
ဇင်ငြိမ်း
အင်တာနက်ကို အမေရိကန်နိုင်ငံမှာ ၁၉၆၀ ပြည့်နှစ်များကတည်းက စတင် တီထွင်လာကြတယ်လို့ သိရပါတယ်။ တဖြည်းဖြည်းနဲ့ အင်တာနက်ရဲ့ အသုံးဝင်မှု ကြောင့် အသုံးပြုသူဦးရေဟာ ၂၀၀၉ ခုနှစ်လောက်မှာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံအထိ ရှိလာပါတယ်။ ၂၀၂၀ ပြည့်နှစ်ကဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၅၇ ရာခိုင်နှုန်းက အင်တာနက်အသုံးပြုနေကြပါပြီ။ အဲဒီအသုံးပြုသူတွေထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ၊ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေမှာ အသုံးပြုတဲ့ပမာဏ ကတော့ မတူပါဘူး။ ဥပမာ အာဖရိကမှာ အင်တာနက်အသုံးပြုတဲ့ ရာခိုင်နှုန်းက ၂၇ ရာခိုင်နှုန်းသာရှိပေမယ့် ဥရောပမှာဆိုရင် ၈၃ ရာခိုင်နှုန်းရှိပါတယ်။
ဒီကနေ့ နည်းပညာတွေ အံ့မခန်းတိုးတက်လာ တာ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ အပြင် နယ်ပယ်အားလုံး ကျယ်ပြန့်လာတာကြောင့် အင်တာနက်ဟာ လူတွေအတွက် မရှိမဖြစ် ဆက်သွယ်ရေးနည်းလမ်း ဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အင်တာနက်ပေါ်မှာ အမြဲရှိနေတယ်လို့ ဆိုပါတယ်။ သူတို့အတွက်ကတော့ အင်တာနက်မရှိရင် အလုပ် လုပ်လို့ကိုမရတော့တဲ့ သဘောပါပဲ။ အခုဆို ကိုယ့် နိုင်ငံမှာတောင် အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ။ နိုင်ငံရေးကအစ လူမှုရေးအဆုံး အင်တာနက်က အသုံးဝင်တာမို့ အင်တာနက် သုံးစွဲ မှုက ရှေ့ဆက်တိုးတက်နေဦးမှာပါ။ အင်တာနက် အသုံးပြုတာများလာလို့ ရလာတဲ့ အကျိုးကျေးဇူး တွေကလည်း အံ့မခန်းပါပဲ။ သုံးတတ်ရင် သုံးတတ် သလောက်၊ သုံးနိုင်ရင် သုံးနိုင်သလောက် နေ့စဉ် ဘဝတွေမှာ အသုံးဝင်ပါတယ်။ ကိုယ့်လို သာမန် အသုံးပြုတဲ့သူအတွက်တောင်မှ စီးပွားရေးသတင်း၊ ပညာရေး၊ ကုန်ဈေးနှုန်း၊ ကျန်းမာရေးဆိုင်ရာလေး တွေနဲ့ တိုတိုထွာထွာ သတင်းလေးတွေ အချိန်နဲ့ တစ်ပြေးညီ သိနေရလို့ အသုံးဝင်လှပြီ။
အင်တာနက်က နေရာတကာ ဒီလောက် အသုံးဝင်၊ အကျိုးရှိနေတော့ လူတိုင်းလိုလို အင်တာနက်ကို အသုံးပြုလာကြပါတယ်။ ဒါပေမယ့် အင်တာနက်အသုံးပြုရာမှာ တစ်ဖက်မှာ ကောင်း ကျိုးတွေ အံ့မခန်းရနေသလို အခြားတစ်ဖက်မှာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပြန်ပါတယ်။ အဲဒီ ဘေးထွက်ဆိုးကျိုးတွေကြောင့် အထူးသဖြင့် လူငယ်တွေကို မထိခိုက်စေချင်ပါဘူး။ အင်တာနက် ကို လူငယ်တွေ အကျိုးရှိရှိသုံးမယ်ဆိုရင် သူတို့ အတွက် အခွင့်အလမ်းတွေက အများကြီးရှိနေတာ ကြောင့်မို့ပါ။
