မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု အရည်အသွေးများနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရန် လိုသည်။ တန်ဖိုးမြင့်မားသည့် လူသား အရင်းအမြစ် တစ်နည်းအားဖြင့် ပညာတတ်များ ပေါများကြွယ်ဝ ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းတို့မှာ တစ်ဆက်တစ်စပ်တည်း ပင်ဖြစ်သည့်အလျောက် အမျိုးသားပညာရေး မြင့်မားအောင် ခိုင်ခိုင်မာမာ တည်ဆောက်သွားရမည်ဖြစ်သည်။
သို့ရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားပညာရေး ပကတိအခြေ အနေမှာ လွန်စွာအားနည်းနေသည့် အခြေအနေမျိုးဖြစ်သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ် အထက် လူဦးရေ ၄၆ ဒသမ ၄၆ သန်းတွင် သက်မွေးပညာပြီးသူ ၂ ဒသမ ၉ သိန်းနှင့် ဘွဲ့ရသူ ၃ သန်းသာရှိသည်။ အသက် ၁၅ နှစ်အထက်(အလုပ်လုပ်နိုင်သူ) လူဦးရေ ၂၂ ဒသမ ၉ သန်းအနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်သည်။ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြပြီး အသက် ၁၂ နှစ်အရွယ်မှစ၍ ကျောင်း တက်နှုန်း စတင်ကျဆင်းလာရာ အသက် ၁၄ နှစ် နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် ကျောင်းတက်နှုန်း သိသိ သာသာ ကျဆင်းသွားသည်။ ပညာရေးတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်မှုနှုန်း များပြားရခြင်း၏ အခြေခံအကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်က အများစုဖြစ်သည်။
နိုင်ငံတော်အစိုးရသည် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံးအခြေခံပညာအလယ်တန်း အဆင့်(KG+9)ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေး၊ အနာဂတ် ပညာရေးကောင်းမွန်စေရေး အမျိုးသားတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များ၊ တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင် ရွက်လျက်ရှိသော်လည်း အချို့မြို့နယ်များတွင် လက်နက်ကိုင် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ဒေသခံကျောင်းသား ကျောင်းသူများအတွက် များစွာထိခိုက်နစ်နာကြရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးနှင့်ဆက်စပ်၍ အခြေခံပညာစာမေးပွဲ များ အောင်မြင်စွာကျင်းပပြီးစီးရေးအတွက် တာဝန်ရှိသူများ အားလုံးကို အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး “စာသင်နှစ်တစ်နှစ် နစ်နာခြင်းသည် ကျောင်းသား ကျောင်းသူ များ၊ မိဘများနှင့်တိုင်းပြည်အတွက် ထိခိုက်နစ်နာစေခြင်းပင် ဖြစ်သည့်အတွက် နစ်နာမှုမရှိရအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဖျက်အမှောင့်လုပ်ဆောင်နေ သူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ် ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာအောင် လုပ်ဆောင် လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်းညီညွတ် သည့်အားဖြင့် ပညာရေးကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ယခုအခါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ များကို ၁၁-၃-၂၀၂၄ ရက်နေ့မှ ၁၉-၃-၂၀၂၄ ရက်နေ့အထိ နိုင်ငံ တစ်ဝန်းရှိ စာစစ်ဌာနအသီးသီးတို့တွင် ဖြေဆိုခဲ့ကြပြီးဖြစ်သော် လည်း အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်နေသည့် ဒေသအချို့ရှိ ကျောင်းသား ကျောင်းသူများ မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခွင့်အရေးဆုံးရှုံးခဲ့ရသည်။ အဆိုပါ ကျောင်းသား ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်း မဆုံးရှုံးစေရန် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုအရ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ တွင် ကျောင်းသား ကျောင်းသူများကို စုစည်းခေါ်ယူ စာမေးပွဲ ဖြေဆိုစေခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာလိုက်ရာ ကျောင်းသား ကျောင်းသူများ နှင့် မိဘများအပေါ်ထားရှိသည့် နိုင်ငံတော်၏ စေတနာကို ထင်ရှားစွာ တွေ့မြင်လိုက်ရခြင်းပင် ဖြစ်သည်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးဟူသော ဝေါဟာရတို့ကို အလွဲ သုံးစားပြုလုပ်၍ အသံကောင်းဟစ်ကာ ပညာသင်အရွယ် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အရေးနှင့် လူငယ်တို့၏ အနာဂတ်ကို အကြမ်းဖက်သမားတို့က နည်းမျိုးစုံ ဖြင့် နှောင့်ယှက်ဖျက်ဆီးနေချိန်တွင် လူငယ်တို့၏ ပညာရေးခရီး လမ်း ဖြောင့်တန်းရေး၊ လူငယ်တို့၏ အနာဂတ်မပျက်စီးစေရေးတို့ အတွက် နိုင်ငံတော်က အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးမှုအပေါ် နှစ်ထောင်းအားရစွာ ကြိုဆိုဂုဏ်ပြုအပ်ပါကြောင်း။ ။