
ပွင့်ဖြူ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများ ရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရပြီး ပေါ်ဦးပေါ်ဖျား နှမ်းဈေးနှုန်းမှာလည်း ယခင်နှစ်ကထက် ဈေးကောင်းရရှိသဖြင့် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေနှမ်းစိုက်ပျိုးသည့် ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ဒေသမှာ မဲဇလီ ရေလွှဲဆည်ရေနဲ့ စိုက်ပျိုးထားရှိတဲ့ နွေနှမ်းစိုက်ခင်းတွေဟာ စိုက်ပျိုးရေ လုံလောက်စွာရရှိတဲ့အတွက် အောင်မြင် ဖြစ်ထွန်းပြီး အသီးများ ရင့်မှည့်လာပြီ ဖြစ်လို့ တောင်သူတွေက စတင်ရိတ်သိမ်း နေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်က နွေနှမ်းသီးနှံကို တောင်သူတွေ အားထား စိုက်ပျိုးခဲ့ကြပေမယ့် မိုခါမုန်တိုင်းမိုး ကြောင့် နှမ်းစိုက်ခင်းတွေ ရေဝင်နစ်မြုပ် ခဲ့လို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေလည်း များတယ်။ ရေဝင်နစ်မြုပ်မှုမရှိတဲ့ နှမ်းခင်း တွေကတော့ အောင်မြင်ဖြစ်ထွန်းမှုရှိပါ တယ်။ အခုဆိုရင် တောင်သူတွေက နွေ နှမ်းစိုက်ခင်းတွေ အသီးများရင့်မှည့်လာ ပြီဖြစ်လို့ နွေနှမ်းစိုက်ခင်းများမှာ မိုးစပါး နဲ့ အခြားမိုးသီးနှံအချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ဖို့အတွက် နေ့စားအလုပ် သမားတွေကို ငှားရမ်းပြီး ရိတ်သိမ်းနေကြ ပြီ။ သီးနှံအထွက်နှုန်း အနေနဲ့ကတော့ တစ်ဧကကို ပျမ်းမျှ ၁၀ တင်းလောက် တော့ ထွက်ရှိပါတယ်။
တချို့လည်း တစ်ဧကကို ၁၀ တင်းအထက် ထွက်ရှိကြ တယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံး စိုက်ပျိုးတဲ့ နွေနှမ်းကတော့ နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံနှမ်းနက်နဲ့ ဆင်းရတနာ - ၄ နှမ်းမျိုးတွေကို စိုက်ပျိုးကြပါတယ်။ နှမ်းဖြူတစ်တင်းကို ငွေကျပ် ၁၂၀၀၀၀၊ စမုံနက်နှမ်း တစ်တင်းကို ငွေကျပ် ၁၁၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်လို့ ကျွန်တော်တို့ တောင်သူတွေအတွက် အဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီ ရေလွှဲဆည်ရေဖြင့် နွေစပါး ၂၉၅၄၈ ဧက၊ နွေနှမ်း ၂၇၁၉၃ ဧကနှင့် အခြားနွေသီးနှံ ၃၆၈၇ ဧက စုစုပေါင်းနွေသီးနှံစိုက်ဧက ၆၀၄၂၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက် ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ နွေသီးနှံ စိုက်ပျိုးမှုစာရင်းများ အရ သိရသည်။ ယခုအခါ ပေါ်ဦးပေါ်ဖျား နှမ်းဈေးနှုန်းမှာလည်း တစ်တင်းလျှင် ငွေကျပ်တစ်သိန်းကျော်အထိ ဈေးကောင်း ရရှိနေ၍ ဒေသတွင်းရှိ နှမ်းစိုက်ပျိုး တောင်သူများ သီးနှံဝင်ငွေ တိုးပွားကာ လုပ်ငန်းအဆင်ပြေလျက် ရှိနေကြ ကြောင်း သိရသည်။
လှိုင်ဝင်းလေး
(ပွင့်ဖြူမြေ)