
ဒေါက်တာဝင်းစုမင်း (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အလျောက် စိုက်ပျိုးရေးမှထုတ်လုပ်သော စွန့်ပစ် ပစ္စည်းများသည်လည်း တစ်နှစ်ထက် တစ်နှစ် များပြား လာလျက်ရှိနေပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး ဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး မြေဆွေးပုံများပြုလုပ်သုံးစွဲရန်အတွက် အလွန်လိုအပ်လျက် ရှိနေပါသည်။ တစ်ဖက်မှလည်း ပတ်ဝန်းကျင်ညစ်ညမ်း မှုကိုလျှော့ချနိုင်ပြီး အခြားတစ်ဖက်မှလည်း စိုက်ပျိုး ရေးဆိုင်ရာ အထွက်နှုန်းများ တိုးတက်စေရန်အတွက် လည်း ရည်ရွယ်ချက်များထားရှိကာ ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ရေရှည်တွင် မြေဆီလွှာအာဟာရ ကို ထိန်းသိမ်းရန်အတွက်လည်း မြေဆွေးများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးလှပါသည်။ ထို့ကြောင့် အကျိုးပြုအဏုဇီဝသက်ရှိများကို အသုံးပြု ၍ ၎င်းစွန့်ပစ်ပစ္စည်းများကို ဆွေးမြည့်စေကာ မြေဆွေးပြုလုပ်အသုံးချခြင်းသည် အကောင်းမွန်ဆုံး သော နည်းလမ်းဖြစ်ပါသည်။
မြေဆွေးဆိုသည်မှာ
မြေဆွေးဆိုသည်မှာ အဏုဇီဝသက်ရှိများမှ ချေဖျက်ပြီး ရရှိလာသော တည်ငြိမ်ဆွေးမြည့်သည့် အော်ဂဲနစ်ပစ္စည်းကို ဆိုလိုပါသည်။ မြေဆွေးဖြစ်စဉ် တစ်ခုတွင် အဏုဇီဝသက်ရှိများသည် အောက်ဆီ ဂျင်ကိုအသုံးပြုပြီး ချေဖျက်သည့်ဖြစ်စဉ်တစ်ခုဖြစ် ခဲ့ပြီး မူလရှုပ်ထွေးသည့်အော်ဂဲနစ်ပစ္စည်းများကို အော်ဂဲနစ်ပစ္စည်းများအသွင်သို့ ပြောင်းလဲသည့် ဖြစ်စဉ် ဖြစ်ပါသည်။ ထရိုင်ခိုဒါးမားဖြင့် ဆွေးမြည့့် ထားသော မြေဆွေးများသည် သာမန်ဥယျာဉ်ခြံ မြေဆွေးများထက် အပင်ရောဂါများကိုသက်သာစေပြီး အပင်ကြီးထွားမှုကို တိုးတက်ကောင်းမွန်စေပါသည်။
အကျိုးပြုအဏုဇီဝသက်ရှိများအသုံးပြု၍
မြေဆွေးပြုလုပ်ခြင်း
မြေဆွေးပြုလုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ပြောင်းရိုး၊ နှမ်းရိုး၊ ကြံကြိတ်ဖတ် ကဲ့သို့သော ပစ္စည်းများကိုအသုံးပြုနိုင်ပါသည်။ သမားရိုးကျမြေဆွေးများသည် ဆွေးမြည့်ရန်အတွက် ပုံမှန်အားဖြင့် လေးလမှ ငါးလ ခန့်အထိ ကြာမြင့်တတ်ကြပါသည်။ အကျိုးပြုအဏု ဇီဝသက်ရှိကိုအသုံးပြု၍ ဆွေးမြည့်စေမည်ဆိုပါက သုံးပတ်မှ လေးပတ်အထိကြာမြင့်ချိန်ကို လျှော့ချနိုင် မည် ဖြစ်ပါသည်။ ဆဲလူးလို့စ်များကို ချေဖျက်နိုင် သည့် အက်စပါးဂျီးလပ်စ်နှင့် ထရိုင်ခိုဒါးမားမှိုများကို အသုံးပြုမည်ဆိုပါက တစ်လအတွင်းဆွေးမြည့်စေနိုင်ကြောင်း သုတေသနများအရ သိရှိရပါသည်။ ထရိုင်ခိုဒါးမားမှိုများတွင် ပါဝင်သည့် အင်ဇိုင်း တစ်မျိုးသည် ဆဲလူးလို့စ်များကို ကောင်းစွာ ချေဖျက်နိုင်ပါသည်။ ထို့ကြောင့် ထရိုင်ခိုဒါးမား အကျိုးပြုမှိုများကို မြေဆွေးပြုလုပ်ရာတွင် အသုံးပြု သင့်ပါသည်။
ထရိုင်ခိုဒါးမားမှိုအသုံးပြု၍ မြေဆွေးပြုလုပ်ခြင်း
ထရိုင်ခိုဒါးမားမှိုသည် ပွားများမှုမြန်ဆန်ပြီး စီးပွားဖြစ်အနေဖြင့် ဇီဝမြေဆွေးထုတ်လုပ်ခြင်း၊ ဇီဝ ပိုးသတ်ဆေးများထုတ်လုပ်ခြင်းတို့တွင် ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုခဲ့ကြသည်။ သီးနှံအများစု၏ မြေဆောင်ရောဂါများကျရောက်မှုတွင်လည်း ထရိုင်ခို ဒါးမားမှိုကို အသုံးပြု၍ ရောဂါများကို လျော့ပါး သက်သာစေကြောင်း တွေ့ရှိရပါသည်။ ထရိုင်ခို ဒါးမားမှိုဖြင့်စီရင်ထားသော မြေဆွေးများသည် အပင်များတွင်ဖြစ်စေသော မှိုရောဂါတော်တော် များများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဇီဝမြေဆွေး များသည် ဓာတုမြေဆွေးများကဲ့သို့ အပင်ကို တိုက်ရိုက် အစာကျွေးခြင်းမဟုတ်ဘဲ မြေထဲတွင်ရှိသော အခြား ဗက်တီးရီးယားများနှင့် မှိုများအတွက် ကြားခံပစ္စည်း များအနေဖြင့် အကျိုးပြုနေပါသည်။ ဇီဝမြေဆွေး ထုတ်လုပ်မှုသည် ဓာတုမြေဩဇာများထုတ်လုပ်ခြင်း ထက် ရိုးရှင်းလွယ်ကူပြီး ထုတ်လုပ်မှုကုန်ကျစရိတ် ကို သက်သာစေပါသည်။
