
နေပြည်တော် ဩဂုတ် ၁၉
ကမ္ဘာပေါ်ရှိ စကျင်ကျောက်ထွင်း ဗုဒ္ဓ ရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့် ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် ကြီး၏ ပရိဝုဏ်အတွင်းသို့ ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူ တစ်သိန်း ကျော်ဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်ထားရှိပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများတွင်သာမက ပြည်ပမှခရီးသွား ဧည့်သည်များပါ လာရောက်ဖူးမြော် ကြည်ညိုလေ့လာလျက်ရှိသည်။
ယနေ့တွင် ကြိတ်ကြိတ်တိုး အထူး စည်ကားသည့် နေ့တစ်နေ့လည်းဖြစ် သည်။ ဘုရားကြီး၏ မုခ်ဦးဝမှစတင်ကာ လုံခြုံရေးလည်ဆွဲကတ်များ ကိုယ်စီဖြင့် ဘုရားဖူးလာရောက်ကြသည့် ရဟန်း၊ ရှင်လူပြည်သူများသည် ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက် များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီ အဆူ ၇၂၀ တို့ အပါအဝင် အခြား ဘာသာရေးဆိုင်ရာ အဆောက်အဦများကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်း များ ဆောင်ရွက်ကြပြီး ကြည်ညိုသဒ္ဓါ ပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ် လှူဒါန်းကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူ များအနေဖြင့် စက်တင်ဘာ ၃ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိကြောင်းနှင့် ယနေ့ရုံးပိတ် ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်ကြည်ညိုကြရာ အထူး ပင် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)