လူငယ်နှင့်စာပေပွဲတော်

 

*    စာပေပွဲတော်    ဆင်နွှဲပျော်ပြီ
    ပျော်ပွဲသက်သက်    မရောယှက်နှင့်
    မျိုးဆက်လူငယ်    နောင်ဝယ်လူကြီး
    ခွန်အားကြီးအောင်    ကြံဆောင်ကြိုးပမ်း
    လူငယ်လမ်းကို     မျှော်မှန်းချင့်တွေး
    စာရေးစာဖတ်    သိမှတ်ပွားကာ
    အားသွန်ခွန်စိုက်    ပြုလိုက်ကြစို့
    လူငယ်တို့လမ်း    မျှော်ရည်မှန်းကာ
    အနာဂတ်ဦးဆောင်    လူငယ်မောင်။
*     ယနေ့ခေတ်မီ    အိုင်တီပညာ
    ထွန်းကားလာတော့    လူ့ရွာလူ့ဘောင်
    ချည်နှောင်တုပ်ထား    အချိန်အားတိုင်း
    လက်အားမနေ    ဖုန်းပွတ်နေကြ
    စိတ်ကဝင်စွက်    အင်တာနက်နှင့် 
    နှစ်သက်ဖေ့ဘွတ်    မလွတ်စကား
    စိတ်ထားမမှန်    ရှိကြပြန်လျှင်
    အမှန်တွေးဖုံး    ဆုံးရှုံးတွေးခေါ်
    ပေါ်ပင်ကိုလိုက်    စိတ်မိုက်စိတ်ရိုင်း
    ထင်တိုင်းကြဲကြ    ဖြစ်ကြလေသော်
    ဘဝလည်းပျက်    လူငယ်ခက်မည်။
*     သို့ကြောင့်ခုနေ    စာပေပွဲတော်    
    နွှဲပျော်စေရ    ငယ်ဘဝဝယ်
    ရှာကြပညာ    ဖတ်ကြပါလော့
    ထပ်ခါတိုက်တွန်း    အားသစ်သွန်းဖို့
    ဖြစ်ထွန်းစေရေး    စဉ်မျှော်တွေးလျက်
    လူငယ်နှင့်စာပေ    ပွဲတော်လေ
    နွှဲပျော်လို့နေ    လူငယ်တွေ။    ။
(ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် လူငယ်နှင့်စာပေပွဲတော်အား ကြိုဆိုလျက်)
 

ဘိုမျိုး(ရွှေဘို)