
နေပြည်တော် ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင် တော်ထက် ဗဟိုဌာန၌ ဌာပနာတော်သွင်းလှူပူဇော် ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ရတနာပလ္လင်တော်နေရာ၌ ကျင်းပပြုလုပ်သည်။
တက်ရောက်ကြည်ညို
အဆိုပါ မင်္ဂလာအခမ်းအနားသို့ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါ စရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာ တော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘုရားဒါယကာများ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရှင်းလင်း ဆောင်၌ ပါဠိဆရာတော်ကြီးအမှူးပြုသည့် သံဃာ တော်များအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဦးဆောင်၍ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင် တော်ထက် ဗဟိုဌာနရှိ ဌာပနာတိုက်တော်တွင်းသို့ ထည့်သွင်းပူဇော်မည့် (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေကျောက်သံ ပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို ဌာပနာရွှေသေတ္တာတော်များအတွင်းသို့ ထုံးတမ်း စဉ်လာများနှင့်အညီ ထည့်သွင်းပြီး နံ့သာမှုန့်များ ပက်ဖျန်းပူဇော်သည်။
ယင်းနောက် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရတနတ္တယပူဇာ ဂါထာနှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပွားများ ပူဇော်ကြသည်။
ဆက်လက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဘုရားဒါယကာများက ဆရာတော် ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူကြသည့် ဇယမင်္ဂလာဂါထာတော်များကို နာယူကြည်ညိုကြ သည်။
သွင်းလှူပူဇော်
ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော် စာတမ်းကို ဖတ်ကြားသည်။ ယင်းနောက် မင်္ဂလာ အချိန်တော်တွင် ပါဠိဆရာတော်ကြီးနှင့် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာန
နေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ ထည့်သွင်းထားသည့် ဌာပနာ ရွှေသေတ္တာတော်များနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည် ကမ္ပည်းမော်ကွန်းကျောက်စာတော်တို့ကို သတ်မှတ်ဌာပနာတော် နေရာအသီးသီးတွင် ထုံးတမ်း စဉ်လာများနှင့်အညီ သွင်းလှူပူဇော်ကြသည်။
နံ့သာရည်များ ပက်ဖျန်းပူဇော်
ယင်းနောက် ပါဠိဆရာတော်ကြီးနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တို့သည် ဌာပနာတော်တိုက်များအား နံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ ဆက်လက်၍ ပါဠိဆရာ တော် ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာ အောင်ဂါထာများကို ရွတ်ဆို ပူဇော်ပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းလွှာကို ဖတ်ကြား၍ မေတ္တာပြု အမျှပေးဝေကြသည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်ပြီး ဌာပနာတော်သွင်းလှူ ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်း ဖြိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်