မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း မုစလိန္ဒအိုင်တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၁၁


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း  မုစလိန္ဒအိုင် တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့်  ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်   ကျင်းပရာ  နေပြည်တော် လယ်ဝေးမြို့   ပေါက်မြိုင်ကျောင်းတိုက်  ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိန္ဒ၊ တပ်ကုန်းမြို့     မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏတို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

 


အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊   အတွင်းရေးမှူးနှင့်    တွဲဖက် အတွင်းရေးမှူး၊    ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၊ ဝတ်အသင်း အဖွဲ့များ တက်ရောက်ကြသည်။

 


ကျည်းပင်စိုက်ပျိုးပူဇော်


ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို   ဘုရားကန်တော့ဖွင့်လှစ်ပြီး  ဆရာတော်၊ သံဃာတော်များ   ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တာပို့ဂါထာတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက်    ဦးဆောင်ဘုရားဒါယကာ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နှင့်   ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး   ကံမြင့်သန်းတို့သည်   အမှတ်(၁)  ကျည်းပင် စိုက်ပျိုးပူဇော်မည့်နေရာတွင်လည်းကောင်း၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး     စိုးဝင်းနှင့်    ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း တို့သည်  အမှတ်(၂)  ကျည်းပင်နေရာတွင်လည်း ကောင်း၊ ကောင်စီဝင်မန်းငြိမ်းမောင်နှင့် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်   ဦးမောင်မောင်အုန်းနှင့် ဦးကိုကိုတို့သည်  အမှတ်(၃)  ကျည်းပင်နေရာတွင် လည်းကောင်း အသီးသီးနေရာယူကြသည်။

 


ယင်းနောက်    အခမ်းအနားမှူးက  အခါတော် စာတမ်းကိုဖတ်ကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်(၁) ကျည်းပင်စိုက်ပျိုးမည့်နေရာတွင်   ကျောက်မျက် ရတနာများ   ထည့်သွင်းပူဇော်၍  မင်္ဂလာအချိန် ရောက်ရှိချိန်တွင် ကျည်းပင်ကို မင်္ဂလာဖဲကြိုးဆွဲ၍ စိုက်ပျိုးပူဇော်သည်။   ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်    အမှတ်(၁)  ကျည်းပင်အား မြေဆီဩဇာများ   ကျွေးမွေးပြီး  ရေစင်ရေသန့်များ သွန်းလောင်းကာ   အမွှေးနံ့သာရည်များ  ပက်ဖျန်း ပူဇော်ကြသည်။

 


တစ်ချိန်တည်းတွင်   အမှတ်(၂)  ကျည်းပင်ကို ကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ အမှတ်(၃) ကျည်းပင် ကို  ကောင်စီဝင်      မန်းငြိမ်းမောင်နှင့်    အဖွဲ့ဝင်များ ကလည်းကောင်း စိုက်ပျိုးပူဇော်ကြပြီး အမွှေးနံ့သာ ရည်များ ပက်ဖျန်းပူဇော်ကြသည်။

 


ပိဋကတ်ကျောက်စာတော်များ တည်ထားပူဇော်


ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်ချီးမြှင့် တော်မူကြသည့်   ဆရာတော်ကြီးများ  အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်   ဆဋ္ဌသင်္ဂါယနာမူ  ပိဋကတ်ကျောက်စာ တော်  ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်မည့် နေရာသို့ ရောက်ရှိကြပြီး မင်္ဂလာအချိန်တွင် ပိဋကတ် ကျောက်စာတော်များကို မင်္ဂလာရွှေကြိုးဆွဲ၍ စတင် တည်ထားပူဇော်ကြသည်။

 


ယင်းနောက်    ပျဉ်းမနားမြို့   ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဦးဆောင်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပိဋကတ်ကျောက်စာတော်များကို ပရိတ်နံ့သာရည်များဖြင့်        ပက်ဖျန်းပူဇော်ကြပြီး
ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 


