မဲစာရင်းပြည့်စုံမှန်ကန်ရေးနှင့် နိုင်ငံသားတစ်ဦး၏တာဝန်

Type

 

ကံထူးကို
 

နိဒါန်း


လွတ်လပ်၍တရားမျှတသော    ရွေးကောက်ပွဲတစ်ရပ်    အောင်မြင် စွာကျင်းပနိုင်ရန်အတွက် အဓိကအရေးကြီးဆုံးစာရင်းဇယားမှာ မဲစာရင်းဖြစ်ပြီး ထိုမဲစာရင်းသည်  ပြည့်စုံမှန်ကန်ရန်  လိုအပ်သည်။ ရွေးကောက်ပွဲဥပဒေအရ   မဲဆန္ဒရှင်များဖြစ်ကြသည့်   နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတိုင်းသည် ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် သက်ဆိုင်ရာမဲရုံအသီးသီး၌ အလိုအလျောက်  ဆန္ဒမဲ ပေးပိုင်ခွင့်မရနိုင်ပါ။ ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေအရ  ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး သက်ဆိုင်ရာမဲရုံ၏ မဲဆန္ဒရှင်စာရင်းတွင် အမည် ပါရှိသူများသာ ဆန္ဒမဲပေးပိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  မဲစာရင်းများ  ပြည့်စုံမှန်ကန်စေ‌ရေး အတွက် ဆောင်ရွက်လျက်ရှိပြီး မဲစာရင်းများပြုစုရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ပြုစုလျက်ရှိပါသည်။ 

 


ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၃၉၁(က)တွင်   “ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်၌   အသက်   (၁၈)  နှစ်ပြည့်၍  ဥပဒေအရ  အရည်အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်”ဟု     ပြဋ္ဌာန်းထားသည်။   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ       လွှတ်တော်ရွေး‌ကောက်ပွဲဥပ‌ဒေပုဒ်မ   ၆     တွင်        “ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့်  နိုင်ငံသားပြုခွင့်ရသူ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ စသော အရည်အချင်းများနှင့် ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်” ဟု  ပြဋ္ဌာန်းထားသည်။

 


ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများ


ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၂  နှင့်   သက်ဆိုင်ရာလွှတ်တော်ရွေး‌ကောက်ပွဲဥပ‌ဒေပုဒ်မ  ၇  တွင်  “သာသနာ့ဝန်ထမ်းများ၊ ထောင်ဒဏ်ကျခံနေရသူများ၊ စိတ်ပေါ့ သွပ်နေ  သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ်ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ   ဥပဒေအရ တားမြစ်ခြင်းခံရသူများ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ်  ခံယူထားသူ”ဟု ပြဋ္ဌာန်းထားသည်။ 

 


မဲစာရင်းပြုစုခြင်း


သက်ဆိုင်ရာ   လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ    မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်  သို့မဟုတ်   ကျေးရွာ  အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည်  မဲဆန္ဒနယ်အသီးသီး အတွက်   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏  မဲစာရင်းများကို  ပြုစုရာတွင်  ကော်မရှင်ကသတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယားများအတိုင်း  ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ် ဦးစီးမှူးရုံးတို့က ပြုစုထားသည့် လူဦးရေစာရင်းများကို ရယူအခြေခံပြီး ပြုစုခြင်းဖြစ်သည်။ ထို့ကြောင့် ရယူအခြေခံသော   လူဦးရေစာရင်းများ မှန်ကန်မှသာ မဲစာရင်းပြည့်စုံမှန်ကန်မည်ဖြစ်သောကြောင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးတို့၏  လူဦးရေစာရင်းများ မှန်ကန်ရန်မှာ  အဓိကအရေးကြီး၍ သက်ဆိုင်ရာဌာနများက တာဝန်ယူ  ဆောင်ရွက်ရန်လိုအပ်ပါသည်။

 


