မျှစ် သို့မဟုတ် သဘာဝ၏ အာဟာရသိုက်

Type
rSspf

 

ဒေါက်တာသန်းနိုင်စိုး၊ ဒေါက်တာအေးသော်တာမွန်

 

မျှစ်တွင် ကယ်လိုရီနှင့် အဆီဓာတ်အလွန်နည်းပါးပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အာဟာရဓာတ် များစွာ ပါဝင်ပါသည်။ မျှစ်တွင် ပါဝင် သော အမျှင်ဓာတ် (Fiber) သည် အစာ ခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ် ခြင်းကို ကာကွယ်ပေးသည့်အပြင် သွေးပေါင်ချိန်ကို ထိန်းညှိခြင်းနှင့် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် သဘာဝကပေးအပ်သော အာဟာရဆိုင်ရာ ရတနာတစ်ပါး ဖြစ်ပါသည်။

 

လတ်ဆတ်သောမျှစ် (၁၀၀ ဂရမ်)တွင် ကယ်လိုရီ(၂၀)–(၂၇) ကီလိုကယ်လိုရီခန့်သာ ပါဝင်ပြီး ကယ်လိုရီ အလွန် နည်းပါးသဖြင့် ကိုယ်အလေးချိန် လျှော့ချ လိုသူများအတွက် အထူးသင့်လျော်ပါ သည်။ မျှစ်စို (၁၀၀ ဂရမ်) တွင် ကစီဓာတ် ငါးဂရမ်ခန့်၊ အသားဓာတ် ၂ ဒသမ ၅ ဂရမ်ခန့်တွင် ခန္ဓာကိုယ်၏ လုပ်ငန်း ဆောင်တာများအတွက် အရေးပါသည့် အမိုင်နိုအက်စစ် ၁၇ မျိုးခန့်ပါဝင်ပြီး အဆီဓာတ်ပါဝင်မှုမှာ သုည ဒသမ ၃ ဂရမ်ခန့်သာ ပါဝင်၍ အဆီဓာတ်အလွန် နည်းပါးသည်ကိုတွေ့ရပြီး အမျှင်ဓာတ် ပါဝင်မှုမှာလည်း ၂ ဒသမ ၅ ဂရမ်မှ ၃ ဒသမ ၅ ဂရမ်ခန့်ရှိသဖြင့် အစာခြေစနစ် ကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။

 

မျှစ်တွင်ပါဝင်သည့် ဗီတာမင်များအနေဖြင့် ဗီတာမင်ဘီအုပ်စုသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို အထူးအားပေး ပါသည်။ ဗီတာမင်အီးသည် ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးပြီး ကိုယ်ခံအားစနစ် အတွက် အထူးကောင်းမွန်သော ဗီတာ မင်အေနှင့် ဗီတာမင်စီတို့ ပါဝင်ပါသည်။

 

မျှစ်တွင် သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပြီး မျှစ်စို (၁၀၀ ဂရမ်)တွင် ပိုတက်စီယမ် ၅၀၀ မီလီဂရမ်ကျော် ပါဝင်သည့်အတွက် သွေးပေါင်ချိန်ကို ထိန်းညှိခြင်းနှင့် နှလုံးကျန်းမာရေး အတွက် အထူးကောင်းမွန်ပါသည်။ မျှစ်တွင် ပါဝင်သော မဂ္ဂနိစ်နှင့် ကြေးနီသည် အရိုးအဆစ်ကျန်းမာရေးနှင့် သွေးနီဥဖြစ်ပေါ်မှုကို ကူညီပါသည်။ ဖော့စဖရပ်နှင့် မဂ္ဂနီစီယမ်သည် ကြွက်သားနှင့် အာရုံကြောလုပ်ငန်းများကို ထောက်ပံ့ပေးပါသည်။ ကိုယ်ခံအားနှင့် သွေးအားကောင်း စေသည့် သံဓာတ်နှင့် ဇင့်ဓာတ်များလည်းပါဝင်ပြီး ခန္ဓာကိုယ်အတွင်း မကောင်းသော သွေးတွင်းအဆီဓာတ်စုပ်ယူမှုကို လျှော့ချပေးသည့် Phytosterols ပါဝင်ပါသည်။ ထို့ပြင် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင် အာနိသင်များလည်း ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို ဘက်ပေါင်းစုံမှ တိုးမြှင့် ပေးပါသည်။

 

မျှစ်ကိုဝယ်ယူရာတွင် လတ်ဆတ်နူးညံ့ပြီး အရောင်မပြောင်းသေးသည့် မျှစ်ကိုသာ ရွေးချယ်ဝယ်ယူသင့်ပါသည်။ မျှစ်ချဉ်ပြုလုပ်ရာတွင်လည်း သန့်ရှင်းသောနည်းလမ်းဖြင့် စနစ်တကျပြုလုပ်သင့်ပါသည်။ မျှစ်ကို အချဉ်ဖောက်ထားသော မျှစ်ချဉ်တွင် အကျိုးပြုဗက်တီးရီးယား (Probiotics)များ ပါဝင်သဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် အကျိုးပြုသော ဗက်တီးရီးယားများကို ရရှိစေပြီး အစာကျေညက်မှုကို အားပေးပါသည်။ ဟင်းချက်ရာတွင်လည်း မျှစ် ပါဝင်ပါက အသား၊ ငါးများ၏ အညှီနံ့ကို ပျောက်စေပြီး ခံတွင်းမြိန်စေပါသည်။

 

