
ဘားအံ မတ် ၆
ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်နယ်တစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် စက်မှုလယ်ယာသို့ကူးပြောင်းနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု အခြေခံသင်တန်း အပတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို မတ် ၅ ရက်က ဘားအံမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
နည်းပညာများ ပိုမိုတတ်ကျွမ်း
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လယ်ယာသုံးစက်ကိရိယာများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်း တတ်ရန်မှာ အလွန်အရေးကြီးပါကြောင်း၊ သင်တန်းမှ စာတွေ့လက်တွေ့ သင်ကြားပေးလိုက်သည့်အတွက် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင် စွာ စနစ်တကျကိုင်တွယ်နိုင်မည်ဖြစ်ပြီး အလုပ် အကိုင်အခွင့်အလမ်းများ၊ တစ်ဦးချင်းဝင်ငွေများ ပိုမိုမြင့်မားလာမည်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းခွင် တွင် နည်းပညာများ ပိုမိုတတ်ကျွမ်းစွာဖြင့် လျင်မြန် စွာ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လာနိုင်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတတ်ကျွမ်းထားသည့် ပညာရပ်များဖြင့် လယ်ယာစီးပွားလုပ်ငန်းများကို လုပ်ကိုင်ပြီး မိမိရပ်ရွာအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာသုံး စက်ကိရိယာပြင်ဆင်ထိန်းသိမ်းမှု အခြေခံသင်တန်း အောင် လက်မှတ်များပေးအပ်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူပြီး သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သူများကို ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်။
ကွန်ပျူတာတက္ကသိုလ် တည်ဆောက်မှုကြည့်ရှု
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ဘားကပ်ကျေးရွာရှိ ကွန်ပျူတာ တက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းခွင်များ အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကွန်ပျူတာ တက္ကသိုလ်အစည်းအဝေးခန်းမ၌ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာခင်မာလာထွန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ တည်ဆောက်ရေးလုပ်ငန်း များအနေဖြင့် (၃၈၀၇ ပေ x ၆ ပေ) အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်း၊ ပင်မသုံးထပ်ဆောင် ၂၅၉၅၅၃ပေ ဆေးသုတ်ခြင်းလုပ်ငန်း၊ (၁၃၀၀ ပေ x ၁၄ ပေ x ၈ လက်မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကျောင်းသား ကျောင်းသူ ၁၆၀ ဆံ့ သုံးထပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ ဓာတ်အားလိုင်းနှင့် ကွန်ကရစ်တိုင်များ အစားထိုးတည်ဆောက်ခြင်း လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို မှာကြားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)