
အန်တာနာနာရီဗို ဖေဖော်ဝါရီ ၇
အရှေ့အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် မာဒါဂါစကာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု တိုက်ခတ်မှုကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်းနှင့် လူပေါင်း ၅၀၀၀၀ နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
ကုန်းတွင်းပိုင်းဒေသသို့ဝင်ရောက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် သီတင်းနှစ်ပတ်တာ ကာလအတွင်း မာဒါဂါစကာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နှစ်ကြိမ်မြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ကြောင်းလည်း သိရ သည်။ အိန္ဒိယသမုဒ္ဒရာအတွင်း၌ စတင်ခဲ့သည့် အဆိုပါ ဘတ်ဆီရိုင်ဆိုင်ကလုန်းမုန်တိုင်းသည် ဖေဖော်ဝါရီ ၅ ရက်တွင် မာဒါဂါစကာနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ကုန်းတွင်းပိုင်း ဒေသသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့ကာ မြစ်များ၊ ချောင်းများ ရေလျှံမှု ဖြစ်ပွားခဲ့ကြောင်းနှင့် နေအိမ်ခေါင်မိုးများ ပြိုကျမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ဆိုင်ကလုန်းမုန်တိုင်းသည် ယခုအခါတွင် အားပျော့ပျက်ပြယ်သွားပြီဖြစ်သော်လည်း ဆိုင်ကလုန်းမုန်တိုင်း ကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်များက ပြောကြားသည်။
၉၅ ရာခိုင်နှုန်းအထိ ပျက်စီးမှုရှိ
မာဒါဂါစကာနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသရှိ နိုဆီဗာရီကာတွင် အဆောက်အအုံစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်း အထိ ပျက်စီးမှုရှိခဲ့ကြောင်းနှင့် လူပေါင်း ၄၇၈၀၀ သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း ဒေသဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်များက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်
v