လူတိုင်းစာတတ်မြောက်မှုမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့ . . .

Type

 

 ဧပရယ်မေ

နိုင်ငံတစ်နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်အတန်းမြင့်မားမှုသည် နိုင်ငံသားတိုင်း စာတတ်မြောက်မှုအပေါ် မူတည်နေပါသည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်း၏ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် အရေးကြီးသကဲ့သို့ လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အရေးပါသည်။ လူတိုင်းစာတတ်မြောက်ရေးသည် ဤကမ္ဘာကြီးတွင် လိုအပ်ချက် တစ်ခုဖြစ်လာ၍ နိုင်ငံတိုင်း စာတတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားမှုများဆောင်ရွက်ကြပါသည်။ 
 

 စာတတ်မြောက်ရေးလှုပ်ရှားမှု
မြန်မာနိုင်ငံ၏           စာတတ်မြောက်မှုကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် ရှေးမြန်မာမင်းများ လက်ထက်    မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် ရှင်ဘုရင်များ၏    အားပေးမှုနှင့်   ဘုန်းတော်ကြီး ကျောင်းများ၏ သင်ကြားမှုကြောင့် စာမတတ်သူ နည်းပါးပြီး  စာတတ်မြောက်မှု   မြင့်မားခဲ့ပါသည်။ သို့သော်     နယ်ချဲ့နှင့်    ဖက်ဆစ်လက်အောက်  ကျွန်သပေါက်ဘဝ ကျရောက်ချိန်တွင် မြန်မာနိုင်ငံ ၏စာတတ်မြောက်မှုနှုန်းမှာ   ၃၅   ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရပါသည်။    လွတ်လပ်ရေးရပြီးနောက် ၁၉၆၄ ခုနှစ်မှ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင် ဆောင်ရွက်ခဲ့ရာ “အ”သုံးလုံးဟုခေါ်သော စာမတတ် သူ  ပပျောက်ရေးစီမံကိန်း၊  နောင်တွင် မြန်မာနိုင်ငံ စာတတ်မြောက်ရေးစီမံကိန်းဟူ၍          လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံမှ လူထုလှုပ်ရှားမှု ပုံစံသည် စာတတ်မြောက်ရေးစီမံကိန်းများ၏ စံပြ မော်ဒယ်တစ်ခုဖြစ်ခဲ့ပြီး   ၁၉၇၁  ခုနှစ်တွင်   ကမ္ဘာ့ ကုလသမဂ္ဂလက်အောက်ခံ         အဖွဲ့အစည်းကြီး ဖြစ်သော    ယူနက်စကိုအဖွဲ့က    ချီးမြှင့်သည့် ‘မိုဟာမက်ရေဇာပါလာဗီ’ဆုကို ရရှိပြီး ၁၉၈၃ ခုနှစ် တွင်  ‘နိုမာဆု’ ကို  ရရှိခဲ့သော ကမ္ဘာကျော်ခဲ့သည့် သမိုင်းမှတ်တမ်းများ ရှိခဲ့ပါသည်။  
အောင်မြင်ခဲ့သည့်
 “အ” သုံးလုံးဆောင်ရွက်ချက်များ
၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မိတ္ထီလာမြို့နယ်        အရှေ့သဖန်းစံပြကျေးရွာ၌ “အ”သုံးလုံးကျေ တစ်လသင်တန်းကို မူလတန်း ဆရာဖြစ်သင်တန်းမှ ဆရာသုံးဦးနှင့် အလယ်တန်း ဆရာဖြစ်သင်တန်းမှ ဆရာတစ်ဦးတို့က  ပထမဆုံး   စမ်းသပ်ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြင့် ‘အသုံးလုံး သမိုင်းသစ်’ကို  ဖွင့်လှစ်ခဲ့သည်။ အဆိုပါအတွေ့အကြုံ ကိုယူ၍ ၁၉၆၉ ခုနှစ်တွင် မိတ္ထီလာခရိုင်ကို ရှေ့ပြေး စမ်းသပ်ခရိုင်အဖြစ်      စာမတတ်သူပပျောက်ရေး စီမံကိန်းဆောင်ရွက်ရာ     ခရိုင်လုံးကျွတ်စာတတ် မြောက်သွားကြသည်။ ထိုမှဆက်၍  “အ”သုံးလုံး လှုပ်ရှားမှုများကို  လူထုလှုပ်ရှားမှုအသွင်ဖြင့်  တိုင်း၊   ခရိုင်၊ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာ  စာတတ်မြောက် ရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး    နှစ်စဉ်နွေရာသီ အခါတိုင်း တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံ ပညာကျောင်းများ ကျောင်းပိတ်ချိန်တွင် တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်း တို့၏     စေတနာလုပ်အားဖြင့်     ဆက်လက် ဆောင်ရွက်ခဲ့ကြပြီး ရပ်ရွာအတွင်းရှိ အခြေခံပညာ အထက်တန်းအောင်မြင်သူများ၊ သင်ယူဖူးသူများနှင့် ဘွဲ့ကြိုဘွဲ့ရ   စေတနာရှင်လုပ်အားပေးများကလည်း အဆိုပါလှုပ်ရှားမှုများကို ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြသည်။ 
ထိုသို့  ဆောင်ရွက်မှုကြောင့်     စာမတတ်သူ သန်းပေါင်းများစွာစာတတ်ခဲ့ပြီး မြို့နယ်လုံးကျွတ်၊ ခရိုင်လုံးကျွတ်၊ တိုင်းလုံးကျွတ်၊ ပြည်နယ်လုံးကျွတ် စာတတ်မြောက်ရေးအောင်ပွဲများ ကျင်းပနိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၂၄ နှစ်တာကာလ အတွင်း   ပြည်သူပေါင်း   နှစ်သန်းလေးသိန်းကျော် စာတတ်မြောက်ခဲ့သည်ဟု သိရသည်။ 
အောင်မြင်ခဲ့သည့် မြန်မာစာသင်ကြားနည်းစနစ် ဝ၊ ထ၊ က၊ လ၊ သ 
မြန်မာစာ ရေးတတ်၊ ဖတ်တတ်ရန် အလွယ်ကူ ဆုံး သင်ကြားနည်းစနစ်ဖြစ်သည့် ‘ဝ၊ ထ၊ က၊ လ၊ သ’ မြန်မာအက္ခရာဖြင့်   စတင်သင်ကြားခဲ့ကြပြီး    ထိုသင်ကြားနည်းစနစ်ကို ဆရာကြီးဦးသံဗျင်ဦးစီး၍ တီထွင်အသုံးပြုခဲ့ခြင်းဖြစ်သည်။   ဝ၊ ထ၊ က၊ လ၊ သမှစလို့ သင်ကြားသည့်နည်းစနစ်သည် ထိရောက် ခဲ့ပြီး သက်ကြီး၊ သက်လတ်ရွယ်အိုများ အလင်းရသွား ခဲ့ကြသည်မှာ မြန်မာ့စာတတ်မြောက်ရေးလှုပ်ရှားမှုကြီး  ကမ္ဘာကျော်သည်အထိ   အောင်မြင်ခဲ့သည့် နည်းစနစ်တစ်ခုဖြစ်ခဲ့သည်။ 
စာတတ်မြောက်ရေးလှုပ်ရှားမှုသည် လူထု၏ အရေးတကြီးကိစ္စ၊ စာမတတ်သူ၊ ‘အ’သုံးလုံးမကျေ သူ    တစ်ဦးတစ်ယောက်မျှ    မကျန်ရလေအောင် ကောက်သင်းကောက်ပြီး  ဆောင်ရွက်ခြင်းဖြစ်၍ အလွန်ပင်မွန်မြတ်လှသော   ပရဟိတလုပ်ငန်းစဉ် ဟူ၍ပင်   အမည်နာမတပ်ရပေမည်။   တောင်ပေါ် မြေပြန့်    နယ်စွန်နယ်ဖျားအထိ     ဖြန့်ကြက်ကာ တောရွာအနှံ့ ဖြန့်ကြက်ပြီး ‘အ’သုံးလုံးကျေလုပ်ငန်း များကို  တစ်သက်တာကြာ   သင်ကြားသင်ယူခြင်း (Lifelong learning) စနစ်ဖြင့်  ဆောင်ရွက်နေရဦးမည် ဖြစ်ပါသည်။  တစ်ချိန်က   ဦးသိန်းထွန်း   (မြစ်ကြီးနား ကောလိပ်)က စပ်ဆိုခဲ့သောစာသင်ချိန် တေးကဗျာ သည်     ‘အ’သုံးလုံးလှုပ်ရှားမှုတွင်    နာမည်ကြီး အောင်မြင်ခဲ့သော တေးက‌ဗျာတစ်ပုဒ်ဖြစ်ခဲ့သည်။
