
မြင့်မြတ်
မကြာမီကာလတစ်ခုမှာ အခြေခံပညာကျောင်းသားကျောင်းသူများ နှစ်စဉ်ကျောင်းအပ်နှံမှု ရက်သတ္တပတ်လှုပ်ရှားမှုနှင့်အတူ ကျောင်းများ တစ်ပြိုင်နက်ဖွင့်လှစ်ပြီး နိုင်ငံအတွက် ပညာရေးစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ကြပါတော့မည်။
ကိုဗစ်ကာလမှာ နှစ်ရှည်ကျောင်းများ ပိတ်ခဲ့ကြ ရသလို အဖျက်အမှောင့် ပယောဂများအောက်တွင် အချို့ ကျောင်းသားများ ပညာသင်ခွင့် ဆုံးရှုံးခဲ့ကြရ သည်။ တစ်နှစ်နောက်ကျလျှင် ပညာတတ် ဘွဲ့ရ ဖြစ်ဖို့ တစ်နှစ်နောက်ကျပြီး မိဘများလည်း နစ်နာ ရသလို နိုင်ငံတော်အတွက်လည်း နစ်နာလှသည်။ ထို့အတွက် ဇွန်လ ၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ် မည့် အခြေခံပညာကျောင်းများတွင် မေလ ၂၆ ရက် နေ့မှစ၍ မိဘများအနေဖြင့် မိမိရင်သွေးများကို မပျက်မကွက် ကြိုးစားကျောင်းအပ်နှံကြဖို့ အထူး နှိုးဆော်တိုက်တွန်းလိုပါသည်။
အခက်အခဲနှင့် စိန်ခေါ်မှုများကြားက
ဘက်စုံကြိုတင်ပြင်ဆင်နေကြပြီဖြစ်
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ ပညာသင်နှစ်တိုင်းတွင် နှစ်စဉ် မေလနောက်ဆုံးပတ် ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်နှံခြင်း အခမ်းအနားများပြုလုပ်ကျင်းပခြင်းသည် အဓိကမှာ ကျောင်းနေ အရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး ဖြစ် သည်။ ကာလရှည်ကျောင်းမတက်နိုင်သော ကလေး တစ်ဦးသည် ပညာသင်အခွင့်အလမ်း လက်လွတ် ဆုံးရှုံးရပြီး ကျောင်းထွက်နိုင်ခြေလည်း များလှပါ သည်။ ယခုလိုကာလတွင် အခြေခံပညာကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်နိုင်အောင်၊ ဆရာ ဆရာမများရော ကျောင်းသားများပါ လုံခြုံငြိမ်းချမ်း ပျော်ရွှင်စွာဖြင့် ပညာသင်ကြားသင်ယူနိုင်အောင် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်နေကြပြီလည်း ဖြစ်ပါသည်။
မိဘ၊ ဆရာ၊ ကျောင်းသားများအတွက် စိန်ခေါ် မှုများကား ရှိခဲ့၊ ရှိဆဲ၊ ရှိနေမည်သာ ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှု မလိုလားသူများသည် ပညာ ရေးခရီးလမ်း ဖြောင့်ဖြူး သာယာနေမည်ကို မည်သို့ မျှ လိုလားမည်မဟုတ်၊ ပညာတတ်များ မပေါ်ထွက် လာရေးအတွက် အနှောင့်အယှက်ပြုနိုင်သမျှ ပြုနေမည်သာဖြစ်သည်။ ပညာရေးနိမ့်ကျခြင်းသည် နိုင်ငံဖွံ့ဖြိုးခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်ကို ၎င်းတို့ကောင်းကောင်းသိသည်။ ထို့ကြောင့် ကျောင်းများပြန်မဖွင့်နိုင်အောင်၊ ကျောင်းသားများ စာသင်ခန်းနှင့် ဝေးသည်ထက် ဝေးနေအောင်၊ ဆရာဆရာမများ၏ လုံခြုံရေးနှင့် မိမိတို့ကျောင်းနှင့် ပညာသင်ကြားရေးလုပ်ငန်းခွင် လုံခြုံစိတ်ချရမှု မရှိအောင်၊ မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးများ အတွက် အမြဲစိတ်ပူပန်နေရအောင်၊ ပြည်သူများ အနေဖြင့် နိုင်ငံတော်၏ ပညာရေးအပေါ် အမြော် အမြင်ကြီးမှုနှင့် ဆရာဆရာမများ၏ စေတနာအပေါ် အထင်အမြင် လွဲမှားအောင် ကောလာဟလ မျိုးစုံ လွှင့်ထုတ်၍ နည်းလမ်းပေါင်းစုံဖြင့် အစဉ်ကြံဆောင် အားထုတ်နေမည်သာဖြစ်သည်။
တတ်နိုင်သမျှ မခွဲခြား
တစ်ပြေးညီဖြည့်ဆည်းပေးနေ
ဤနေရာတွင် မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာများပါ သတင်းများအပေါ် ဆင်ခြင်ချိန်ဆ၍ အမှန်ကိုသိအောင် လုပ်ကြစေချင် သလို သက်ဆိုင်ရာနှင့် ဆရာဆရာမများကလည်း ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုနည်းအောင် သတင်းမှန် များကို ချပြ အသိပေးစေလိုပါသည်။
ပညာရေးဝန်ကြီးဌာနသည် အခမဲ့ပညာရေး စနစ်ကို အကောင်အထည်ဖော်နေပြီး ငွေကြေး ကောက်ခံခြင်း တစ်စုံတစ်ရာမရှိသည်မှာ အားလုံးအသိ ဖြစ်ပါသည်။ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်စသည့်စာရေးကိရိယာများကို တတ်နိုင်သမျှ ပံ့ပိုးပေးသည်ဟုသိရသည်။ ရာနှုန်း ပြည့် မလွန်မြောက်နိုင်သေးသော ကိုဗစ်ကာလ တစ်ခုတွင် ရောဂါနှင့်ပတ်သက်၍ ယခုအခြေအနေ အရ အလွန်အမင်းစိုးရိမ်စရာမရှိသော်လည်း ကိုဗစ် ကပ်ကာကွယ်ရေးအတွက် ကျောင်းသား ကျောင်းသူ ဆရာဆရာမများကို ပါးစပ်၊ နှာခေါင်းစည်းများ၊ မျက်နှာအကာများ၊ ကျောင်းအတွက် ကိုယ်အပူချိန် တိုင်းကိရိယာများနှင့် အခြားသော ကိုဗစ်ကပ် ရောဂါ ကာကွယ်ရေးဆိုင်ရာများကိုလည်း ပံ့ပိုးပေးသွားမည်သာဖြစ်ပါသည်။ စေတနာနှင့် ကူညီမှုမှန်သမျှသည် ဆင်းရဲချမ်းသာ အရောင် အသွေး မည်သည့်ခွဲခြားမှုမျိုးမှမရှိ အားလုံးတစ်ပြေး တည်းသာဖြစ်ပါသည်။
ကျေပွန်ရမည့် မိဘတို့၏ဝတ္တရား
မိမိတို့၏ သားသမီးများ ပညာတတ်လူတော် လူမော်များဖြစ်ဖို့ အရေးသည် မိဘများ၏ အရေးကြီး ဆုံးသော ဝတ္တရားတစ်ခုဖြစ်ပါသည်။ ဤသည်ပင် နိုင်ငံဖွံ့ဖြိုးရေးတွင် ပါဝင်ထမ်းရွက်နေခြင်းလည်းဖြစ်သည်ဟု ခံယူထိုက်သည်ဖြစ်၍ မိဘဝတ္တရားနှင့် နိုင်ငံတာဝန် ကျေပွန်သင့်ပါသည်။ ယနေ့ခေတ် အခြေအနေကို မိဘများအနေဖြင့် မျက်ခြည်မပြတ် ကြစေလိုပါ။ မနှစ်ကနှင့်မတူ မနေ့ကနှင့်ခြား၍ အချိန်နှင့်အမျှ အပေါင်းလက္ခဏာဆောင်၍ တိုးတက်မှုသို့ ရှေးရှုနေသည်ကို သတိပြုရပါမည်။
