မဲခေါင် - လန်ချန်းဒေသ ရိုးရာအကပွဲတော် (Traditional Dance Festival) ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၉


မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေထောက်ပံ့မှုဖြင့် မဲခေါင် - လန်ချန်းဒေသတွင်း နိုင်ငံများပူးပေါင်းဖျော်ဖြေသည့် မဲခေါင် - လန်ချန်း ဒေသ  ရိုးရာအကပွဲတော်   (Traditional Dance Festival) ကို ယနေ့နံနက်  ၉ နာရီတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ hybrid စနစ်ဖြင့် ကျင်းပသည်။ 

 


အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယ ဝန်ကြီး ဦးအေးထွန်းနှင့် ဒေါက်တာ မိုးဇော်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မဲခေါင်ဒေသတွင်း နိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ၊ မဲခေါင် - လန်ချန်းပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ  တက်ရောက်ကြပြီး  ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည့်  မဲခေါင်ဒေသတွင်းနိုင်ငံများမှ အနုပညာရှင်များ၊ ဖိတ်ကြားထားသူများက အွန်လိုင်း စနစ်ဖြင့် တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမှာစကား ပြောကြားရာတွင်   မဲခေါင် - လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏  အဓိကရည်ရွယ်ချက်မှာ   မဲခေါင် ဒေသတွင်းနိုင်ငံများ၏  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး  သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊   စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးနှင့်  ဖွံ့ဖြိုးတိုးတက်မှု  ကွာဟနေခြင်းကို လျှော့ချသွားရန်၊  အာဆီယံအသိုက်အဝန်း  တည် ထောင်မှုကို   အထောက်အကူပြုရန်၊   ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်ကို တိုးမြှင့်အကောင်အထည်ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် ရေး South South Cooperation ကို တိုးမြှင့်သွားရန် တို့ဖြစ်ကြောင်း။

 


ယခုပွဲတော်ကျင်းပခြင်းဖြင့် ပွဲတော်၏ ရည်ရွယ် ချက်ဖြစ်သော Unity is Diversity ဆိုသည့်အတိုင်း မဲခေါင် - လန်ချန်းဒေသတွင်းရှိ နိုင်ငံများသည် မတူ ကွဲပြားသော်လည်း ယဉ်ကျေးမှုများမှာ ဆက်နွှယ်ပြီး အခြေခံအားဖြင့်  တူညီမှုရှိသည်ကို  တွေ့ရမည်ဖြစ် ကြောင်း၊ ထို့ပြင် MLC တစ်နိုင်ငံချင်းစီ၏ ရိုးရာအက တင်ဆက်မှုများကို လေ့လာပြီး အမြင်ချင်းဖလှယ်ခွင့် ရရှိသော  အခွင့်အလမ်းများရရှိခြင်း၊   ယဉ်ကျေးမှု ဆိုင်ရာ မတူညီမှုများ ကွဲပြားမှုများကို သိရှိလေ့လာ နိုင်ရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုလွှမ်းမိုးလာခြင်း နှင့် ရုပ်ဝတ္ထုများ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် MLC   ဒေသတွင်းနိုင်ငံများအနေဖြင့်    တူညီသော စိန်ခေါ်မှုတစ်ရပ်ကို  ရင်ဆိုင်နေကြရသဖြင့်  ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ     ထိန်းသိမ်းနိုင်ရန်၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်  မဲခေါင်- လန်ချန်းဒေသတွင်းရှိ     အနုပညာရှင်လူငယ်များ အကြား  ပိုမိုချစ်ခင်ရင်းနှီးမှုများဖြင့် ဆောင်ရွက်နိုင်စေ ခြင်း  စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။

 


ယခုကျင်းပသည့် ပွဲတော်၌ မိမိတို့၏ ဒေသတွင်း နိုင်ငံတိုင်းတွင်      ရှိပြီးဖြစ်သည့်     သမိုင်းကြောင်း ရှည်လျားပြီး အလွန်တရာမှ တန်ဖိုးကြီးမြင့်လှသော ရိုးရာသုခုမအကပညာရပ်များကို နိုင်ငံတစ်နိုင်ငံချင်း စီသာမက  နိုင်ငံအားလုံးက  စုပေါင်းထိန်းသိမ်းကြ ပါရန်၊ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများစွာဖြင့် ကူးလူးဆက်ဆံပြီး ရိုးရာယဉ်ကျေးမှု အနုပညာအက များကို ယဉ်ကျေးမှုဖလှယ်ကြရန်နှင့် မျိုးဆက်သစ် လူငယ်များအား    လက်ဆင့်ကမ်း      မျှဝေနိုင်ကြရန် လေးနက်စွာ တိုက်တွန်းအပ်ပါကြောင်း ပြောကြား သည်။

 


ထို့နောက်  မြန်မာနိုင်ငံဆိုင်ရာ   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသံရုံး အကြီးအကဲ Ms.Cao Jing နှင့် မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့  (မြန်မာ)  မှ   ဒုတိယဥက္ကဋ္ဌ   ဦးဝင်း ဇေယျာထွန်းတို့က         နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ 

 


ယင်းနောက် မြန်မာနိုင်ငံမှ အနုပညာရှင်များက မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး Theme Song ဖြင့် ဂုဏ်ပြုတေးသရုပ်ဖော် ဖျော်ဖြေတင်ဆက် ကြသည်။ 
ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရိုးရာအကပွဲတော်သို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

 


ထို့နောက် တရုတ်ပညာရှင် Ms.Feng Mi က မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်၍ လေ့လာဆည်းပူးခဲ့ ရမှုများကိုလည်းကောင်း၊  Mr.Shen Chen  က တရုတ်နိုင်ငံရှိ     ရိုးရာယဉ်ကျေးမှုအကြောင်းနှင့် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုကို စာပေနှင့်အနုပညာဖြင့် မြှင့်တင်ခဲ့ကြပုံတို့ကိုလည်းကောင်း၊  မြန်မာနိုင်ငံမှ ဆရာမကြီး   ဒေါ်စန္ဒာခင်က   မြန်မာ့ယဉ်ကျေးမှု အကြောင်းနှင့်     ယဉ်ကျေးမှုကာကွယ်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ခြင်းနှင့်    ပတ်သက်၍လည်း ကောင်း ဆွေးနွေးပြောကြားကြသည်။ 
ယင်းနောက် မဲခေါင် - လန်ချန်းဒေသတွင်းအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုပညာရှင် များက   မိမိတို့နိုင်ငံ၏    ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။ 
ဆက်လက်၍ မြန်မာနိုင်ငံမှ အနုပညာရှင်များက မဲခေါင် - လန်ချန်းဂုဏ်ပြုသီချင်း  “We are Family One” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ 


သတင်းစဉ်