
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင် စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင် များ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး
ဦးစွာ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး သည် ရွေးကောက်ပွဲအတွက် အရေးအကြီးဆုံး ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ မဲစာရင်းများ မှားယွင်းမှုရှိခဲ့သည့် အတွက် ကော်မရှင်အနေဖြင့် မဲစာရင်း ပြည့်စုံမှန်ကန်ရေးကို အလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေ ဖြင့်လည်း မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်ရေးကို အလေးထားသည့် အတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီများကို ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းပေး ခဲ့ပြီး ဆောင်ရွက်စေခဲ့ကြောင်း၊ ကော်မရှင်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့အနေဖြင့် မဲစာရင်းပြုစု ရာတွင် လိုအပ်သည့် လိုအပ်ချက် များ အဆင်ပြေစေရေး ညှိနှိုင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ကျန်လပ်မှုမရှိစေရန်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က မြေပြင် စာရင်းကောက်ယူရေး ကော်မတီ ဖွဲ့စည်းမှုနှင့် ဆောင်ရွက်ခဲ့မှု၊ မြေပြင်စာရင်း ကောက်ယူရရှိမှု အခြေအနေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့လူဦးရေ စာရင်း (ပထမမူကြမ်း) ပေးပို့ခဲ့မှု အခြေအနေ၊ ဆန္ဒမဲပေးရာတွင် အဓိကကျသည့် နိုင်ငံသားစိစစ် ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် များ ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံ ချက်များဆောင်ရွက်မှု၊ နိုင်ငံရေး ပါတီများ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များနှင့် ပါတီ ဝင်အင်အား စိစစ်မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေး အတွက် ကျန်လပ်မှု မရှိစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များက မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်ရေး ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် ပြည်ထောင်စုဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့သည်။ သတင်းစဉ်