
ယခုအချိန်အခါသည် တောင်သူလယ်သမားများ မိုးစပါး စတင်စိုက်ပျိုး သည့် အချိန်ကာလဖြစ်သည်။ မြန်မာနိုင်ငံ၏စပါးကျီဟု ခေါ်ဆိုတင်စား ရသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့မြို့နယ်များ၌ မိုးစပါး ရာသီတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို ထည့်သွင်း စိုက်ပျိုးနေ ကြသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ဒေသအသီးသီးမှ တောင်သူများ အတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ပြုလုပ်သုံးစွဲနည်းနှင့် အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြလိုက်ပါသည်။
မြန်မာအမည် - ပိုက်ဆံလျှော်
အင်္ဂလိပ်အမည် - Sunn Hemp
သိပ္ပံအမည် - Crotalaria juncea L
မျိုးရင်း - Leguminoseae
မူရင်းဒေသ - အိန္ဒိယ
သွင်ပြင်လက္ခဏာ
(၁) ကြီးထွားမှုလျင်မြန်သည့် သဘာဝသစ်စိမ်းမြေသြဇာအဖြစ် ထင်ရှားသည်။
(၂) တောက်ပသော အဝါရောင်ပန်းပွင့်ပြီး ထောင်မတ်၍ ကိုင်းဖြာ သည့် တစ်နှစ်ခံပင်ဖြစ်သည်။
(၃) အပင်ပိုင်းကြီးထွားမှုမြန်သကဲ့သို့ အမြစ်ပိုင်းဆိုင်ရာကြီးထွား ဖွံ့ဖြိုးမှု အားကောင်းသည့်အပင် ဖြစ်သည်။
(၄) မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ တိုးပွားစေရုံသာမက အပေါ်ယံ မြေလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်သည်။
(၅) မြေအောက်ရေကို ထိန်းပေးနိုင်သည်။
(၆) စပါးမြစ်ဖု နီမတုတ်ရောဂါဒဏ်ကို ခံနိုင်ရည်ရှိသည်။
သစ်စိမ်းမြေသြဇာပြုလုပ်ခြင်း
(၁) မိုးရာသီ သစ်စိမ်းမြေသြဇာပြုလုပ်သည့်စိုက်ခင်းမှ တစ်ဧက လျှင် Bio Mass ငါးတန်မှ ခုနစ်တန်အထိ ထွက်ရှိမည် ဖြစ်သည်။
(၂) ရာသီဥတုအခြေအနေပေးပါက စိုက်ပျိုးပြီး ရှစ်ပတ်မှ ၁၂ ပတ် အတွင်း Bio Mass ၁၀ တန်လျှင် နိုက်ထရိုဂျင်ပမာဏ ၁၅၀ ကီလိုဂရမ်အထက် ထုတ်ပေးနိုင်သည်။
(၃) စိုက်ပြီး ရက် ၄၀ မှ ၄၅ ရက်သား ပန်းမပွင့်မီအချိန်သည် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်သည်။
(၄) ပန်းပွင့်ပြီး မျိုးစေ့ဖွံ့ဖြိုးချိန် နိုက်ထရိုဂျင်ထုတ်လုပ်မှု လျော့ကျ သည်။ သစ်စိမ်းမြေသြဇာပြုလုပ်လိုပါက စိုက်ပျိုးပြီး ၄၅ ရက် သားသည် အကောင်းဆုံးဖြစ်၍ ထယ်ထိုးပြီး ထွန်မွှေပါ။
စိုက်ပျိုးခြင်း
စိုက်ချိန်- ရာသီအားလုံးစိုက်နိုင်ပြီး မျိုးစေ့ထုတ်စိုက်ပျိုးပါက မြန်မာ နိုင်ငံ အထက်ပိုင်းဒေသများတွင် မေလ၊ ဇွန်လနှင့် အောက်ပိုင်းဒေသ များတွင် အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စိုက်သင့်သည်။
မြေအမျိုးအစား- pH ၅ မှ ၈ ဒသမ ၅ အတွင်း မည်သည့်မြေအမျိုး အစားမဆို စိုက်နိုင်သည်။ နုန်းမြေသည် အသင့်တော်ဆုံးဖြစ်သော်လည်း မြေညံ့သည့် သဲဆန်သောဒေသများတွင် အခြားသီးနှံ စိုက်ပျိုးမရပါက ပိုက်ဆံလျှော်ကို စိုက်ပျိုးပါ။
မျိုးစေ့နှုန်းထား- သစ်စိမ်းမြေသြဇာအတွက် စိုက်ပါက တစ်ဧက လျှင် တန်းကြား တစ်ပေ၊ ပင်ကြား လေးလက်မ၊ မျိုးစေ့ ၂ ဒသမ ၅ ပြည်နှုန်း၊ ကြဲပက်စိုက်ပါက လေးပြည်မှ ခြောက်ပြည်နှုန်း သုံးစွဲပေးပါ။
အထွက်နှုန်း- မိုးရာသီ သစ်စိမ်းမြေသြဇာပြုလုပ်သည့် စိုက်ခင်းမှ တစ်ဧကအတွက် Bio Mass ငါးတန်မှ ခုနစ်တန်အထိ ရရှိနိုင်သည်။ မျိုးစေ့ထုတ်စိုက်ခင်းမှ တစ်ဧကလျှင် ရှစ်တင်းမှ ၁၀ တင်းနှုန်း ထွက်ရှိ သည်။
