မာရ်အပေါင်းတို့ကို အောင်တော်မူ

Type
1

 

သိင်္ဃသူ

 

မာရဝိဇယဟု    ဘွဲ့တော်ရသည့်     ကမ္ဘာ့ အကြီးဆုံးထိုင်တော်မူ    ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ် တော်မူရာ ဗုဒ္ဓဥယျာဉ်တော်သို့ ညွတ်တွား ကော်ရော် ဖူးမြော်တစ်ခေါက် ရောက်ခဲ့ရ သည်။ မိမိကဲ့သို့ပင် ရှင်တော်မြတ်ဘုရား ၏ အေးရိပ်ဆာယာအောက်သို့ ရောက်ရှိ လာကြသူ ရဟန်းရှင်လူ ပြည်သူခပင်းတို့ ၏   ကိုယ်အမူအရာ၊   နှုတ်အမူအရာ၊  စိတ်အမူအရာ မြင်ကြားသိသမျှ အလုံးစုံ တို့မှာ မကောင်းမှုအကုသလတို့ ကင်း၍ ကောင်းမှုကုသိုလ်နှင့်         ယှဉ်သော ဝမ်းမြောက်ပီတိတို့    ဖြစ်ပေါ်နေသည့် အသွင် သဏ္ဌာန်တို့ကသာ လွှမ်းခြုံလျက် ရှိသည်။ တစ်ဖန် ငြိမ်သက်အေးချမ်းခြင်း ဟူသော သန္တရသနှင့်အတူ ဖြစ်ပေါ်နေ သည့်  အံ့ဩခြင်းဟူသော အဗ္ဘုတရသကို လည်း ခံစားရပြန်လေသည်။


အချိန်တိုကာလအတွင်း
တည်ဆောက်နိုင်ခဲ့


အဗ္ဘုတရသဟု    ဆိုရာတွင်     ဤမျှ ကြီးမားတင့်တယ်   သပ္ပာယ်လှစွာသော သန့်ရှင်းကြည်လင် ပကတိဖြူစင်သည့် ကျောက်သေလာ ဆင်းတုတော်ကြီးအား၊ ဤမျှသာယာလှပသော      စိတ်နှလုံး ချမ်းမြေ့ဖွယ်    သာသနာ့မြေပြင်    ဗုဒ္ဓ ဥယျာဉ်တော်ထက်၌၊ ဤသို့လျှင် ပွင့်ထွန်း ပေါ်ပေါက်လာရန် စွမ်းဆောင်စေနိုင်ခဲ့ကြ သည့် ဆန္ဒ၊ ဝီရိယ၊ ဝီမံသ၊ စိတ္တ တည်း ဟူသော အဓိပတိတရား လေးပါးတို့ကို ဦးစွာပထမ   အံ့ဩမိခဲ့ရခြင်းဖြစ်သည်။ မူလဘူတ     စကျင်တောင်တော်တွင် တည်ရှိနေခဲ့သည့် ဧရာမကြီးမားလေးလံ လှစွာသော  ကျောက်တုံးတော်ကြီးကို အထိအခိုက်မရှိ   ကောင်းစွာ   တူးဖော် ထုတ်ယူနိုင်ခဲ့သည်မှစ၍     တူးမြောင်း ဖောက်ကာ ရေကြောင်း၊ ကုန်းကြောင်း တို့မှတစ်ဆင့် အစိတ်အပိုင်းများခွဲလျက် နေပြည်တော်သို့ သယ်ယူခဲ့ရခြင်းတွင်ပင် ကမ္ဘာ့အဆင့်မှတ်တမ်းဝင်ခဲ့သည်။ ထိုမှ ဆက်လက်၍      စကျင်ကျောက်သား ဆင်းတုတော်ကြီးအား     ခေတ်မီနည်း ပညာ စက်ယန္တရားများနှင့် ထုလုပ်ပူဇော် ခြင်း၊ တစ်ပြိုင်တည်းမှာပင် ပိဋကတ် သုံးပုံ၊ အဋ္ဌကထာ၊ ဋီကာကျောက်စာများ နှင့် ကျောက်စာရုံစေတီများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့်   ဂန္ဓကုဋိ တိုက်တော်များ၊        မုစလိန္ဒကန်နှင့် သုဓမ္မာဇရပ်များအပါအဝင် ကုန်းဘောင် ခေတ်နှောင်းပိုင်းကာလ    မြန်မာမှုအနု ပညာလက်ရာများဖြင့်   တန်ဆာဆင် အပ်သော သာသနိက အဆောက်အအုံ များ၊ စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ ဥယျာဉ် တို့၏ အဆင်တန်ဆာအဖြစ် စိမ်းလန်း သော မြက်ခင်းများနှင့် သစ်ပင်ပန်းမန် ရေပန်းရေကန်များကိုပါ တစ်ချိန်တည်း တစ်ပြိုင်တည်း အချိန်တိုကာလအတွင်း မှာပင် ဗိသုကာလက်ရာမြောက် ခမ်းနား တင့်တယ်လှပစွာ       ပြီးပြည့်စုံအောင် တည်ဆောက်နိုင်ခဲ့ခြင်းကလည်း နောက် ထပ် အံ့ဩဖွယ်တစ်ခု ဖြစ်သည်။ 