လူငယ်များ အသုံးပြုမှု
အင်တာနက်ကို အသုံးပြုကြတာတော့ အသက် အရွယ်မရွေး၊ ကျား မ မရွေး သုံးကြတာပါပဲ။ အင်တာနက်ရပြီး မသုံးတဲ့သူဆိုတာကတော့ ခပ် နည်းနည်းပဲ တွေ့ရပါတယ်။ အဲဒီလို အင်တာနက် အသုံးပြုတဲ့သူတွေထဲမှာ အင်တာနက်သုံးတဲ့လူငယ် (အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်အကြား) ပမာဏဟာ ၂၀၂၀ ပြည့်နှစ်က ကမ္ဘာ့လူဦးရေရဲ့ ၇၁ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ အခြားအသက်အုပ်စုတွေ ကတော့ အင်တာနက် အသုံးပြုတာ ၅၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂၀၁၉ ကမ္ဘာ့လူဦးရေမှာ လူငယ် ဦးရေက ၁၆ ရာခိုင်နှုန်း ရှိတာဆိုတော့ အင်တာနက်သုံးတဲ့ သူဦးရေမှာ အခြားအသက်အုပ်စုတွေထက် လူငယ် တွေ အသုံးပြုတာက ပိုများနေတာ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာဆို အသက် ၃ နှစ်ကနေ ၁၈ ကြား ကလေးငယ်တွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ အင်တာနက်ကို ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်တဲ့ အခွင့်အလမ်းရနေတယ်လို့ ဆိုပါ တယ်။ ၂၀၁၉ ခုနှစ်က လေ့လာမှုတစ်ခုအရဆိုရင် ကလေးငယ် ၅၃ ရာခိုင်နှုန်းဟာ အသက် ၁၁ နှစ် ရောက်ချိန်မှာ စမတ်ဖုန်းစတင်ကိုင်နေပြီလို့ ဆိုပါ တယ်။ ဒီတွေ့ရှိချက်ဟာ နည်းပညာတွေ၊ အင်တာနက် အသုံးပြုတာတွေနဲ့ပတ်သက်လို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေအပေါ် သက်ရောက်လာနိုင်တဲ့ ကောင်းကျိုး/ဆိုးကျိုးတွေ သတိပြုဖို့ အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။
အသုံးဝင်မှု
အင်တာနက်ဟာ ယနေ့ကမ္ဘာအတွက် အသုံး ဝင်ဆုံး ဆက်သွယ်ရေးစနစ်တစ်ရပ်လို့ ဆိုနိုင်ပါ တယ်။ အင်တာနက်ကို အကျိုးရှိရှိသုံးတတ်မယ် ဆိုရင် ထိုင်ရာမထဘဲ လုပ်နိုင်တဲ့လုပ်ငန်းတွေ အများကြီးပါ။ ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါဖြစ်တဲ့ အချိန် ကျောင်းတွေ ပိတ်ထားရလို့ လူငယ်တွေ အတွက် ပညာရေးအခွင့်အလမ်းတွေကို အင်တာနက် ကနေတစ်ဆင့် လေ့လာသင်ယူခဲ့ကြပါတယ်။ ဒါကတော့ ကိုဗစ်ဖြစ်တဲ့ ကာလမို့ ပိုပြီးအသုံး တည့်လာတဲ့သဘောပါ။ သာမန်အချိန်တွေမှာလည်း အင်တာနက်ကနေတစ်ဆင့် ပညာရေးအခွင့်အလမ်း တွေ၊ သတင်းအချက်အလက်ရှာဖွေတာတွေ၊ အလုပ် အကိုင် အခွင့်အလမ်းတွေနဲ့ လူမှုဆက်ဆံရေးဆိုတာ တွေအပြင် ကျန်တဲ့ကဏ္ဍတွေမှာလည်း လူငယ်တွေ အတွက် အသုံးဝင်တာတွေကတော့ ပြောမကုန် ပါဘဲ။
အင်တာနက်ကြောင့် ကမ္ဘာကြီးဟာ ရွာကြီး တစ်ရွာလို ဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ ဆက်ပြီးလည်း အင်တာနက်ရဲ့ အခန်းကဏ္ဍဟာ ပိုပြီးကျယ်ပြန့်လာ၊ အသုံးများလာဦးမှာ ဖြစ်ပါတယ်။ ဒီတော့ လူသားတွေအတွက် နေ့စဉ်နေထိုင်မှုဘဝက စလို့ ကမ္ဘာ့နယ်ပယ်အားလုံးအထိ အင်တာနက်ဟာ ရှောင်လွှဲလို့မရနိုင်တော့ နည်းလမ်းတစ်ခုဖြစ်လာ နေပါပြီ။
လွဲမှားအသုံးပြုမှု
အင်တာနက်အသုံးပြုလို့ အကျိုးကျေးဇူးတွေ အမြောက်အမြားရတယ် ဆိုပေမယ့် တစ်ဖက်မှာ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးမပြုတတ် ကြလို့ အထူးသဖြင့် လူငယ်တွေအပေါ် ဆိုးကျိုး တွေ သက်ရောက်နေတာ တွေ့ရပါတယ်။ ဆိုးကျိုး သက်ရောက်တာကတော့ လူငယ်တွေတင် မဟုတ် ပါဘူး။ ကျန်တဲ့အသက်အရွယ်အုပ်စုတွေမှာလည်း သက်ရောက်ပါတယ်။ လူငယ်တွေက ပိုအရေးကြီးလို့ လူငယ်တွေကိုပဲ ရွေးထုတ်ရည်ညွှန်းရတာ ဖြစ်ပါ တယ်။
အခုရည်ညွှန်းတဲ့ လူငယ်ဆိုတဲ့ အသက်အပိုင်း အခြားဟာ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ဆိုပေမယ့် အင်တာနက်အသုံးပြုသူတွေထဲမှာ အဲဒီလူငယ် အသက်အပိုင်းအခြားထက် ငယ်တဲ့သူတွေလည်း အများအပြား အသုံးပြုနေကြပါတယ်။ အဲဒီကလေး ငယ်တွေဟာ ပညာ၊ အတွေ့အကြုံ၊ ဝေဖန်ပိုင်းခြား နိုင်မှု၊ စဉ်းစားတွေးခေါ်မှု၊ အန္တရာယ်ဖြစ်မဖြစ် ခွဲခြား နိုင်မှုတွေနဲ့ ပတ်သက်လို့ များစွာနုနယ်သေးတဲ့ အရွယ်တွေ ဖြစ်ပါတယ်။ အဲဒီလို နုနယ်သေးတဲ့ အချိန်မှာ အင်တာနက်ကို မှန်မှန်ကန်ကန်အသုံးမပြု နိုင်လို့ ဆိုးကျိုးတွေဖြစ်လာရင် ကလေးတွေအတွက် နစ်နာလှပါတယ်။ ဒါကြောင့် လူငယ်တွေ အင်တာနက် ကို အကျိုးရှိရှိအသုံးပြုရေးဟာ သူတို့ အနာဂတ် အတွက် အရေးပါတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။
