လူသေစေခဲ့သည့် ရိုက်ကွင်းအတွက် အမေရိကန်သရုပ်ဆောင် အဲလက်စ်ဘော်ဒွင် တရားစွဲဆိုခံရမည် 

 

နယူးယောက်  ဇန်နဝါရီ  ၂၀


ရိုက်ကွင်းတစ်ခု၌ ရုပ်ရှင်ဓာတ်ပုံပညာရှင် အမျိုးသမီး တစ်ဦး    သေနတ်ထိမှန်     သေဆုံးခဲ့မှုအတွက် အမေရိကန်သရုပ်ဆောင်      အဲလက်စ်ဘော်ဒွင်ကို တရားစွဲဆိုသွားမည်ဟု အမေရိကန် အစိုးရရှေ့နေ များက ပြောသည်။  အဆိုပါဖြစ်ရပ်မှာ  ၂၀၂၁   ခုနှစ် အောက်တိုဘာလအတွင်းက           အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး “Rust” ရုပ်ရှင်အတွက်  အစမ်းလေ့ကျင့် သရုပ်ဆောင်စဉ်    ဘော်ဒွင်က သေနတ်ကို  မတော် တဆ ပစ်ခတ်ခဲ့မိခြင်းဖြစ်သည်။ 

 


သက်သေအထောက်အထားများ လုံလောက် သည်ဟုယူဆသည့်အတွက် ဘော်ဒွင်ကို မတော်တဆ လူသတ်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ဒေသခံအစိုးရ ရှေ့နေများက   ဇန်နဝါရီ ၁၉ ရက်တွင်  ပြောသည်။ ဘော်ဒွင်၏      ရှေ့နေကမူ    အစိုးရရှေ့နေများ၏   ဆုံးဖြတ်ချက်မှာ  တရားမျှတမှုကို ဆိုးရွားစေသည်ဟု ပြောကြားခဲ့သည်။ ရုပ်ရှင်ရိုက်ကွင်းအတွင်း သေနတ် အစစ်တစ်လက်ရှိနေသည်ကို     ဘော်ဒွင် မသိခဲ့ဟု ၎င်းက ပြောသည်။ 

 


ဘော်ဒွင်မှာ ၁၉၉၀ ပြည့်နှစ်က ရုပ်ရှင် The Hunt for Red October တွင် လူသိ များကျော်ကြားခဲ့ပြီး  ရုပ်သံဟာသရှိုးပွဲတွင် အမေရိကန်သမ္မတဟောင်း     ဒေါ်နယ် ထရမ့် အဖြစ်  သရုပ်ဆောင်မှုအတွက်လည်း နာမည်ကြီးသူဖြစ်သည်။

အင်န်အိတ်ချ်ကေ