားအလာသုံးသပ်ရေးဦးစီးဌာန၊ ကာကွယ်ရေးနှင့် လုံခြုံရေးရာဌာန၊ ဌာန အကြီးအကဲအဖြစ်လည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် ရှေ့အလားအလာသုံးသပ်ရေးဦးစီးဌာန၊ စီးပွားရေး လေ့လာရေးဌာန၌ ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးအဖြစ်လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ်၏ လက်ထောက်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ဆွာဇီလန်နိုင်ငံနှင့် မာလာဝီနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် အကြမ်းဖက်မှုများလေ့လာရေးဆိုင်ရာ အာဖရိကန်စင်တာ၌ ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အယ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၌ သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယား သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၎င်းသည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ စစ်ဆေးရေးအရာရှိအဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အတိုင်ပင်ခံသံအမတ်ကြီးအဖြစ် လည်းကောင်း အသီးသီး တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ဗီယက်နမ်နိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယား သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီး (၃) ဦး ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်။