လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော သွင်းအားစုများ အဆင်ပြေချောမွေ့စွာ တင်သွင်းရမည်

နေပြည်တော် မတ် ၁၀ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေနှင့် အခြားအခက်အခဲ အခြေအနေများ ရှိနေသော်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများ အရှိန်အဟုန်မပြတ် ပူးပေါင်း ဆောင်ရွက်ခဲ့ကြ၍ ယခုဆိုလျှင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှု ကာလအတွင်းတွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့် များစွာထိတွေ့ဆောင်ရွက် ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာတစ်ခုအထိ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကဏ္ဍတစ်ခု တည်းကိုမဟုတ်ဘဲ ကဏ္ဍအားလုံး ပူးပေါင်းဆောင် ရွက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခင်နှစ် များက ကုန်သွယ်မှုလိုငွေပြခြင်း (Trade Deficit)များ ရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပိုငွေပြခြင်း (Trade Surplus) ဖြစ်ခဲ့ပြီး ယခုနှစ်တွင် လည်း Trade Deficit နည်းနိုင်သမျှ နည်းနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ် သော သွင်းအားစုများ အဆင်ပြေချောမွေ့စွာ တင်သွင်းရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်နေသော ခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက် Update ဖြစ်သည့် စနစ်များကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ကဏ္ဍအလိုက် အခက်အခဲ များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးကို မကြာခဏ စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍ အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်းနှင့် ကဏ္ဍအလိုက် တက်ရောက်လာကြ သော ကိုယ်စားလှယ်များမှ ပွင့်ပွင့်လင်းလင်းဆွေးနွေး ကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့် ကိုယ်စားလှယ်များက ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပတ်သက်သော အကြံပြုချက်များ၊ ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်