“ ညမှာထိန်လင်း၊ လပြည့်ဝန်းလို
ရေးမယ်ဆိုက၊ ဝ ခေါ်သတဲ့ ဦးကြီးရဲ့
ဝ ကို နှစ်လုံး၊ ပူးလျက်သုံးက
ထ ခေါ်သဗျ အဒေါ်ရ။
ထ ကိုအောက်ဖျက်၊ အသံထွက်ကို
က ဆိုသတဲ့ ဦးကြီးရဲ့။
ထ စာလုံးကို၊ ဘယ်မှာအောက်ဖျက်
ညာထက်ဖျက်က၊ လ ခေါ် သဗျ အဒေါ်ရ။
ထ စာလုံးရေး၊ ဘယ်မှာဘေးဖွင့်
ညာထက်ပွင့်ကို၊ သ ခေါ်သတဲ့ ဦးကြီးရဲ့။
ဦးဦး ဒေါ်ဒေါ်၊ အခေါ်အဝေါ်၊မလွဲချော်အောင်
အော်ဟစ်ခါခါ၊ ဆိုကြပါဗျ
ဝ ထ က လ သ။ ”
စာတတ်မြောက်မှုနှုန်းနှင့် စာတတ်မြောက်ရေး ဆောင်ရွက်ချက် 
စဉ်ဆက်မပြတ် ကြိုးပမ်းမှုများကြောင့် မြန်မာ နိုင်ငံ၏စာတတ်မြောက်မှုနှုန်းသည် ၁၉၈၈ ခုနှစ်  တွင်  ၈၀ ဒသမ ၀၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး   ၂၀၀၀ ပြည့်နှစ်တွင် ၉၁ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၉၅ ဒသမ ၀၁ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် သက်ကြီး စာတတ်မြောက်မှုနှုန်း ၉၅ ဒသမ ၀၈  ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင်     ၉၅  ဒသမ  ၁၃ ရာခိုင်နှုန်းအထိ တိုးတက်မြင့်မားလာသည်ဟု သိရသည်။ စာတတ် မြောက်ရေးနှင့်ပတ်သက်ပြီး  အစဉ်လေ့လာသင်ယူ နေသော      မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် ကျောင်းပညာ ရေး၊ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်သင်ယူပညာ ရေးဟူ၍ နည်းလမ်းသုံးသွယ်ဖြင့် ဟန်ချက်ညီညီ အကောင်အထည်ဖော်    ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ကျောင်းမတက်နိုင်သော မသန်စွမ်းကလေး များအတွက် ပုံမှန်ကလေးများနည်းတူ ပညာသင်ယူ မှုအခွင့်အလမ်းများ   ဖန်တီးပေးသည့်    လူတိုင်း အကျုံးဝင်ပညာရေးကိုလည်း      အကောင်အထည် ဖော်ခဲ့သည်။      မိဘများလုပ်ငန်းပြောင်းရွှေ့ရာသို့ လိုက်ပါကာ   နေထိုင်ရသောကလေးများ   ပညာ သင်ကြားရေးအတွက် ရွေ့လျားကျောင်းအစီအစဉ် ကိုလည်း စီမံဖော်ဆောင်ခဲ့သည်။     
ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အခြေခံစာတတ်မြောက်ရေးသည် နိုင်ငံသားတိုင်း အတွက် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လာ၍ နိုင်ငံတော်ကလည်း အခြေခံပညာကို လူတိုင်းသင်ယူ နိုင်ခွင့် ရရှိစေရမည်ဟူသော ပညာရေးမူဝါဒချမှတ် ကာ  အခြေခံပညာ၏အရင်းခံဖြစ်သော  စာဖတ်တတ် မှု၊   