အချို့မိဘများ မိမိ၏အတ္တတလွဲမာနများကြောင့် မိမိတို့ သားသမီးများ၏ ပညာရေးအနာဂတ် အမှောင်မဖုံးစေလိုပါ။ “ကျောင်း” ဟူသည် မည်မျှ အရေးပါသည်ကို ငယ်စဉ်အခါ ပညာရှာခဲ့ကြသည့် ယနေ့ခေတ်မိဘများ သိပြီးဖြစ်ပါလိမ့်မည်။ မိဘများ က ပညာသင်ပေးခဲ့၍ ကိုယ်လည်းလူလားမြောက် ခဲ့ပြီမဟုတ်ပါလား၊ ကိုယ်တိုင်မိဘဖြစ်လာသည့် အခါ ကိုယ့်သားသမီးတွေအပေါ် ပညာသင်ခွင့် မပေး သော မိဘ၊ ပညာကို တန်ဖိုးမထားတတ်သောမိဘ၊ မထိန်းကျောင်းမသွန်သင်တတ်၍ မိမိရင်သွေးများကို မလိမ္မာမိုက်မဲသူများဘဝသို့ တွန်းပို့မိသော မိဘများ အဖြစ် နောင်တမရစေချင်ပါ။
အစားထိုးပြန်မရသောအချိန်သည် အရေးကြီးပါ သည်။ မိမိတို့သားသမီးများ ကျောင်းနေမြဲ၍ ကျောင်းမထွက်စေဘဲ သူတို့လေးတွေ၏ လှပသော အနာဂတ်ရေးအတွက် အချိန်ပေးစေလိုပါသည်။ ချစ်ရာမရောက် နှစ်ရာရောက်သွားနိုင်သည်ကို အထူးသတိထားရပါမည်။ လာမည့်စာသင်ကျောင်း များမှာ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာများအပြင် လိမ္မာရေးခြားရှိစေမည့် ယဉ်ကျေးမှုနှင့် ဘာသာရေး အဆုံးအမသင်ခန်းစာများကိုပါ တွေ့မြင်ရတော့ မည်ဖြစ်၍ ဂါရဝတရားဖြင့် လိမ္မာယဉ်ကျေးပြီး ကိုယ်ကျင့်တရားကောင်းသော သားသမီးများကို “အား ” တစ်ခုအဖြစ် မိဘများတွေ့မြင်ရပါတော့မည်။ ကိုယ်ကိုယ်တိုင်က သားသမီးများကို လိုလိုချင်ချင် ဖြင့် ကျောင်းအပ်ကျောင်းပို့နိုင်ပါမှ၊ ကလေးများ လည်း ပညာသင်ခွင့်ရကြပါမှ နောင်တစ်ချိန် ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝန်းကြားမှာ မျက်နှာ မငယ် အားမငယ်ရဘဲ ခေါင်းမော့နိုင်သည့် လူငယ် များ၊ မိဘများအဖြစ် တွေ့မြင်ကြရမည်ဖြစ်ပါသည်။
ဆရာဆရာမများ၏ ကြီးလေးမွန်မြတ်သော တာဝန်ဝတ္တရား
ကျောင်းသားလူငယ်များ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့အနာဂတ် သားကောင်း လူငယ်များကို မွေးထုတ်ပေးနေသည့် ပဲ့ကိုင်ရှင် ဆရာဆရာမများ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးသည်မှာ ငြင်းဖွယ်ရာမရှိပါ။ အရည် အသွေးပြည့်ဝသူများ ဖြစ်ဖို့၊ အရည်အသွေးမီသော ပညာများသင်ကြားပေးဖို့သည် ဆရာများ၏ တာဝန် ပင်ဖြစ်သည်။ မိမိတို့၏တပည့်များကို ရင်ဝယ် သားသမီးများနှင့်မခြား