“အတူဖြစ်ပြန်၊ ရုပ်နှင့်နာမ်ကို၊ ဧကန် လွှမ်းမိုး၊ ကြီးစိုးနိုင်ဘိ၊ အဓိပတိတရား” ဟူသည်နှင့်အညီ   ဆန္ဒ၊  ဝီရိယ၊  ဝီမံသ ဆိုသည့်  စေတသိက် သုံးမျိုးနှင့်  စိတ္တ ဆိုသည့် စိတ်တို့က ဆိုင်ရာနာမ်တရား တို့အား  လည်းကောင်း၊  ထိုနာမ်တရား တို့ကြောင့် ဖြစ်ပေါ်လာသည့် ရုပ်တရား တို့အား  လည်းကောင်း   လွှမ်းမိုးကြီးစိုး သော သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဟူ၍ ပဋ္ဌာန်းတရားတော်၌ ဆိုထားသည်။ တစ်စုံတစ်ရာကို ပြုလုပ်လိုခြင်းဟူသည့် ဆန္ဒ၊ ကြိုးပမ်းအားထုတ်ခြင်းဟူသည့် ဝီရိယ၊    တွေးခေါ်မြော်မြင်   ဆင်ခြင် ဆုံးဖြတ်နိုင်သည့် ပညာဟူသည့် ဝီမံသ၊ အဆိုပါ   ဆန္ဒ၊   ဝီရိယ၊   ဝီမံသဟူသော စေတသိက်တို့ကို လွှမ်းမိုးချုပ်ကိုင် ခိုင်မာ သောစိတ်ဟူသည့်   စိတ္တတို့က  အခေါင် အထွတ်တွင် အဓိပတိတင်၍ လွှမ်းမိုး လိုက်သည့်အခါ     မဖြစ်နိုင်သောအရာ ဟူသည် လောကတွင် မရှိတော့။
ဆန္ဒဝတော ကိံ နာမကမ္မံ န သိဇ္ဈတိ၊
ဝီရိယဝတော ကိံ နာမကမ္မံ န သိဇ္ဈတိ၊
စိတ္တဝတော ကိံ နာမကမ္မံ န သိဇ္ဈတိ၊
ပညာဝတော ကိံ နာမကမ္မံ န သိဇ္ဈတိ ဟု   မြတ်စွာဘုရား  ဟောကြားတော်မူ သည်နှင့်အညီ    ဆန္ဒပြင်းပြသူ၊   ဝီရိယ ကြီးမားသူ၊ စိတ်အားထက်သန်သူ၊ ပညာ ပြည့်ဝသူတို့အဖို့ တန်ခိုးဣဒ္ဓိပါဒ်တို့ ရရှိ ထားသည့်နှယ် အရာရာကို အောင်မြင်ပြီး မြောက်စေနိုင်သည်ဟူသည့် သာဓကကို လည်း မျက်ဝါးထင်ထင် တွေ့မြင်အံ့ဩမိ ပြန်သည်။ 


