
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေ ဆုနှင့် စာပေဗိမာန်စာမူဆုများကို အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန် ကြေညာရာ လူငယ်စာပေဆုတွင် အကြီးကိုကိုစာအုပ်တိုက်ထုတ် အကြီးကိုကို (ကသာ) ရေးသားသည့် လူငယ် ၁၀၀၊ မေးခွန်း ၁၀၀၊ အဖြေ ၁၀၀ စာအုပ်က အမျိုးသားစာပေဆုရရှိခဲ့သည်။ မြစ်ကြီးနား မြို့တွင်နေထိုင်သည့် အမျိုးသားစာပေဆုရ ဆရာအကြီးကိုကို(ကသာ)ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ အမျိုးသားစာပေဆုရတဲ့အပေါ် ဆရာ ဘယ်လိုခံစား ရပါသလဲဗျ။
ဖြေ။ ။ အမျိုးသားစာပေဆုဆိုတာ စာရေးဆရာတွေအတွက် ရုပ်ရှင်အနေနဲ့ပြောရရင် အကယ်ဒမီပါဘဲ။ အမြင့်ဆုံး
ဆုဖြစ်တဲ့အတွက် ပြောမပြတတ်လောက်အောင် ဝမ်းသာပါတယ်။
တာဝန်လည်း ပိုကြီးလာတယ်လို့ ခံစားရပါတယ်။
မေး။ ။ အမျိုးသားစာပေဆုရစာအုပ်ဖြစ်ပေါ်လာပုံ ပြောပြပါ ဆရာ။
ဖြေ။ ။ လူငယ် ၁၀၀၊ မေးခွန်း ၁၀၀၊ အဖြေ ၁၀၀ ဖြစ်ပေါ်လာ တာ စေတနာကြောင့်ပါ။ စလုပ်တုန်းက စာအုပ်ရေးဖို့
လုပ်တာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ကိုဗစ်စဖြစ်တဲ့အချိန် တရုတ်နိုင်ငံဝူဟန်မှာ လူတွေသေကြတယ်။ တစ်ကမ္ဘာလုံးကလူတွေ ဆောက်တည်ရာမရဘူးဖြစ်နေတယ်။ အဲဒီအချိန် ကိုယ်ကိုယ်တိုင်လည်း စိတ်နှလုံးညှိုးနေတယ်။ ဘယ်အချိန်သေမလဲစောင့်ရင်း ပူပန်နေတယ်။ စိတ်ဖိစီးနေချိန် လူတွေအပူအေးအောင် ဘာလုပ်လို့ရမလဲ တွေးတယ်ဗျ။
ကျွန်တော်က သူများနဲ့မတူတဲ့အတွေး တွေးပါတယ်။ ကိုယ်ကလည်းဘုန်းကြီးလို တရားမဟောတတ်တော့ ငါစာရေးဆရာပဲ။ စာပေဟောပြောနေတာပဲ။ ကိုယ်ဟောနေ၊ စကားဝိုင်းတွေ လုပ်နေတဲ့အချိန်မှာကိုယ်လည်း အပူတစ်နာရီလျော့မယ်။ နားထောင်တဲ့သူတွေလည်းအပူတွေလျော့မယ်ဆိုပြီး အဲဒီစိတ်နဲ့ လူငယ်စကားဝိုင်း အမှတ် (၁)ကို စပါတယ်။ အဲလိုပြောရင်းပြောရင်းနဲ့ လူတွေကလည်း စိတ်ပါကြတယ်။
တစ်ရက်ကို နေ့ ၁၂ နာရီတစ်ကြိမ်၊ ည ၇ နာရီမှာ တစ်ကြိမ် လူငယ်တွေနဲ့ တစ်နာရီ နှစ်နာရီလောက် မေးခွန်း အမေး၊ အဖြေတွေ လုပ်ပါတယ်။ အောင်မြင်တယ်ပြောရမှာပါ။ အဲဒီလူငယ်စကားဝိုင်း ၁၀၀ ကျော်ထဲကစိတ်ကြိုက်မေးခွန်း ၁၀၀ ထုတ်ပြီး မေးခွန်းတွေ ဖြေထားတာကိုစာအုပ်ထုတ်လိုက်တာပါ။ အဲဒီစာအုပ်က ကျွန်တော့် စေတနာအသီးအပွင့်တွေခံစားရတာပါ။ အမျိုးသားစာပေဆုရတဲ့အထိ ဖြစ်လာတယ်လို့ပြောရမှာပါခင်ဗျ။