မဲစာရင်းပြုစုရန်နည်းလမ်း


သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေအရ မဲစာရင်း ကို ပုံစံ(၁)ဖြင့်ပြုစုရမည်ဖြစ်ပြီး  မဲစာရင်းပြုစုရာတွင်  ပြည်ထဲရေး ဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုစုထား သည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်း (မသန်စွမ်းသူများအပါအဝင်)တို့ကို   ရယူအခြေခံပြီး ပြုစုပါသည်။  မဲစာရင်းများကို ပုံမှန်စိစစ်ပြုစုရန်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏      သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးသည် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အရ အသက် (၁၈) နှစ်ပြည့်သူ များ၏   အမည်စာရင်းများနှင့်   ပြောင်းရွှေ့ဝင်ရောက်လာသူများ၏ အမည်စာရင်း၊ ပြောင်းရွှေ့ထွက်ခွာသွားသူများ၏ အမည်စာရင်းများကို လစဉ်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့တင်ပြပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယင်းစာရင်းများကို စိစစ်၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏အမည်စာရင်းကို မဲစာရင်းတွင်ထည့်သွင်းရမည် ဖြစ်ပါသည်။ ကွယ်လွန်သူများ၏အမည်စာရင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့၏အတည်ပြုချက်ဖြင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မဲစာရင်းမှ ပယ်ဖျက်ရမည်ဖြစ်ပါသည်။

 


မဲဆန္ဒရှင်တိုင်း မဲစာရင်းတွင် ပါဝင်ရေး


မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် မိမိလက်ရှိနေထိုင်ရာဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)(အထစ)ရှိရမည့်အပြင် အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရလက်မှတ်နှင့် အမျိုးသား မှတ်ပုံတင်ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားမှ မဲစာရင်းတွင်ပါဝင်ပြီး  မဲပေးနိုင်မည်ဖြစ်သည်။ ဤအချက်ကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့်  အထူးသတိပြုစေလိုပါသည်။

 


မဲစာရင်းကြေညာခြင်း


ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို     ကော်မရှင်ကကြေညာ ပြီးနောက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များစာရင်းကို ပုံစံ(၁)ဖြင့် ကြေညာပါသည်။  ထိုသို့ ကြေညာချိန်တွင် လွှတ်တော်မဲစာရင်းနှင့်စပ်လျဉ်းသော       ကြေညာစာပုံစံ(၂)ကိုပါ တစ်ပါတည်းကြေညာသည်။ မဲစာရင်းများ ထုတ်ပြန်ကြေညာချိန်တွင် မဲဆန္ဒရှင်များသည် မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ၊ မရှိ သွားရောက် ကြည့်ရှုရမည်ဖြစ်သည်။   မိမိအမည်ပါဝင်ခြင်းမရှိပါက   မဲစာရင်း၌ အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မဲစာရင်း၌အချက်အလက် များ ပြင်ဆင်ပေးရန်တောင်းဆိုခြင်းနှင့် မဲစာရင်း၌ပါရှိသော  ပုဂ္ဂိုလ် တစ်ဦးဦးကို ကန့်ကွက်လိုလျှင် ကန့်ကွက်ခြင်းများကို  ဆောင်ရွက် ရမည်ဖြစ်ပါသည်။  သို့မှသာ  ပြည့်စုံမှန်ကန်သော   မဲစာရင်းဖြစ်ပြီး မဲစာရင်းတွင်ပါဝင်သော မဲဆန္ဒရှင်တိုင်း မဲပေးနိုင်မည်ဖြစ်သည်။ 

 


နိုင်ငံသားတစ်ဦး၏တာဝန်


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၉(က)တွင် “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့် ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ် တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်”ဟူ၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၅ တွင်  “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့် ရှိသည်”ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။ နိုင်ငံသားများ (နိုင်ငံ့  ဝန်ထမ်းများအပါအဝင်)သည် အရပ်ဒေသတစ်ခုမှတစ်ခုသို့ ပြောင်း‌ရွှေ့ ရာတွင် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)  ပြောင်းရွှေ့ရန်တာဝန်ရှိပါသည်။   ထို့အပြင်  ရပ်ကွက် သို့မဟုတ်    ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ  ၁၃ (ဆ) တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအနေဖြင့် အခြား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ ညဉ့်အိပ်ညဉ့်နေလာရောက်တည်းခို သော ဧည့်သည်များအတွက် ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံခြင်း၊  ခွင့်ပြုခြင်း၊   ဧည့်စာရင်းစစ်ဆေးခြင်း၊    ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်းကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း”  ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် နိုင်ငံသားတိုင်းသည် အခြေစိုက်နေထိုင်သည့် မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ   (၆၆/၆)(အထစ)  ရှိရမည်ဖြစ်ပြီး ပြောင်းရွှေ့မည်ဆိုလျှင်    ပြောင်းရွှေ့မည့်မြို့နယ်သို့   အိမ်ထောင်စု လူဦးရေစာရင်းပုံစံ   (၆၆/၆)(အထစ)  ပြောင်းရွှေ့ရမည်ဖြစ်သည်။ သို့မှသာ  လက်ရှိနေထိုင်သည့်မြို့နယ်၏   မဲစာရင်းတွင်ပါဝင်မည် ဖြစ်သည်။ 