မျှစ်ကို ရေဓာတ်ခန်းခြောက်အောင် ပြုလုပ်ထားသော မျှစ်ခြောက်များတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါ သည်။ မျှစ်ခြောက်သည် ရေဓာတ်ထုတ်ထားသောကြောင့် အလေးချိန်တူ မျှစ်စိုနှင့် နှိုင်းယှဉ်လျှင် အမျှင်ဓာတ် ပါဝင်မှုနှုန်း ပိုမိုမြင့်မားပြီး ဝမ်းမှန်စေရန် အလွန်ထိရောက်ပါသည်။ ရေခဲသေတ္တာမလိုဘဲ အချိန်အကြာကြီး အထားခံသဖြင့် သိုလှောင်ရလွယ်ကူပါသည်။ မျှစ်ကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် တွဲဖက်ချက်ပြုတ်ပါက မျှစ်၏ လေပွ စေသောအာနိသင်ကို လျော့ကျစေပြီး ကျန်းမာရေးနှင့် ပိုမိုညီညွတ်စေပါသည်။ မျှစ်ခြောက်ဖြစ်စေ၊ မျှစ်ချဉ်ဖြစ်စေ မချက်ပြုတ်ခင် ရေနွေးနှင့် စိမ်ထားခြင်း သို့မဟုတ် ပြုတ်ခြင်းပြုလုပ်ပါက မျှစ်တွင် ပါဝင်နိုင်သည့် ဓာတုဆေးအကြွင်း အကျန်များကို လျော့နည်းစေနိုင်ပြီး နူးညံ့၍ အရသာပိုမိုကောင်းမွန်သောမျှစ်ကို ရရှိမည်ဖြစ်ပါသည်။

 

မျှစ်တွင် သဘာဝအလျောက် ဆိုင်ယာနိုက်ဓာတ်ပါဝင်သဖြင့် စနစ်တကျ ချက်ပြုတ်ပြီးမှသာ စားသုံးသင့် ပါသည်။ အထူးသဖြင့် အဆစ်အမျက် ကိုက်ခဲတတ်သူများ၊ ဂေါက်ရောဂါရှိသူများ၊ ယူရစ်အက်စစ်များသူများ၊ ကျောက်ကပ် ရောဂါရှိသူများ အနေဖြင့် မျှစ်ကိုသတိပြု၍ စားသုံးသင့်ပါသည်။

 

မျှစ်ကိုအချဉ်ဖောက်ရာတွင် သန့်ရှင်းစွာ စနစ်တကျ အချဉ်မဖောက်ဘဲ မသန့်ရှင်းသောရေကို အသုံးပြုခြင်းများနှင့် ယင်နားခြင်းများသည် ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေနိုင်ပါသည်။ ဈေးကွက်ထဲရှိ အချို့သောမျှစ်ချဉ်များတွင် အရောင်ချွတ်ဆေး၊ တာရှည်ခံဆေးများ ပါဝင်တတ်သောကြောင့် သေချာဆေးကြောပြီးမှသာ ချက်ပြုတ်စားသုံး သင့်ပါသည်။

 

တိုင်းရင်းဆေးပညာအရ မျှစ်သည် အေး၊ ချို၊ ဖန် သည့် ဂုဏ်သတ္တိရှိသည်ဟု သတ်မှတ်ထားပါသည်။ ခန္ဓာကိုယ် အတွင်း အပူအောင်းခြင်းကို လျော့ကျစေပြီး အပူကြောင့်ဖြစ်သော ဝေဒနာများကို သက်သာစေပါသည်။ အချို့သော တိုင်းရင်း ဆေးကျမ်းများတွင် မျှစ်ကို စနစ်တကျပြုပြင်စားသုံးပါက လေငန်းရောဂါနှင့် လေထိုးလေအောင့်ခြင်းကို သက်သာစေ သည်ဟု ဖော်ပြကြပါသည်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက် များကိုပြေစေနိုင်သော အစွမ်းရှိပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ ခန္ဓာကိုယ်တွင်း အညစ်အကြေးများကို စနစ်တကျ စွန့်ထုတ်နိုင်ရန် ကူညီပေး သဖြင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။ ရှေးမြန်မာ့ရိုးရာအယူအဆတွင် မျှစ်ကို အမျိုးသမီးများ မီးယပ်သွေး ပုံမှန်ဆင်းစေရန်နှင့် မီးယပ်ဝေဒနာများအတွက် ကောင်းမွန်သော ဓာတ်စာအဖြစ် ယုံကြည်၍ ဟင်းလျာအဖြစ် လိုအပ်သူများအတွက် ချက်ပြုတ်ကျွေးမွေးလေ့ရှိပါသည်။ ခန္ဓာကိုယ်တွင် အနာစိမ်းများ ပေါက်ခြင်း၊ ပြည်တည်ခြင်းများဖြစ်ပါက မျှစ်ကို စားသုံးပေးခြင်းဖြင့် အနာအမြန် ကျက်ခြင်း သို့မဟုတ် ပြည်ပေါက်စေခြင်း တို့ ဖြစ်စေသည်ဟု ယုံကြည်ကြပါသည်။ အချို့သော ဒေသန္တရ ဆေးမြီးတိုများတွင် အဆုတ်အတွင်းရှိ ချွဲသလိပ်များကို ပျော်ဆင်းစေရန် မျှစ်ကိုပြုတ်၍ သောက် ခြင်း သို့မဟုတ် စားခြင်းပြုလုပ်ကြပါသည်။

 

သို့ဖြစ်၍ ကျန်းမာရေးအတွက် အထူးကောင်းကျိုးပြုနိုင်ပြီး အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သည့် မျှစ် သို့မဟုတ် သဘာဝအာဟာရသိုက်၏ အကျိုးကျေးဇူးများကို မိဘပြည်သူများအနေဖြင့် ကျယ်ပြန့်စွာသိရှိ၍ စားသုံးနိုင်ကြစေရေး ရေးသားတင်ပြလိုက်ရပါ သည်။    ။