မြေဆွေး ဆွေးမြည့်မှုကိုစမ်းသပ်ခြင်း
မျိုးစေ့ကို အညှောင့်ဖောက်၍ စမ်းသပ်ခြင်းသည် မြေဆွေးဆွေးမြည့်မှုကို တိုင်းတာရာတွင် အကောင်း ဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ အပင်ပေါက်ရာခိုင် နှုန်း ၈၀ - ၈၅ ရာခိုင်နှုန်းထက် ကျော်လွန်ပါက မြေဆွေးသည် ကောင်းစွာဆွေးမြည့်နေပြီ ဖြစ်ပါ သည်။ ကောင်းစွာဆွေးမြည့်နေသော မြေဆွေးသည် ပြင်ပသွင်ပြင်လက္ခဏာများအရ အညိုရောင်မှ အနက်ရောင်ဖြစ်နေခြင်း၊ မြေလုံးဖွဲ့စည်းမှုကောင်း ခြင်း၊ အနံ့အသက်ကောင်းခြင်းတို့နှင့် ပြည့်စုံရပါ မည်။ ထရိုင်ခိုဒါးမားမှိုစီရင်ထားပါက နိုက်ထရိုဂျင်၊ ဖော့စပါးရပ်နှင့် ပိုတက်စီယမ်ပါဝင်မှုကို ကောင်းမွန် စေပါသည်။ ကာဗွန်၊ နိုက်ထရိုဂျင်အချိုးကိုလည်း လျော့ကျစေပါသည်။ ကောက်ရိုးမြေဆွေးသည် ၈၅-၁၀၈ ရက်အတွင်း ဆွေးမြည့်ပြီး ကြံမြုပ်ချေး မြေဆွေးသည် ရက်ပေါင်း ၁၁၈ ရက်ကြာမှသာ ဆွေးမြည့်သည်ကို လေ့လာတွေ့ရှိထားပါသည်။ ထို့ကြောင့် ထရိုင်ခိုဒါးမားမှိုကို အသုံးချခြင်းဖြင့် မြေဆွေးများ ပြုလုပ်သုံးစွဲသင့်ပါသည်။
သဘာဝမြေဆွေးနှင့် ဇီဝမြေဆွေးတို့၏
အကျိုးကျေးဇူးများ
သဘာဝ၊ ဇီဝမြေဆွေးများကို အသုံးပြုခြင်းဖြင့် တောင်သူများလက်ရှိအသုံးပြုနေသော ဓာတုဗေဒ ပိုးသတ်ဆေး၊ မြေဩဇာများအတွက် ကုန်ကျစရိတ် များကို လျှော့ချနိုင်ပြီး ဝင်ငွေများလည်း တိုးတက် လာစေမည်ဖြစ်ပါသည်။ အကျိုးပြုအဏုဇီဝသက်ရှိများကိုအသုံးပြု၍ မြေဆွေးများ ပြုလုပ်သုံးစွဲခြင်း ဖြင့် အစားအစာလုံခြုံမှုနှင့် အန္တရာယ်ဖြစ်မှု၊ စားသုံးရန်စိတ်ချရမှု စသည်တို့ကိုလည်း တိုးတက် ကောင်းမွန်စေမည်ဖြစ်ပါသည်။ ပြည်ပပို့ကုန်သီးနှံ များတွင်လည်း ဓာတ်ကြွင်းအာနိသင်ပြဿနာ ကြောင့် ပို့ကုန်အတွက်ထိခိုက်နစ်နာမှုများ၊ စီးပွား ရေးအရ ဆုံးရှုံးရမှုများကို စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များလည်း ထိခိုက်ခံစားနေကြရပါသည်။
ဇီဝမြေဆွေးများ ပြုလုပ်သုံးစွဲခြင်းဖြင့် အထက်ပါပြဿနာများကို ပြေလည်စေမည်ဖြစ် ပြီး စားသုံးသူ၊ စိုက်ပျိုးသူ၊ ကုန်သည်များမှသည် နိုင်ငံတော် အထိ များစွာအကျိုးရှိစေမည်ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းများကိုအသုံးပြုပြီး ဇီဝမြေဆွေးများ အမြန်ဆုံးအကောင် အထည်ဖော်ပြုလုပ်သုံးစွဲကြရန် လိုအပ်လာပြီဖြစ် ပါသည်။ ဇီဝမြေဆွေးများ ပြုလုပ်သုံးစွဲလိုသော တောင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် အော်ဂဲနစ်စိုက်ပျိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်လိုသော အဖွဲ့အစည်းများအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထရိုင်ခိုဒါးမားမှို ထုပ်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးခြင်းနှင့် ဇီဝမြေဆွေးပြုလုပ်ရန် နည်းပညာများသင်တန်း ပေးခြင်း၊ လက်တွေ့ဆောင်ရွက်ပေးခြင်းတို့ဖြင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ။
- Log in to post comments