စာရေးတတ်မှုနှင့် တွက်ချက်တတ်မှုတို့ကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကျေးလက်နေ ပြည်သူများအပါအဝင် ဒေသခံတိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှု အားနည်းသည်ကို တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံ ရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ      စာတတ်မြောက်ရေးလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် “ ဝ၊ ထ၊ က၊ လ၊ သ”   စီမံကိန်းကို    အကောင်အထည်ဖော် ဆောင်ရွက်ရန် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက် နေ့တွင် ကျင်းပသည့် ကျေးလက်ဒေသနေပြည်သူ များနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်ခဲ့ပြီး ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့်     အမျိုးသား ပညာရေးဥပဒေဆိုင်ရာများနှင့်    ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန   ဖွဲ့စည်းထားရှိပြီး “ ဝ၊ ထ၊ က၊ လ၊ သ” (အခြေခံစာတတ်မြောက်ရေး)အဆင့်မှ    ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ   စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းစီမံ ချက်များ   ရေးဆွဲထားရှိပြီးဖြစ်သည်။    အဆိုပါ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက် အပေါ်   ဝန်ကြီးဌာနများအလိုက်   ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့်အစီအမံများနှင့် အကြံပြုချက် များအား  ပြည်ထောင်စုဝန်ကြီးများနှင့် ပညာရေး၊ ကျန်းမာရေးနှင့်         လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီအဖွဲ့ဝင်များက             ဝိုင်းဝန်း အဖြေရှာဆွေးနွေးကြပြီး ဖြစ်သည်။    
 စာပေသည်  လူတို့အတွက် အသိအလိမ္မာတို့ သိုမှီးရာ ဘဏ္ဍာတိုက်ကြီးဖြစ်သကဲ့သို့ “စာမတတ် လျှင် အကန်းနှင့်တူသည်” ဟူသောရှေးဆိုရိုးစကား သည်လည်း မှန်လှပေသည်။ စာတတ်မြောက်ခြင်း သည်  လူတစ်ဦးတစ်ယောက်၏  ဘဝ၊ လူနေမှု အဆင့်အတန်းတို့သာမက   မိသားစု၊  ရပ်ကွက်နှင့် လူ့အဖွဲ့အစည်းကိုပါ        ပြောင်းလဲစေနိုင်သကဲ့သို့ ပညာတတ်များ၊   အသိပညာရှင်၊   အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ       နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ 
သို့ဖြစ်ပါ၍ စာမတတ်သူကင်းမဲ့ပြီး လူတိုင်း စာတတ်မြောက်နိုင်ရန် ဒစ်ဂျစ်တယ်နည်းပညာခေတ် ကြီးတွင် ဆန်းသစ်ထိရောက်သောသင်ကြားသင်ယူ မှုနည်းလမ်းများအသုံးချ၍    စာမတတ်သေးသူများ ကလည်း ကြိုးစားသင်ယူရင်း  ပညာရှင်များကလည်း စာတတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။     ။