မေး။ ။ လူငယ်တွေကို ဘာပြောချင်ပါသလဲဆရာ။
ဖြေ။ ။ လူငယ်တွေအနေနဲ့ အမှန်တရားကို ရှာဖွေတဲ့အချိန် မှာ စာအုပ်စာပေတွေ ဖတ်ရှုရှာဖွေပါလို့ ပြောချင်ပါ
တယ်။ ဘာလို့လဲဆိုတော့ စာအုပ်စာပေထဲမှာ ဒါမှန်တယ်။ ဒါမှားတယ်လို့ ရေးထားမှာမဟုတ်ပါဘူး။ စာတွေများများဖတ်တဲ့သူကအမှားအမှန်ကိုသိနိုင်တဲ့ ဦးနှောက်ဆင်ခြင်တုံတရားတွေ ရရှိနိုင်ပါတယ်။ လောကဓံကြီးကို ခံနိုင်တဲ့အရည်အချင်းတွေ အရည်အသွေးတွေရရှိတယ်။ ဘာတွေလုပ်ရမယ်၊ ဘာတွေမလုပ်ရဘူးဆိုတဲ့ကိုယ်ရည်ကိုယ်သွေးတွေပေးတဲ့အတွက် လူတိုင်းစာဖတ်ပါ။ ကိုယ့်အနာဂတ်၊ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးအလုပ်ပါပဲလို့ ပြောချင်ပါတယ်။
မေး။ ။ လက်ရှိမှာ ဆရာ့အနေနဲ့ ဘာတွေလုပ်နေပါသလဲ။
ဖြေ။ ။ လက်ရှိလုပ်နေတာက စာပေဟောပြောပွဲတွေ ဖိတ်တယ် ဆိုရင် အမုန်းတရားမပါဘဲ လူငယ်နဲ့နိုင်ငံတော်အတွက်
အကျိုးရှိမယ့် စကားဝိုင်း၊ ဟောပြောပွဲတွေကို အမြဲတမ်းလုပ်ပါတယ်။မည်သည့်အဖွဲ့အစည်းက ဖိတ်ကြားသည်ဖြစ်စေ ကိုယ့်နိုင်ငံက လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းမှားမရောက်ဖို့ဆိုရင် အမြဲတမ်းလိုက်ပြီးပြောနေ ဟောနေပါတယ်။ နောက်ထပ် အကြီးကိုကို စာကြည့်တိုက်အမှတ် (၁၃) ကို ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာမှာတစ်ဖက်နိုင်ငံယဉ်ကျေးမှုလွှမ်းမိုးသွားပြီး ဇာတိသွေးဇာတိမာန်တွေကျဆင်းမှာစိုးမိတဲ့အတွက် စာကြည့်တိုက်ကို အမြန်ဆုံးဖွင့်ဖို့ ဆုံးဖြတ်
ထားပါတယ်။
အမျိုးသားစာပေဆုရ ဆရာအကြီးကိုကိုသည် ၂၀၁၇ ခုနှစ်က ပခုက္ကူဦးအုံးဖေ စာပေဆုရခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အကြီးကိုကို စာကြည့်တိုက်များဖွင့်ခဲ့သည့်အတွက် လူမှုထူးချွန်ဆုရခဲ့သလို ထိုနှစ် ထဲမှာပင် လာအိုနိုင်ငံကို သွားယူရသည့် မဲခေါင်စာပေဆုကို ရရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိ ခဲ့သည်။
မျိုးဝင်းထွန်း(မုံရွာ)