 


အိမ်ထောင်စုလူဦးရေစာရင်း လဝကပုံစံ(၆၆/၆)(အထစ)


အိမ်ထောင်စုလူဦးရေစာရင်း လ ဝ က ပုံစံ(၆၆/၆) (အထစ)ကို ၁၉၄၉ ခုနှစ်၊  ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း   နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရ ထုတ်ပေးခြင်းဖြစ်ရာ  နိုင်ငံအတွင်း  နေထိုင်သူများသည် နေထိုင်သည့်လိပ်စာပြောင်းသွားပါက ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများပါအတိုင်း သတင်းပို့အကြောင်းကြားရမည်ဖြစ် သည်။  အိမ်ထောင်စုလူဦးရေစာရင်း လ ဝ က ပုံစံ(၆၆/၆)(အထစ)တွင် “ဤအိမ်ထောင်စုလူဦးရေစာရင်းသည် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း    နေထိုင်သူများမှတ်ပုံတင်ရေး   အက်ဥပဒေအရ ထုတ်ပေးခြင်းဖြစ်၍ (ကာယကံရှင်) မြေ/ အဆောက်အဦ၊  အိမ်ခန်း ပိုင်ဆိုင်ခွင့်နှင့် လုံးဝမသက်ဆိုင်စေရ”ဟု ဖော်ပြထားပါသည်။ နိုင်ငံသား များ(နိုင်ငံ့ဝန်ထမ်းများအပါအဝင်)သည် အခြေစိုက်နေထိုင်ရာဒေသမှ  အခြားဒေသတစ်ခုခုသို့ပြောင်းရွှေ့ပါက ရောက်ရှိရာဒေသတွင် ဥပဒေ နှင့်အညီ နေထိုင်ရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း လ ဝ က ပုံစံ (၆၆/၆) (အထစ)များ ပြောင်းရွှေ့ရမည်ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊  ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း     နေထိုင်သူများ    မှတ်ပုံတင်ရေး အက်ဥပဒေတွင် “အက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်သည် ဖြစ်စေ၊ လိုက်နာရန်ပျက်ကွက်သည်ဖြစ်စေ ပြစ်မှုကျူးလွန်သူတိုင်းကို ပြစ်မှုထင်ရှားစီရင်သောအခါ နှစ်နှစ်ထက်မပိုသော အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ၊   အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊‌‌  ငွေငါးရာထက် မပိုသော ‌ငွေဒဏ်ဖြစ်စေ၊  ထောင်ဒဏ်၊    ငွေဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ရမည်ဟုလည်းကောင်း၊ ရာဇဝတ်ကျင့်ထုံးတွင် မည်သို့ပင်ပါရှိ  စေကာမူ ထိုပြစ်မှုကျူးလွန်သူကို  အကျဉ်းစစ်ဆေး၍ ပြစ်မှုထင်ရှား စီရင်သောအခါ  ခြောက်လထိ  အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ၊ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ‌‌ငွေနှစ်ရာထိ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်  ငွေဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ရမည်” ဟုလည်းကောင်း  ပြဋ္ဌာန်း ထားသည်။

 