ထို့နောက် ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   တည်ထား ကိုးကွယ်ရန်အတွက် စကျင်ကျောက်တော်ကြီးများ တူးဖော်ခဲ့မှုနှင့် အဆင့်ဆင့်သယ်ယူခဲ့ရမှု အခြေအနေ၊  စကျင်ကျောက်တော်ကြီးများကို ခေတ်မီစက်ကိရိယာ များအသုံးပြု၍       ထုဆစ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနိက အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှုအခြေအနေများကို  လည်းကောင်း၊   ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက  ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာတော်များကို ဆရာတော်ကြီးများ၏ လမ်းညွှန်ဩဝါဒများခံယူ၍   စကျင်ကျောက်တော် များ၌      ခေတ်မီစက်ကိရိယာများ   အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုး ပူဇော်သွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ရေး ဆောင်ရွက် ခဲ့သည်များနှင့်  ပတ်သက်၍   ပြောကြားရာတွင် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ် ပူဇော်မည့်   စကျင်ကျောက်တော်ကြီးကို  Shwe Foundation ၏ မေတ္တာရပ်ခံချက်အရ မိမိဦးဆောင် သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမ တို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာ တော်ဘုရားကြီးနှင့်       ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးတို့၏    သြဝါဒများနှင့်အညီ   ခေတ်မီ နည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင်  လေ့လာရေး လုပ်ငန်းများကို   စတင်ဆောင်ရွက်ခဲ့ပြီး   စကျင် ကျောက်တော်ကြီးမှ  ထွက်ရှိလာနိုင်သည့်  အတိုင်း အတာ၊ ထုထည်နှင့် အပြစ်အနာအဆာရှိမှုအခြေအနေ များကို သိရှိနိုင်ရန် ကျောက်တော်ကြီးအားတူးဖော်၍ X-Ray ရိုက် စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ ထွက်ပေါ် လာသည့် ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော် ကြည့်ရှုရာတွင် ဉာဏ်တော် ၆၅ ပေ ထွက်ရှိနိုင်သည် ကို တွက်ချက်ရရှိကာ ပလ္လင်တော် ၁၈ ပေ ထပ်မံ ထည့်သွင်းနိုင်ရေး လုပ်ဆောင်ခဲ့ကြောင်း၊ သီတဂူ ဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရား ကြီး၊ ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးနှင့် ပါဠိ တက္ကသိုလ်ကျောင်းတိုက်   ဆရာတော်ကြီးတို့ထံမှ လည်း ဩဝါဒနာယူ၍ ဆောင်ရွက်ခဲ့ကြောင်း။

 


ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်


ဆင်းတုတော်ကြီးအား    နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရေးအတွက် ပင့်ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ထုထည်ပမာဏ ကြီးမားသောကြောင့် မူလဉာဏ်တော်အမြင့်ကို မထိ ခိုက်စေဘဲ အစိတ်အပိုင်း လေးပိုင်းခွဲ၍လည်းကောင်း၊ ပလ္လင်တော်ကို အစိတ်အပိုင်း ငါးပိုင်းခွဲ၍လည်းကောင်း အပိုင်းလိုက်ဖြတ်တောက်၍ သယ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ရကြောင်း၊ သယ်ဆောင်နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ် 
စကျင်တောင်မှမြောင်မြစ်အထိ တူးမြောင်းဖောက် လုပ်ကာ Barge ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းမှတစ်ဆင့်  ဧရာဝတီမြစ် ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့်  ပင့်ဆောင်ပူဇော်ရကြောင်း၊  ဆီမီးခုံ ဆိပ်ကမ်းတွင် အလေးချိန်လျှော့ချခြင်းလုပ်ငန်းများကို   လုပ်ဆောင်ခဲ့ပြီး  ယင်းမှတစ်ဆင့်  မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း Modular Trailer များ ဖြင့်     နေပြည်တော်သို့   အခက်အခဲများကြားမှ ဆက်လက်ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊   ထိုသို့ ကျောက်တုံးတော်ကြီးများ   သယ်ယူခဲ့ခြင်းသည် ရေလမ်းအရ ကမ္ဘာပေါ်တွင် အဝေးဆုံးသယ်ဆောင် ခြင်း၊  ကုန်းလမ်းအရ  အဝေးဆုံးသယ်ဆောင်ခြင်း မှတ်တမ်းဝင်ခဲ့ပါကြောင်း၊   ယခုဆင်းတုတော်ကြီး တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်မက ကမ္ဘာ့ နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ် သည့်   ဆင်းတုတော်ကြီးများအနက်   အကြီးဆုံး၊ ဉာဏ်တော်အမြင့်မားဆုံး   ဆင်းတုတော်ကြီးဖြစ် လာမည်ဖြစ်ပါကြောင်း။

