
နေပြည်တော် ဒီဇင်ဘာ ၂၂
လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် တို့သည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် နောက်ဆုံးနေ့ စည်ကားသိုက်မြိုက် စွာ ကျင်းပနေမှုကို ကြည့်ရှု အားပေးကြသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီး များသည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံ ဓာတ်ပုံပြခန်းတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ နှင့် သဘာဝအလှရှုခင်းများအား လက်ရာမြောက်စွာ ရိုက်ကူးထား သည့် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ကျောင်းသား၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ စိတ်ဝင်စားဖွယ်ရာ ခင်းကျင်းပြသ ထားသည့် ဝန်ကြီးဌာနပြခန်းများ သို့ သွားရောက်ကြည့်ရှုအားပေး ကြရာ ပြခန်းတာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် စနစ်တကျ ခင်းကျင်း ပြသထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
ပါဝင်ဆင်နွှဲ
ယင်းနောက် ဝန်ကြီးဌာန အလိုက် စိတ်ဝင်စားပျော်ရွှင်ဖွယ် စီစဉ် ဆောင်ရွက်ပေးထားသည့် ကစားနည်းများနှင့် ဉာဏ်စမ်း ပဟေဠိ ကစားနည်းများတွင် ပွဲတော်လာပြည်သူများ၊ လူငယ် များ၊ ကျောင်းသား ကျောင်းသူများ စိတ်အားတက်ကြွစွာ ပါဝင်ဆင်နွှဲ နေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပြခန်း၏ အစီအစဉ် တစ်ခုဖြစ်သည့် ဗဟုသုတဖြစ်ထွန်း စေမည့် စာအုပ်/ စာပေကောင်း များကို စတူဒီယိုခန်းမတွင် အသံ ဖြင့် ဖတ်ကြားစေပြီး ဖမ်းယူရရှိ သည့် အသံများကို မျက်မမြင် သင်တန်းကျောင်းများ အတွက် လှူဒါန်းနိုင်ရန် ဆောင်ရွက်ထား သည့်အစီအစဉ်တွင် ပွဲတော်လာ ပြည်သူများ အသံကုသိုလ် ပါဝင် လှူဒါန်းနေမှုနှင့် ပြည်သူများတီဗွီ ဖန်သားပြင်မှသာ တွေ့မြင်နိုင် သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့် ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူ များ ကိုယ်တိုင်ဝင်ရောက်သတင်း ကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူး နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား မှုတို့ကို ကြည့်ရှုအားပေးကြသည်။
သီဆိုဖျော်ဖြေ
ထို့နောက် ပွဲတော်အခမ်း အနားအောင်မြင်စွာ ကျင်းပပြီးစီး မှု အထိမ်းအမှတ်အဖြစ် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ အနုပညာရှင် များ၏ “မနောမြေမှတေးသံသာ” သီချင်းဖြင့် မြိုင်မြိုင်သီဆိုဖျော်ဖြေ မှုများနှင့်အတူ တိုင်းရင်းသားအက အဖွဲ့များ၊ ပွဲတော်လာကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တပျော်တပါး စုပေါင်း ကပြဆင်နွှဲမှုများကို ကြည့်ရှု အားပေးကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများသည် ပွဲတော်အတွင်း ပြကွင်း၊ ပြကွက်များအလိုက် စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲ နေကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ကျင်းပပြီးစီး
အဆိုပါ ပွဲတော်ကို လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူ အဆများ ထက်မြက်လာစေရေး အတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ် လာစေရန်၊ လူငယ်များ စာပေနှင့် ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူး ကို သိရှိနိုင်စေရန်၊ စာပေနှင့် အနု ပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ် နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား စေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီ လက်အောက်ခံဘဝတွင် တွေ့ကြုံ ခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံ အနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ် မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက် မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ် များအပေါ် မြတ်နိုးတန်ဖိုးထား စိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှ တစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များကို အလွယ်တကူ သိမြင်နိုင် စေရန် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးရာ ဝန်ကြီးဌာန အသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်း များ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ပညာ ရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ၊ ကျောင်းသား လူငယ် များနှင့် ပြည်သူများ စိတ်ပါဝင်စား စွာဖြင့် ပွဲတော်ကျင်းပသည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ ခန်းမကြီး ပြည့်လျှံသည်အထိ တစ်ခဲနက် လာရောက် ပါဝင်ဆင်နွှဲခဲ့ကြပြီး ယနေ့ညနေပိုင်းတွင် လူငယ်နှင့် စာပေအနုပညာပွဲတော် အောင်မြင် စွာ ကျင်းပပြီးစီးခဲ့သည်။
သတင်းစဉ်