လူငယ်တွေ အကျိုးရှိဖို့အတွက် အင်တာနက် သုံးတာကို အားပေးပါတယ်။ အင်တာနက်ကို ထိထိရောက်ရောက်၊ အကျိုးရှိရှိသုံးနိုင်လေ ရလာ တဲ့အခွင့်အလမ်းတွေက ပိုများလေမို့ အားပေးတာပါ။ ဒါပေမယ့် တစ်ဖက်မှာ ကိုယ့်လက်ထဲရောက်လာတဲ့ အခွင့်အလမ်းကောင်းကို ကိုယ့်ဘဝရည်မှန်းချက်၊ ပညာရေး၊ အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွေမှာ အသုံးချတာထက် ကိုယ့်အတွက် အကျိုးမရှိတဲ့ ဒါမှမဟုတ် ကိုယ့်ဘဝကို ပျက်စီးစေ မယ့်ကိစ္စတွေမှာ နစ်မြုပ်နေမယ်၊ အချိန်တွေ ကုန်ဆုံး နေမယ်ဆိုရင် ပထမဆုံးနစ်နာသူက ကိုယ်တိုင်ပဲ ဖြစ်မှာပါ။ အင်တာနက်သုံးတဲ့အထဲမှာ လူမှုကွန်ရက်၊ အွန်လိုင်းဂိမ်းတွေလည်း ပါပါတယ်။
အမီလိုက်ရန် ခက်ခဲ
လူငယ်တွေဟာ ကိုယ်စီကိုယ်စီဘဝရည်မှန်း ချက်တွေအတွက် ပြင်ဆင်နေရတဲ့ ကာလ၊ ကြိုးစား နေရတဲ့ကာလဖြစ်တာမို့ ပိုလို့အရေးကြီးပါတယ်။ ပညာရှာရမယ့်အချိန်မှာ ဥပမာ အွန်လိုင်းဂိမ်းတွေ နဲ့ အချိန်ကုန်နေတာမျိုး၊ လူမှုကွန်ရက်မှာ အချိန် ကုန်နေတာမျိုးဆိုရင် လူငယ်တစ်ယောက်အတွက် နစ်နာလှပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အခြေခံပညာ အဆင့် ကျောင်းသားအရွယ်လေးတွေ၊ တက္ကသိုလ် ကျောင်းသား အရွယ်တွေ ကွန်ပျူတာတစ်လုံး၊ ဖုန်း တစ်လုံးနဲ့ တန်ဖိုးရှိတဲ့ဘဝအချိန်တွေ ကုန်ဆုံးနေ တာမြင်ရတော့ စိတ်မသက်သာဖြစ်မိပါတယ်။
လူငယ်တို့သဘာဝ ပျော်ရမယ့်အချိန်၊ အပန်းဖြေ ချိန်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အွန်လိုင်း မှာတွေ့ကြတာဆိုတာကို နားလည်လက်ခံပါတယ်။ သူ့ခေတ်နဲ့ သူ့အခါကိုး။ ဒါပေမယ့် ကျောင်းတက်ချိန်၊ စာကျက်ချိန်၊ စာပေလေ့လာချိန်တွေအပြင် ပြင်ပ ဗဟုသုတရှာဖွေဖို့၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေဖို့နဲ့ ကျန်းမာရေးအသိဆိုတာတွေ အလေးမထား တော့ဘဲ အချိန်ရှိသမျှ အင်တာနက်ကိုစွဲလမ်းပြီး ငယ်စဉ်ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးနေရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ကောင်းမလား/ဆိုးမလား ခန့်မှန်းလို့ရပါတယ်။
ပညာကို သူ့အချိန်နဲ့သူရှာမှ သူ့ရဲ့အကျိုးကျေးဇူး ကို ခံစားရမှာပါ။ ပညာရှာရမယ့်အချိန်တွေ လေလွင့် ကုန်ဆုံးသွားရင် ဥစ္စာရှာရမယ့်အချိန်မှာ ပညာရှာ၊ တရားရှာရမယ့် ဘဝနေဝင်ချိန်မှာ ဥစ္စာရှာနေရလို့ ရည်ရွယ်ချက်ဆိုတာတွေ ပျောက်ဆုံးပြီး နောင်တ တွေ၊ ပင်ပန်းဆင်းရဲမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ သူများနဲ့ယှဉ်လို့ ဗဟိဒ္ဓအသွင် အပြင် နိမ့်ကျနေတာက ပြင်ဖို့လွယ်ပေမယ့် ပညာ၊ အတွေးအခေါ်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေနိမ့်ကျနေရင်တော့ လွယ်လွယ်နဲ့ပြင်ဖို့ ခက်ခဲပါလိမ့်မယ်။ လျင်မြန်တိုးတက်နေတဲ့ခေတ်ကြီးမှာ သူများထက် တစ်ရက်ဆို တစ်ရက်နောက်ကျရင် အမီလိုက်ဖို့ ခက်ခဲနေပါပြီ။
အသုံးချနိုင်စွမ်း
အဲဒီတော့ အင်တာနက်ကို သုံးပါ။ အကျိုးရှိရှိ သုံးပါ၊ အကျိုးရှိရှိသုံးနိုင်လေ အကျိုးများများ ရလေ ပါ။ ဒါပေမယ့် ကိုယ့်အတွက် အကျိုးမဖြစ်နိုင်တဲ့နေရာ တွေမှာ အချိန်တွေဖြုန်းနေရင်တော့ ဖြစ်လာမယ့် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေအပြင် ဆိုက်ဘာ အနိုင်ကျင့်မှု၊ အထီးကျန်မှု စတဲ့ဆိုးကျိုးတွေဖြစ်လာ နိုင်ပါတယ်။ လူငယ်တွေ၊ ကျောင်းသား ကျောင်းသူ တွေအနေနဲ့ ပညာလေ့လာသင်ယူရမယ့်အချိန်မှာ အချိန်တွေ အလဟဿ မကုန်ဆုံးစေချင်ဘူး။ အင်တာနက်သုံးပြီး ပညာသင်ယူမယ်၊ လေ့လာမယ်၊ အချက်အလက်ရှာမယ်ဆိုရင် ကိုယ့်အတွက် အကျိုး ကျေးဇူးတွေ ရပါတယ်။ အဲဒီလိုမျိုး အကျိုးရှိရှိသုံးစေ ချင်တဲ့ စေတနာပါ။ အင်တာနက်ကို ကိုယ်က အကျိုး ရှိရှိအသုံးချဖို့လိုပါတယ်။ ကိုယ်က အသုံးမချနိုင်ရင် တော့ အင်တာနက်ရဲ့ လွှမ်းမိုးမှုအောက် ကိုယ်က ရောက်သွားပါလိမ့်မယ်။
အထက်မှာဆိုခဲ့သလို အင်တာနက်က အကျိုး ရှိရှိသုံးတတ်ရင် လူငယ်တွေအတွက် အင်တာနက် ကနေတစ်ဆင့် ယူနိုင်တာတွေ အများကြီးပါ။ အဲဒီ ထဲမှာ ကောင်းတာတွေရော ဆိုးတာတွေရော ရောပြွမ်း နေတတ်ပါတယ်။ နောက်ဆိုရင် တိုးတက်လာနဲ့ ပစ္စည်းတွေနဲ့ ဆက်သွယ်ရေးစနစ်တွေက လူသားတွေရဲ့ နေ့စဉ်ဘဝအစိတ်အပိုင်း တွေအဖြစ် ယှဉ်တွဲအသုံးချကြရဦးမှာပါ။ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အဲဒီတော့ တစ်ဦးချင်းစီရဲ့ အကျိုးရှိရှိအသုံးချနိုင်စွမ်းက အဓိက ဖြစ်လာပါတယ်။ အင်တာနက်ကို အကျိုးရှိအောင် အသုံးချနိုင်ဖို့ အတွက် ကိုယ်က ဘာရည်ရွယ်ချက်အတွက် သုံးနေတာလဲ၊ ကိုယ့်ကို အကျိုးရှိနိုင်လား၊ ထိခိုက်စေနိုင်လားဆိုတာ ကိုယ်တိုင်သိနေဖို့ လိုပါ တယ်။ အပျော်အတွက်လား၊ စီးပွားရေးအတွက်လား၊ လုပ်ငန်းအတွက် လား၊ ပညာရေးအတွက်လား စသည်ဖြင့် သုံးတဲ့ရည်ရွယ်ချက်ကိုသိရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ပါလိမ့်မယ်။