 


ကျောက်တုံးတော်ကြီးများကို      အဆင့်မြင့် နည်းပညာဖြစ်သည့် CNC Machine များဖြင့်ပုံဖော် ထုဆစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းထည်ထုဆစ် ပြီးစီးချိန်တွင် အချောထည် ထုဆစ်ခြင်းလုပ်ငန်းကို မြန်မာကျောက်ဆစ်ပညာရှင် များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ဆရာတော်ကြီးများ၏ ဩဝါဒ မိန့်ကြားချက်များအရ
ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်တော်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ကို တည်ထားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေး မြို့   မဟာလောကမာရဇိန်  ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍   တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  ယခုပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများကို ရေးထိုး ပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓ မြတ်စွာ၏ နှုတ်ကပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက်   မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိခြင်းဖြစ်ပြီး  ဘုရားဖူးလာမိဘ ပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင်   ကျောက်စာတိုက်များ အတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကိုပါ တစ်ပါတည်း လေ့လာကြည်ညို၍ နာယူကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း။

 


နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်


ဆဋ္ဌသင်္ဂါယနာတင်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး   သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ   ဆဋ္ဌသင်္ဂါယနာတင်   မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးကဲ့သို့သော    သာသနာရေး ဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်သည့် သာသနာ့ ဗိမာန်တော်ကြီးတစ်ခုကိုလည်း ထည့်သွင်း တည် ဆောက်လျက်ရှိပြီး သံဃာအပါး ၁၂၀၀ နှင့် လူပရိသတ်များ        ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း၊ မုစလိန္ဒအိုင်ကိုလည်း ဆရာတော်ကြီးများ၏ ဩဝါဒ များနှင့်အညီ    တည်ဆောက်နေကြောင်း၊  မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင် ရွက်နေချိန်အတွင်း ဘုရားကြီးတည်ထားကိုးကွယ်မှု ကို ပြီးစီးအောင် ရည်မှန်းဆောင်ရွက်နေကြောင်း၊ ဘုရားကြီးတည်ထားကိုးကွယ်မှု အောင်မြင်စွာပြီးစီး ရေးအတွက် ကျွမ်းကျင်အင်ဂျင်နီယာများ၊ ခေတ်မီ စက်ကိရိယာများဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် အကြမ်းထည် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း၊ ဗုဒ္ဓဥယျာဉ်တော် ကြီးတည်ဆောက် ပြီးစီးချိန်တွင် ဂေါပကဆရာတော် ကြီးများ သီတင်းသုံးနေထိုင်နိုင်ရေး ကျောင်းဆောင် တော်များကိုလည်း ထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် ပိဋကတ်သုံးပုံကျမ်းစာအုပ် များ နိုင်ငံတကာကျမ်းစာများကဲ့သို့ အဆင့်မီပုံနှိပ် ဖြန့်ချိထုတ်ဝေနိုင်ရေးအတွက်လည်း စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ကျောက်စာတိုက်များသို့ လာရောက် ကြည်ညိုသူများ လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ရေး ပိဋကတ်ကျမ်းစာများကို Mobile Tablet များတွင် ထည့်သွင်းထားရှိပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပိဋကတ်ကျမ်းစာများထည့်သွင်းထားသည့် Mobile Tablet များကို ဝယ်ယူပူဇော်လိုပါကလည်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရန် ပလ္လင်တော်အကြမ်းထည် တည်ဆောက် ပြီးစီးမှု၊ ချောင်းဖြောင့်မြေထိန်းနံရံ တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သုဓမ္မာဇရပ် များ တည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒအိုင်နှင့် ကျောက် စာရုံများ   တည်ဆောက်နေမှု   အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်