သင်ခန်းစာနှင့် သတိသံဝေဂတို့ကို 
မင်းကွန်း “ကြီးလေးကြီး”က ထားရစ်ခဲ့


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ဖူးမြော်ကြည်ညိုရင်း ကုန်းဘောင် ခေတ်    မြန်မာမှုအနုပညာ   ဗိသုကာ လက်ရာများကို ကြည့်မြင်ခံစားခြင်းနှင့် အတူ     ကုန်းဘောင်ခေတ်သမိုင်းတွင် ထင်ရှားခဲ့သည့် ဘိုးတော်ဘုရား(ဗဒုံမင်း) လက်ထက် အေဒီ ၁၇၉၀ တွင် တည်ထား ခဲ့သည့်        မင်းကွန်းပုထိုးတော်ကြီး၊ ခေါင်းလောင်းတော်ကြီး၊ ရေကန်တော် ကြီးနှင့်  ခြင်္သေ့ကြီးများဟူသော “ကြီး လေးကြီး” တို့ကို     အမှတ်ရမိသည်။ မင်းဝံတောင်ရိုးကို ကျော်လွန်ကာ ရွှေဘို မြို့တော်မှပင် လှမ်း၍ ဖူးမြော်နိုင်စေရန် ဉာဏ်တော် ၄၉၉ ပေ အမြင့်ဆောင်သည့် ပုထိုးတော်ကြီးကို      ဘုရင်ကိုယ်တိုင် အနီးကပ်ကြီးကြပ်၍     တည်ထားခဲ့ သော်လည်း ငွေကုန်လူပန်း အကြောင်း အမျိုးမျိုးတို့ကြောင့်   အပြီးမသတ်ခဲ့ဟု သမိုင်းက   ဆိုသည်။    အကယ်၍သာ ဤပုထိုးတော်ကြီး တည်ထားမှု ပြီးစီးနိုင် ခဲ့လျှင် ကမ္ဘာတွင် အကြီးဆုံးဟု မှတ်တမ်း ဝင်မည်။ ပုထိုးတော်ကြီး တည်ထားခြင်း နှင့်အတူ သွန်းလုပ်ခဲ့သည့် အလေးချိန် ၅၅၅၅၅ ပိဿာ (၉၀ ဒသမ ၅၂ တန်)ရှိ ကြေးခေါင်းလောင်းကြီးမှာမူ အသံထွက် နိုင်သည့်      ခေါင်းလောင်းများအနက် ကမ္ဘာတွင် အကြီးဆုံးအဖြစ် မှတ်တမ်းဝင် ခဲ့ပြီး ဧရာဝတီမြစ်ထဲသို့ တစ်ပိုင်းတစ်စ ပြိုကျသွားခဲ့ပြီဖြစ်သည့်     ခြင်္သေ့ကြီး၊ ကြက်ထောင့် ရေကန်တော်ကြီးတို့နှင့် အတူ အတိတ်သမိုင်း၏ ပုံရိပ်များအဖြစ် ကြွင်းကျန်ရစ်ခဲ့သည်။   မိမိအနေဖြင့်မူ ကြီးမားသည့် အရေးကိစ္စများ အောင်မြင် ပြီးမြောက်နိုင်ရန် အထောက်အပံ့ကောင်း အကြောင်းပစ္စယအလုံးစုံတို့ ပြည့်စုံရန် လိုအပ်သည်ဟူသော     သင်ခန်းစာနှင့် သတိသံဝေဂတို့ကိုလည်း    နှောင်းလူတို့ အတွက်  မင်းကွန်း  “ကြီးလေးကြီး”က ထားရစ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်မိ သည်။ 


မေတ္တာတော်စွမ်းပကားဖြင့် 
ပယ်ရှားအောင်မြင်တော်မူ


“တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော် ၍၊ ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန် လပြည့်၊  ဆင်မင်းနေ့ဝယ်၊   မြေ့ပရမေ၊ ပလ္လင်ဘွေထက်၊   ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော် မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊   အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊    သောင်းလုံး ကျော်သည်၊  သုံးဖော်လူတို့၊  ငြိမ်းပါကို” ဆိုသည့် လယ်တီဆရာတော်ဘုရားကြီး ၏   ခုနစ်နေ့  ဘုရားရှိခိုးလင်္ကာတစ်ပိုဒ် သည် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်သည့်အခိုက် ရင်မှာရိုက်ခတ်လာခဲ့ သည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန် လပြည့်    ဗုဒ္ဓဟူးနေ့တွင်    နေမဝင်မီ     ဘုရားအလောင်းတော်သည်     မာရ်နတ် ကို အောင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ရှေးဘဝများကို     ပြန်လည်အောက်မေ့ သတိရနိုင်သည့်   ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်၊ သန်းခေါင်ယံ၌ တစ်လောကလုံး ရှိ သတ္တဝါအပေါင်းကို တွေ့မြင်နိုင်သည့် ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ၌ ကိလေသာ ဟူသမျှကို   အကြွင်းမရှိ   ပယ်သတ်နိုင် သည့် အာသဝက္ခယဉာဏ်၊ အရုဏ်တက် သည်နှင့်တစ်ပြိုင်နက် လောက၌ရှိသမျှ တရားအလုံးစုံတို့ကို     ကိုယ်တော်တိုင် သိတော်မူသည့် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်တော်မူ ခဲ့ခြင်းဖြစ်သည်။ ဘုရားအလောင်းတော် သည် ဗောဓိပင်နှင့် ရွှေပလ္လင်ထက်ဝယ် စံတော်မူ၍  မာရ်နတ်နှင့်တကွ  ၎င်း၏ တစ်ခဲနက် များပြားလှစွာသော မာရ်နတ် စစ်သည်များက     ကြောက်မက်ဖွယ်ရာ ငြာသံပေးကြွေးကြော်   တိုက်ခိုက်လာ သည်များကို ဘဝအဆက်ဆက် ဖြည့်ကျင့် ခဲ့သည့်     ပါရမီကုသိုလ်တော်များနှင့် မေတ္တာတော်တို့၏       စွမ်းပကားဖြင့် ပယ်ရှား  အောင်မြင်တော်မူခဲ့ခြင်းဖြစ် သည်။


