
နေပြည်တော် ဇန်နဝါရီ ၂၇
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြခန်းပေါင်း ၄၀ ကျော် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ပြခန်းများတွင် မြန်မာနိုင်ငံ၏ သမိုင်းဝင် စာချုပ်စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများ ပြခန်း၊ စာပေတိုက်အသီးသီးက ထုတ်ဝေ ထားသည့် စာအုပ်စာစောင်များ နှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိများ ပြခန်း၊ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေး ပြခန်း၊ ရေကြောင်းပညာရပ်၊ လေကြောင်း ပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာပေး ပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း များကို ထည့်သွင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပညာရေး ဝန်ကြီးဌာနက အခြေခံပညာနဲ့ အဆင့်မြင့်ပညာဦးစီးဌာန နှစ်ခု ပေါင်းပြီး ဝန်ကြီးဌာနကိုယ်စား ရွှေ့နိုင်ပြောင်းနိုင်သော သိပ္ပံနှင့် နည်းပညာပြတိုက်နဲ့ မြန်မာ ပြည်ရဲ့ ရှားပါးလိပ်ပြာပြခန်းကို ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပြခန်းတာဝန်ခံ အ.ထ.က (၁၆) ကျောင်းအုပ်ကြီး ဒေါက်တာ သန်းထိုက်စိုးက ပြောသည်။
သုံးရက်တာ ကျင်းပပြုလုပ် မည့် လူငယ်နှင့်စာပေပွဲတော်တွင် စာပေဆိုင်ရာ လုပ်ရှားမှုတစ်ခု အဖြစ် အသိပညာပေးပြခန်းများ နှင့်် စာအုပ်အရောင်းဆိုင်များ ထည့်သွင်းပြသရောင်းချပေးသွား မည်ဖြစ်သည်။ ထို့ပြင် ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ် ရေးနှင့် စာအုပ်ထုတ်ဝေရေး ဦးစီး ဌာနမှ စာပေဗိမာန်စာအုပ် အရောင်းပြခန်းကိုလည်း ထည့် သွင်းပြသသွားမည်ဖြစ်သည်။
အဆိုပါ အရောင်းပြခန်းနှင့် ပတ်သက်၍ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ဦးစီးဌာနမှ ဒုတိယစာတည်းမှူးချုပ် ဦးရဲနိုင် က “စာပေဗိမာန် စာအုပ်အရောင်း ဆိုင်ပြခန်းမှာဆိုရင် ဘာသာရပ် အလိုက် စာပေဗိမာန်စာပေဆုရ စာအုပ်တွေ၊ သုတ၊ ရသနဲ့ ဘာသာ ရပ်ဆိုင်ရာ စာအုပ်တွေကို စုံစုံ လင်လင် ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ စာပေဗိမာန်က ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း၊ ပြန်လည်ထုတ်ဝေတဲ့ စာရေး ဆရာကြီးများရဲ့ စာကောင်း ပေကောင်း လက်ရာမွန်များကို ပြန်လည်ဆန်းသစ်ထုတ်ဝေထား တဲ့ စာအုပ်တွေ၊ ပြင်ပစာပေတိုက် တွေက ထုတ်ဝေတဲ့ စာအုပ်များ ကိုလည်း ခင်းကျင်းရောင်းချပေး သွားမှာ ဖြစ်ပါတယ်။ သုတ၊ ရသ စုံလင်တဲ့အတွက် စာဖတ်သူတွေ အနေနဲ့ စာပေဗဟုသုတတွေ စာပေအသိဉာဏ်တွေ ရရှိသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
စာပေဗိမာန် အရောင်းပြခန်း တွင် ရသစာအုပ်များ၊ ဥပဒေ စာအုပ်များ၊ စာပေဆုရစာအုပ်များ၊ ဘဝအောင်မြင်ရေး စာအုပ်များ၊ ကျန်းမာရေးကဏ္ဍ စာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ ဘာသာ ရေးစာအုပ်များ၊ စာရေးဆရာကြီး များ၏ အတ္ထုပ္ပတ္တိစာအုပ်များ၊ အနုပညာစာအုပ်များ၊ ဆောင်းပါး များ၊ သမိုင်းစာအုပ်များ၊ လူငယ် များအတွက် ရုပ်ပြစာအုပ်များ၊ စီးပွားရေး စီမံခန့်ခွဲမှုစာအုပ်များ နှင့် ခရီးသွားစာပေများကို ခင်းကျင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လေကြောင်း ဝါသနာရှင်များ အသင်းဥက္ကဋ္ဌ ပြခန်းတာဝန်ခံ ဦးအောင်ကျော် ငြိမ်းက “မြန်မာနိုင်ငံက လူငယ် တွေ လေကြောင်းပညာ စိတ်ဝင် စားလာစေဖို့၊ ခေတ်ပေါ်နည်း ပညာတွေ လေ့လာလိုက်စားပြီး အနာဂတ် နိုင်ငံတော်အတွက် အကျိုးရှိတဲ့ တကယ်ကို အထောက်အကူပြုမယ့် လူ့စွမ်း အားအရင်းအမြစ်တွေ ပေါ်ထွန်း လာဖို့နဲ့ မြန်မာနိုင်ငံမှာ မရှိသေး တဲ့ အရပ်ဘက်မှာ ပျံသန်းရေး (Fly Class) ပေါ်ထွန်းလာရေးကို ရည်ရွယ် ပြသခြင်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။
အဆိုပါ လေကြောင်းပညာ ရပ်ဆိုင်ရာ ပြခန်းတွင် လေ ကြောင်းသုတ သမိုင်းအစပြခန်း၊ ကောင်းကင်ယံစစ် သမိုင်းသစ် ပြခန်း၊ သမိုင်းတွင်ကျန်ရစ် လေယာဉ်ရွှေခေတ် ပြခန်း၊ စိုးမိုး ကောင်းကင် ဒုတိယစစ်ဝေဟင် ပြခန်း၊ စစ်ပြီးခေတ် ဆန်းသစ် ဝေဟင်ပြခန်း၊ လေကြောင်း စွမ်းအား ကမ္ဘာတစ်လွှား ပြခန်း၊ မျိုးပေါင်းစုံစွာ လေယာဉ်ကမ္ဘာ ပြခန်း၊ လေကြောင်းသုတလေ့လာကြစို့ပြခန်း၊ လူမဲ့လေယာဉ် ခေတ်ဝေဟင်ပြခန်း၊ ကိုယ်တိုင် ပျံသန်း မောင်းကာစမ်းပြခန်း၊ ပျံသာပျံပါ ထက်အာကာ ပြခန်း များ ပါဝင်ကြောင်း သိရသည်။
ယခုပွဲတော်ကို မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အတွေးအခေါ်အယူ အဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်း ပါဝင်တတ်သည့် အလေ့အထ ကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီး လိုစိတ် ရင့်သန်လာစေရန်နှင့် စာပေဖတ်ရှု လေ့လာလိုစိတ် မြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင် ပေးနိုင်ရန်နှင့် အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကို ၎င်းတို့ ၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မင်းဟန်၊ ဂျိုင်းလော
ဓာတ်ပုံ-ကျော်ရဲဆွေ