
နေပြည်တော် ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒများ၊ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံး များနှင့်အညီ ထုဆစ်ပူဇော်လျက်ရှိသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး အခြားသာသနိက အဆောက်အဦများကိုပါ ပြည့်စုံစွာထည့်သွင်း၍ ရတနာပုံခေတ် မြန်မာ့အနုပညာ လက်ရာ စုံလင်စွာဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေ အမြင့်ဆောင်မည် ဖြစ်ပြီး လက်ရှိအချိန်၌ ပလ္လင်တော် အပိုင်း ၁ နှင့် ၂ ကို နေရာချထားပြီး စီးပြီဖြစ်ကာ ကျန်ရှိသည့် အပိုင်းများကိုလည်း ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်မှုများ ဆောင်ရွက်လျက်ရှိသည်။
ထွင်းထုပူဇော်စိုက်ထူနိုင်ရေး
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒအရ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ဘုရားဖူးလာ မိဘပြည်သူများဖူးမြော်ရာ၌ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော်ကြည်ညို ပူဇော်နိုင်ရေး၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး၊ ခေတ်အဆက် ဆက် မှတ်တမ်းကျန်ရှိစေရေးတို့အတွက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ထွင်းထု ပူဇော်စိုက်ထူနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ခဲ့သည်။
လမ်းညွှန်ဩဝါဒခံယူ
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင်လည်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒကို ဦးစွာခံယူခဲ့ပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ထံသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လျှောက်ထား၍ လမ်းညွှန်ဩဝါဒခံယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လမ်းညွှန်ဩဝါဒများ ခံယူပြီးနောက် ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိ အက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး စိစစ်ဆောင်ရွက်ခဲ့ရာ အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ အရှင် သီလာနန္ဒာဘိဝံသ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး ငါးပါးက ကြီးကြပ်ကွပ်ကဲ၍ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို Romanize Language ဖြင့် ဖလှယ် ထားရှိခဲ့သည့် ပါဠိ အက္ခရာနှင့်
Romanize Language တို့ဖြင့် ထုဆစ်ပူဇော်သွားမည် ဖြစ်သည်။
အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး
အဆိုပါ ကျောက်စာတိုက်များ တည်ထားနိုင်ရေး ဆောင်ရွက်ရာ တွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန်တင်ထားသည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ် နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောက်စာရုံအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၇၅ လက်မ၊ ဒု ၇ ဒသမ ၂ လက်မ ရှိမည် ဖြစ်သည်။
စိုက်ထူပူဇော်ထားရှိမည်
ယခု ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို ရေးထိုးပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ ၌ စိုက်ထူပူဇော်ထားရှိမည်ဖြစ်ပြီး ဘုရားဖူးလာ မိဘပြည်သူများ အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ရာတွင် ကျောက်စာတိုက်များအတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကိုပါ တစ်ပါတည်း ကြည်ညိုလေ့လာနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းများကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုဝင်များ၊ စေတနာရှင်များ၊ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော် လျက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေများကို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် ကျောက်စာရုံလှူဒါန်းရာ၌ ကျောက်စာရုံ တစ်ခုလျှင် ငွေကျပ် ၂၇၉ သိန်း ကျသင့်မည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ကုသိုလ်ရှင်များအား ကမ္ပည်း မှတ်တမ်းရေးထိုးပေးသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
သတင်းစဉ်