ရဟန်းရှင်လူ ပြည်သူအပေါင်း 
နှစ်ထောင်းအားရ ဖူးမြော်လျက်ရှိ


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်သည့်   မျက်မှောက် ကာလတွင် မည်သည့်အချိန်အခါနှင့်မျှ မတူ   နိုင်ငံနှင့် လူမျိုးကိုရော၊  ဘာသာ သာသနာကိုပါ အဘက်ဘက်မှ တစ်ပြိုင် တည်း    မာရ်နတ်စစ်သည်များသဖွယ် အုံကျင်းဖွဲ့ တိုက်ခိုက်မှုများကို ကြုံတွေ့ နေရသည်။   လောဘ  ဒေါသ  မောဟ တည်းဟူသော ကိလေသာမီးတို့ အလျှံ ညီးညီး တောက်လောင်နေသူတို့က နိုင်ငံ နှင့်  လူမျိုး    ပျက်စီးရာပျက်စီးကြောင်း အားထုတ်ကြိုးပမ်း ဖျက်ဆီးနေကြရုံမျှ မက ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးတို့ကိုပါ   ပြစ်တင်ကြိမ်းမောင်း ခြိမ်းခြောက်ဆဲရေး ပုတ်ခတ်ကျူးလွန်နေ ကြသည်။ ဤသို့သော အခြေအနေအချိန် အခါတွင် မာရ်ငါးပါးကို အောင်မြင်တော်မူ ခြင်းဟု   အနက်အဓိပ္ပာယ်ဆောင်သည့် မာရဝိဇယ     ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်လာခဲ့သည်မှာ အပူကို ငြိမ်းစေသည့် အအေးဓာတ်တို့ လောက တစ်ခွင်ကို ဖြန့်ကြက်အေးချမ်းစေသကဲ့ သို့    ရန်မြူခပင်း    အမိုက်သင်းတို့ကို အရှင်းပယ်ဖျောက်ကာ ချမ်းသာခြင်းကို ဆောင်ကြဉ်းပေးမည်ဟု   ယုံကြည်ကြ သည့်အလျောက် သဒ္ဓါကြည်ဖြူ ကုသိုလ် ယူလိုကြသူ     ရဟန်းရှင်လူ    ပြည်သူ အပေါင်းက နှစ်ထောင်းအားရ ဖူးမြော် လျက်ရှိကြခြင်းဖြစ်သည်။


နေခြည်နွေးနွေး     အလင်းရောင် အောက်တွင်    လေညင်းတသုန်သုန် တိုက်ခတ်လျက် ဘုရားကြီးရင်ပြင်တော် တစ်ခွင် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်သံ က လွင့်ပျံလျက်ရှိသည်။ ရပ်နီးရပ်ဝေးမှ ရောက်ရှိလာကြသည့် ရဟန်းသံဃာများ၊ သီလရှင်များ၊ တိုင်းရင်းသား တိုင်းရင်းသူ ဘုရားဖူးခရီးသည်   ပြည်သူများ   အစု လိုက်၊ အဖွဲ့လိုက် ဘုရားရင်ပြင်တော်ပေါ် သို့ တက်ရောက်လာနေကြသည်။ ဘုရား မြတ်စွာ၏  ဂုဏ်တော်ကို  ရည်မှန်းကာ ရှိခိုးကန်တော့နေကြသူများ၊   ဂန္ဓကုဋိ တိုက်တော်များတွင် လှည့်လည်လေ့လာ ကြည်ညိုနေကြသူများ၊   သုဓမ္မာဇရပ် များတွင်    ဝိုင်းဖွဲ့အနားယူနေကြသူများ၊ ကျောက်စာရုံ      စေတီတော်များတွင် ကြည့်ရှုလေ့လာနေကြသူများကို အရပ် ရှစ်မျက်နှာပတ်လည်၌     မြင်တွေ့နေရ သည်။   မြင်သမျှ   တွေ့သမျှ    ကြားသမျှ တို့က စိတ်နှလုံးချမ်းမြေ့ဖွယ် ကြည်နူး ဖွယ်ကောင်းပေစွဟု      ကျူးရင့်လျက် မြတ်စွာဘုရားရှင်၏      တန်ခိုးတေဇော် အာနုဘော်တို့ကြောင့်         နိုင်ငံတော် တစ်ဝန်း   ဘေးအပေါင်း၊    ရန်အပေါင်း တို့   ကင်းဝေးကြ၍  အေးချမ်းသာယာ ဝပြောနိုင်ပါစေကြောင်း  ဆုမွန်တောင်း ခဲ့ပါသည်။          ။