လိုက်လျောညီထွေထိန်းသိမ်း
ဒီတော့ လူငယ်တစ်ယောက်အနေနဲ့ အင်တာနက်ကို ဘယ်လို အကျိုးရှိရှိအသုံးပြုမလဲဆိုတာ မိဘတွေအနေနဲ့ လမ်းညွှန် ထိန်းကျောင်းပေးဖို့ လိုပါတယ်။ ဆယ်ကျော်သက်ရွယ် သားသမီးတွေ အင်တာနက်သုံးနေတာကို မသိကျိုးကျွန်ပစ်ထားလို့ မဖြစ်ပါဘူး။ အဲဒီလိုပြောလို့ သူတို့အင်တာနက်သုံးတာကို အမြဲစောင့်ကြည့်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အင်တာနက်ကို ဘယ်လိုရည်ရွယ်ချက်အတွက် သုံးရမယ်၊ သူ့ရဲ့ကောင်းကျိုး/ ဆိုးကျိုးတွေက ဘာတွေရှိမယ်၊ အင်တာနက်ကို သုံးတတ်ရင် ဘယ်လိုအကျိုးရှိမယ်၊ အသုံးမပြု တတ်ရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရနိုင်တယ်ဆိုတာ ဆွေးနွေးပြောပြ ထိန်းကျောင်းဖို့ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဆောင်ရန်/ ရှောင်ရန်တွေကို လမ်းညွှန်ပြောပြပေးဖို့ လိုပါတယ်။
ငယ်ရွယ်သူတွေကိုတော့ အင်တာနက်သုံးတဲ့အချိန် သတ်မှတ် ပေးမယ်ဆိုရင် အလွန်အကျွံသုံးစွဲတာ၊ အင်တာနက်စွဲလမ်းတာတွေကို တားဆီးနိုင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးနဲ့ မိသားစုဘဝတွေကို ထိခိုက်စေလောက်တဲ့အထိ အလွန်အကျွံ သုံးနေတာကိုလည်း ထိန်းရာရောက်ပါတယ်။ ဒါပေမယ့် လူငယ် တစ်ယောက် အင်တာနက်သုံးတာကို ထိန်းကျောင်းဖို့ဆိုတာ နည်းလမ်းတစ်ခုတည်းနဲ့ အားလုံးကို ပြေလည်စေမယ်လို့ မယူဆနိုင်ပါဘူး။ အင်တာနက်သုံးတဲ့ ရည်ရွယ်ချက်၊ နည်းလမ်းနဲ့ ကာယကံရှင်လူငယ်ရဲ့ အခြေအနေတွေ ကွာခြားတတ်တာမို့ သူ့အခြေအနေနဲ့သူ လိုက်လျောညီထွေ ထိန်းသိမ်းနိုင်မှ အဆင်ပြေ နိုင်ပါတယ်။ တစ်ခါတလေများဆို ထိန်းသိမ်းပေးမယ့် မိဘတွေ ကိုယ်တိုင်က သားသမီးတွေနဲ့ အပြိုင်သုံးနေမျိုးလည်း တွေ့ရတော့ လူငယ်တွေကို ထိန်းသိမ်းပေးဖို့တောင် ခပ်ခက်ခက်ပါပဲ။
ကမ္ဘာနဲ့ရင်ပေါင်တန်း
အခြားသူတွေက ခေတ်မီကမ္ဘာကြီးမှာ အဆင့်မြင့်နည်းပညာ ပစ္စည်းတွေ၊ ဆက်သွယ်ရေးစနစ်တွေကို အသုံးချ တိုးတက်နေချိန်မှာ ကိုယ်ကိုယ်တိုင်လည်း အကျိုးရှိအောင်အသုံးချပြီး သူတို့နဲ့ ရင်ပေါင်တန်းနိုင်အောင် ကြိုးစားကြရမှာပါ။ ဒီအခွင့်အရေးက မျိုးဆက်သစ်လူငယ်တွေအတွက် လက်တစ်ကမ်းမှာ ရှိနေပါပြီ။ အကျိုးရှိအောင် အသုံးချလိုစိတ်နဲ့ အသုံးချနိုင်စွမ်းပဲ လိုပါလိမ့် မယ်။ ။
- Log in to post comments