မျိုးစေ့ထုတ်လုပ်ခြင်း
မျိုးစေ့ထုတ်လုပ်ရန် စိုက်ပျိုးပါက တစ်ဧကလျှင် တန်းကြား ၁ ဒသမ ၅ ပေ၊ ပင်ကြား ခြောက်လက်မ၊ မျိုးစေ့ ၁ ဒသမ ၅ ပြည်နှုန်း သုံးစွဲပါ။ မျိုးစေ့ထုတ်ပါက သက်တမ်းငါးလ (ရက် ၁၅၀) အတွင်း အသီး တောင့်လေးများ သားရေသားကဲ့သို့ဖြစ်လာပြီး ဖောင်းတင်းနေချိန်တွင် ရိတ်သိမ်းပါ။ အလွယ်ကူဆုံး ခန့်မှန်းရန်မှာ အပင်ကို လှုပ်ကြည့်ပါက အသီးတောင့်လေးများ လှုပ်လာသံကြားလျှင် ရိတ်သိမ်းရန် အကောင်း ဆုံးဖြစ်သည်။
သက်တမ်းတိုတိုနှင့် အကျိုးများသည့် ပိုက်ဆံလျှော်
သီးနှံများ အထွက်နှုန်းတိုးစေရန် ဓာတ်မြေသြဇာများကို နှစ်စဉ် ဆက်တိုက် လွန်ကဲစွာသုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်း နှင့် ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိများ ထိခိုက်လာခြင်းကို ပြုပြင်ရန်နှင့် ဓာတု ဓာတ်ကြွင်းများကြောင့် လူနှင့်သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးရမှုကို ကျော်လွှားနိုင်ရန် အချိန်တိုအတွင်း ကြီးထွားမှုမြန်ဆန်၍ နိုက်ထရိုဂျင် ပမာဏ များများထုတ်ပေးသည့် ပိုက်ဆံလျှော်ကို နှံစားနှင့် အခြားသီးနှံ များ မစိုက်ပျိုးမီ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးနိုင်သည်။ မြေဖုံးပင် အဖြစ် စိုက်ပျိုးပါကအကျိုးများသည့် သီးနှံဖြစ်ပါသည်။
- ပုံမှန်အားဖြင့် ပိုက်ဆံလျှော်သည် ပိုးမွှားရောဂါကျရောက်မှု နည်းပါး၍ ပိုးသတ်ဆေးသုံးရန် မလိုပါ။
- တောက်ပသည့် အဝါရောင်ပန်းပွင့်များကြောင့် ပျား၊ နကျယ်များ ကို ဆွဲဆောင်နိုင်၍ ဇီဝနည်းဖြင့် ပိုးမွှားကာကွယ်နိုင်သည်။
- နီမတုတ်ရောဂါကျရောက်မှုကို လျှော့ချပေးသည့်အတွက် သီးလှည့်စိုက်ပေးနိုင်သည်။
- သစ်စိမ်းမြေသြဇာသုံးစွဲခြင်းဖြင့် မြေကြီးထဲတွင် အကျိုးပြု ဗက်တီးရီးယားများနှင့် တီကောင်များ ပွားများစေပါသည်။ထိုအကျိုးပြုသက်ရှိများ များလေလေ အပင်အတွက် အသုံးဝင် သော အာဟာရများကို ဖြိုခွဲပေးနိုင်လေလေ ဖြစ်သည်။
- သစ်စိမ်းမြေသြဇာကို နှစ်ရာသီ၊ သုံးရာသီလောက် ဆက်တိုက် စိုက်ပျိုးပါက ပေါင်းပေါက်ရောက်မှုကို သိသိသာသာ လျော့နည်း စေမည်ဖြစ်ပါသည်။
- သစ်စိမ်းမြေသြဇာ ထည့်ပေးခြင်းဖြင့် မြေကြီး၏ အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်း ရှိပါသည်။ နွေရာသီအချိန်မှာ မြေကြီးကို အပူချိန်အလွန်မတက်အောင် ထိန်းပေးထားနိုင်သလို ဆောင်းရာသီတွင်လည်း မြေကြီးအပူချိန် အလွန်ကျမသွား အောင် ကူညီပေးပါသည်။
- သစ်စိမ်းမြေသြဇာပင်များ၏ အမြစ်များက မြေကြီးနက်နက် ထဲသို့ဆင်းနိုင်ပြီး အပင်အာဟာရများကို အပေါ်ယံမြေဆီလွှာ သို့ သယ်ဆောင်ပေးပါသည်။
- သစ်စိမ်းပင်များသည် သီးနှံပင်များကို ကူညီပေးရုံသာမက ပတ်ဝန်းကျင်ကိုပါ ကူညီပေးပါသည်။ သစ်စိမ်းမြေသြဇာ သုံးခြင်းအားဖြင့် ဓာတ်မြေသြဇာများများသုံးရန် မလိုအပ်ပါ။ ဓာတ်မြေသြဇာ လျှော့သုံးလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ရှိ မြေကြီးနှင့် ရေထဲသို့ ဓာတုအဆိပ်များစီးဆင်းမှုကို လျော့နည်း စေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
ချစ်သက်လယ် (ပြန်/ဆက်)