ပြောင်းရွှေ့ခြင်း သို့မဟုတ် မှတ်ပုံတင်ထားသည့် လိပ်စာမှထွက်ခွာခြင်း


၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေ ၂၅ တွင်  “လူတစ်ဦးတစ်ယောက်သည်  တစ်ဆက်တည်း  တစ်လတည်း တစ်လထက်ပို၍ မိမိမှတ်ပုံတင်ထား သည့် လိပ်စာမှခေတ္တထွက်ခွာသွားလျှင် ထိုသူသည်  မိမိမှတ်ပုံတင် ထားသည့် လိပ်စာတည်နေရာရှိ ဆိုင်ရာစာရင်းထိန်းထံဖြစ်စေ၊ မိမိ ရောက်နေသောနေရပ်၌ ဆိုင်ရာစာရင်းထိန်းထံမှဖြစ်စေ၊ မှတ်ပုံတင် ထားသည့်လိပ်စာမှ  ထွက်ခွာကြောင်းကို  အကြောင်းကြားရမည်”ဟု လည်းကောင်း၊ နည်းဥပဒေ ၂၆(၁)တွင် “မှတ်ပုံတင်ထားသူတစ်ဦး တစ်ယောက်သည် မိမိမှတ်ပုံတင်ထားသည့် လိပ်စာပြောင်းလဲသောအခါ  ထိုသို့ပြောင်းလဲကြောင်းကို နည်းဥပဒေခွဲ(၂)တွင် ပြဋ္ဌာန်းထားသည့်  အတိုင်း အကြောင်းကြားရမည်”ဟုလည်းကောင်း၊ နည်းဥ‌ပဒေ ၂၆(၂) တွင် “လူတစ်ဦးတစ်ယောက်သည်   မိမိ၏နေရပ်သစ်သို့  ရောက်ရှိ ပြီးနောက်   သုံးရက်အတွင်း   ထိုသို့လိပ်စာပြောင်းလဲကြောင်းကို ထိုနေရပ်သစ်တည်ရှိသည့်နယ်ရှိ စာရင်းထိန်းထံ စာဖြင့်ရေးသား တိုင်ကြားရမည်။ ထိုသို့တိုင်ကြားသည်နှင့်တစ်ပြိုင်နက် မိမိလက်တွင် ရှိသော သက်သေခံကတ်ပြားကို  သို့တည်းမဟုတ် ယာယီသက်သေခံ လက်မှတ်ကို စာရင်းထိန်းထံပေးအပ်ရမည်”ဟုလည်းကောင်း ဖော်ပြ ထားပါသည်။ ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း  နေထိုင်သူ များ မှတ်ပုံတင်ရေးနည်းဥပဒေ ၂၇(၁) တွင် “မှတ်ပုံတင်ထားသူ တစ်ဦး တစ်ယောက်သည်   မှတ်ပုံတင်သည့်အချိန်အခါ၌   ပေးထားသော မှတ်ပုံတင်ထားသည့် လိပ်စာမှတစ်ပါး၊ အခြားအကြောင်းအရာ တစ်ခုခု နှင့်ပတ်သက်၍  ပြောင်းလဲခြင်းရှိခဲ့သော်  ထိုသို့  ပြောင်းလဲချက်ကို နည်းဥပဒေခွဲ (၂)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း အကြောင်းကြားရ မည်”ဟုလည်းကောင်း၊ နည်းဥပဒေ ၂၇ (၂)တွင် “လူတစ်ဦးတစ်ယောက် သည် ထိုသို့ပြောင်းလဲပြီးနောက် ရက်ပေါင်း ၃၀ အတွင်း ပြောင်းလဲချက် ကို ဆိုင်ရာစာရင်းထိန်းထံ  စာဖြင့်ရေးသားတိုင်ကြားရမည်။   ထိုသို့ တိုင်ကြားသည်နှင့်တစ်ပြိုင်နက် မိမိလက်တွင်ရှိသော  သက်သေခံ ကတ်ပြားကို သို့တည်းမဟုတ် ယာယီသက်သေခံလက်မှတ်ကို ဆိုင်ရာ စာရင်းထိန်းထံပေးအပ်ရမည်”ဟုလည်းကောင်း ဖော်ပြထားပါသည်။ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/ ၆)ကို ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း  နေထိုင်သူများ   မှတ်ပုံတင်ရေးအက်ဥပဒေအရ  ထုတ်ပေးခြင်းဖြစ်ရာ နိုင်ငံအတွင်းနေထိုင်သူများသည် နေထိုင်သည့် နေရပ်လိပ်စာပြောင်းသွားပါက  ဖော်ပြပါမှတ်ပုံတင်ရေးနည်းဥပဒေ ၂၇ (၁)နှင့် (၂)ပါအတိုင်း သတင်းပို့အကြောင်းကြားရမည် ဖြစ်ပါသည်။  သို့မှသာ ပြောင်းရွှေ့ရောက်ရှိသော မြို့နယ်၏ မဲစာရင်းတွင်ပါဝင်မည် ဖြစ်သည်။ 

 


