
နေပြည်တော် ဒီဇင်ဘာ ၂၈
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်နှင့်စပ်လျဉ်း၍ လယ်ယာ မြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့် အနေဖြင့် လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များအရ လည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ညွှန်ကြားချက် အရလည်းကောင်း သေချာစွာ စိစစ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယခင် အစိုးရကာလ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ထားသော အမှုတွဲများအနေဖြင့် မူဝါဒများနှင့် ကိုက်ညီမှန်ကန်မှု ရှိ / မရှိ၊ ဗဟိုလယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက် များနှင့်ညီညွတ်မှု ရှိ/မရှိ စိစစ်၍ ယခုအစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်မည်ဖြစ်ကြောင်း။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ဖျက်သိမ်းပေး ရန် တင်ပြလာသည့်ကိစ္စရပ်ကို ဆွေးနွေးဆုံးဖြတ်ရန် ပါဝင်ကြောင်း၊ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် ရရှိပြီးသူများအနေ ဖြင့် ခွင့်ပြုချက်ရရှိပြီး ခွင့်ပြုသည့် နေ့ရက်မှ ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း လုပ်ငန်းပြီးစီး အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လယ်ယာမြေကို အခြားနည်းအသုံး ပြုခွင့်ရရှိပြီးနောက် သတ်မှတ် ကာလအတွင်း လုပ်ငန်းများပြီးစီး အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါ က မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြည်နယ်၊ နေပြည်တော်လယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့် အနေဖြင့် စိစစ်ပြီး လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်နှင့် အညီ အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကို ပြန်လည်ပယ်ဖျက် နိုင်ရေး အမှုကိစ္စတစ်ခုချင်း အလိုက် ကြီးကြပ်စိစစ်ပြီး ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ သို့ နည်းဥပဒေပါ ပြဋ္ဌာန်းချက် အတိုင်း တင်ပြဆောင်ရွက်ပေး သွားရန်ဖြစ်ကြောင်း။
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဖွဲ့ဝင်အားလုံး၏ ဆွေးနွေး သုံးသပ်ချက်၊ တင်ပြချက်များနှင့် သဘောတူညီမှုအရ ဆုံးဖြတ် ဆောင်ရွက်ရခြင်း ဖြစ်သည်ကို သတိပြုပြီး ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး တင်ပြကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။
ထို့နောက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက် နိုင်ဦးက ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့၏ (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်ရ မည့်လုပ်ငန်းစာတွဲများအား တင်ပြ ရာ အကြောင်းအရာတစ်ခုချင်း အပေါ် အစည်းအဝေးတက်ရောက် လာသည့် ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များက ကဏ္ဍ အလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြ သည်။
သတင်းစဉ်