အခြေခံလူဦးရေစာရင်းများပြုစုခြင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်     မဲစာရင်းများ ပြုစုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်း လုံးရှိ နယ်မြေဒေသအချို့မှအပ ၂၀၂၁ ခုနှစ်  ဩဂုတ်လမှ  စတင် ဆောင်ရွက်ခဲ့ရာ   မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းသည်  ၂၀၂၂ ခုနှစ် မေလတွင် ပြီးစီးခဲ့ပါသည်။ မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်းများပြီးဆုံးပြီးနောက် ရရှိလာသောလူဦးရေ စာရင်းများကို  ကွန်ပျူတာဆော့ဝဲလ်အသုံးပြု၍ နိုင်ကတ်ထပ်နေသူများ၊  နိုင်ကတ် မရှိသူများ/ မပြည့်စုံသူများ၊  အသက် (၁၈) နှစ်အထက်၊  အသက် (၁၈) နှစ်အောက်ရှိသူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများ၊ မွေးရက် မွေးလ  ထပ်နေသူများ စသည်တို့ကို ခွဲခြားစိစစ်ခဲ့ပါသည်။ အဆိုပါ စိစစ်ချက် များကိုအခြေခံ၍    မြို့နယ်များအလိုက်   အင်အားအတိုးအလျှော့ ပြောင်းလဲမှုများအား အချိန်နှင့်တစ်ပြေးညီ  မှန်ကန်စေရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ မြေပြင်နှင့်တိုက်ဆိုင် စိစစ်၍  ရရှိလာသောလူဦးရေစာရင်းများကိုစိစစ်၍   သက်ဆိုင်ရာ တိုင်းဒေသကြီး၊  ပြည်နယ်များအလိုက် အစိုးရအဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးမှူးရုံးများသို့ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။ ပေးပို့ခဲ့သောလူဦးရေ စာရင်းများ မှန်ကန်စေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဦးစီး မှူးရုံးများက လစဉ်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

 


နိဂုံး


နိဂုံးချုပ်အနေဖြင့် - 


(က)    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်   ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်‌တော်ရွေးကောက်ပွဲဥပဒေများနှင့်အညီ  နိုင်ငံသားများ၏ မူလအခွင့်အရေးမဆုံးရှုံးစေရန်အတွက် ဥပဒေ နှင့်အညီ မဲပေးပိုင်ခွင့်ရရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်  ပူးပေါင်း၍  လစဉ်လူဦးရေစာရင်းများကို  တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
( ခ )    မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြည်ထဲရေးဝန်ကြီး ဌာန၏  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးတို့၏  လူဦးရေစာရင်းများမှန်ကန်ရန်မှာ  အဓိကအရေးကြီး၍ သက်ဆိုင်ရာဌာနများက    တာဝန်ယူဆောင်ရွက်ရန် လိုအပ် ပါသည်။
( ဂ )    မဲဆန္ဒရှင်များသည် အခြေစိုက်နေထိုင်ရာမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း လ ဝ က ပုံစံ(၆၆/၆)(အထစ)ရှိမှသာ မဲစာရင်းတွင် ပါဝင်မည်ဖြစ်ပါသည်။
(ဃ)    ပြောင်းရွှေ့ရောက်ရှိရာမြို့နယ်တွင် ဆန္ဒမဲပေးလိုပါက ပြောင်းရွှေ့ ရောက်ရှိသော မြို့နယ်သို့အိမ်ထောင်စုလူဦးရေစာရင်း လ ဝ က ပုံစံ(၆၆/၆)(အထစ) ပြောင်းရွှေ့မှ ၎င်းမြို့နယ်၏မဲစာရင်းတွင် ပါဝင်မည်ဖြစ်ပါသည်။
( င )    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို ပုံစံ(၁)နှင့်ပုံစံ (၂)တို့ဖြင့် ပူးတွဲကြေညာပါက ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများသည် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ၊ မရှိ သွားရောက်ကြည့်ရှုရမည်ဖြစ်သည်။
( စ )    မဲဆန္ဒရှင်များသည် မဲစာရင်းတွင် မိမိအမည်ပါဝင်ရေးနှင့် ဆန္ဒမဲ ပေးနိုင်ရန်အတွက် အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရ လက်မှတ်နှင့် အမျိုးသား မှတ်ပုံတင်ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားမှ မဲပေးနိုင်မည်  ဖြစ်သည်။
(ဆ)    ဒီမိုကရေစီစနစ်ကျင့်သုံးသောမြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်း သည်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့်အညီ    လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့်   ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရှိပြီး   လိုက်နာရမည့်  တာဝန်များလည်းရှိသည်ဖြစ်ရာ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက်    နိုင်ငံသားတစ်ဦးချင်း အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေး  ဖော်ပြအပ်ပါသည်။                ။