ပညာတတ်လူရည်ချွန် လူရည်မွန်များဖြစ်လာအောင် ပြုစုပျိုးထောင် သင်ကြားပေးရသည့် စေတနာအပေါ် နိုင်ငံ့သား ကောင်းတစ်ယောက်ဖြစ်အောင်နှင့် နိုင်ငံပညာရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းမှ ပါဝင်ထမ်း ရွက်နေရသည့် တာဝန်ယူမှုက ထပ်ဆင့်လိုက်သည့် အခါ ဆရာတစ်ယောက်၏ တာဝန်သည်အထူးကြီးမားမွန်မြတ်သွားသည်ကို ဂုဏ်ယူကြစေလိုပါသည်။
ယနေ့ခေတ် ယနေ့အခြေအနေမျိုးမှာ ကျောင်း ဆရာတစ်ယောက်ဖြစ်ရတာ မလွယ်ကူလှပါ။
သို့သော် အခက်အခဲအကျပ်အတည်းများကြား၊ စိုးရိမ်ပူပန်မှုများကြားကပင် နိုင်ငံတော်၏ ပံ့ပိုး ကူညီမှုများနှင့်အတူ ဆရာဆရာမများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ မှန်ကန်စွာ ပညာသင်ကြား ပေးနိုင်ခဲ့ခြင်းသည်ပင် ရှေ့တက်ခရီးဆက်မည့် နောင်ပညာရေးခရီးလမ်းများအတွက် အတွေ့ အကြုံကောင်းများဖြစ်ပါသည်။ အကောင်းဆုံးဖြင့် ဆက်လက်အသုံးချသွားနိုင်ကြမည်ဟု ယုံကြည် ချက်ထားစေလိုပါသည်။ ပါတီနိုင်ငံရေး ကင်းရှင်းစွာ ဖြင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများပီပီ တာဝန်ဝတ္တရား များ ကျေပွန်စွာဖြင့် ထမ်းရွက်ကြမည့် ဆရာကောင်း များစွာကို အနာဂတ်တွင် ပို၍ပို၍မြင်တွေ့ကြရပါ တော့မည်။
ကျောင်းသားများဘက်မှလည်း...
ကျောင်းသားများဘက်မှ ကြည့်လျှင်လည်း သူတို့လည်း ကိုယ့်တာဝန်ကိုယ် ကျေရမည်။ မိမိ ပညာတတ်ကြီးဖြစ်ဖို့ မိဘများက ငွေကြေး၊ အချိန်၊ ပညာများစွာ ရင်းနှီးမြှုပ်နှံထားရသည်။ မိဘများ အသက်ရှိခိုက်၊ ကျန်းမာခိုက်မှာ ကိုယ့်ဘက်က ပညာဆုံးခန်းတိုင် ပြီးမြောက်အောင်မြင်ထားမှသာ မိဘကို ကျေးဇူးဆပ်ရာကျမည်ဖြစ်ပြီး မိမိလူ့အဖွဲ့ အစည်း ကိုယ့်ဆွေမျိုးအသိုင်းအဝန်း၊ ညီအစ်ကို မောင်နှမများကိုလည်း ပြုစုပံ့ပိုးနိုင်မည်ဖြစ်သည်။
ကျောင်းတက်ခြင်းသည်ပင် နိုင်ငံ့အရေး ဆောင်ရွက်ခြင်းဖြစ်၍ နိုင်ငံတော်နှင့် လူ့အဖွဲ့ အစည်းကို ကျရာကဏ္ဍမှ အရည်အသွေးပြည့်ပြည့် ဖြင့် ပါဝင်ထမ်းရွက်ပေးနေသည့် ဂုဏ်ယူဖွယ်ရာနိုင်ငံ့သားကောင်းများဖြစ်နေပါသည်။ မိမိကိုယ်မိမိ ပညာတတ်၊ ပညာရှင်၊ အနာဂတ်ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် အိပ်မက်မက်စေချင်သည်။ သင်ကြား ရမည့် ကျောင်းသင်ခန်းစာများသည်ပင် အသစ် အဆန်းအထူးအဆန်းတစ်ခုမှ မပါ။ ယခင် ပြုစု ထားသော သင်ရိုးညွှန်းတမ်းများသာ ဖြစ်သည်။ ဘေးပြောတာကို နားမယောင်ဖို့သာလိုသည်။ ဘေးမသီ ရန်မခ ကျောင်းပျက်ရက်မရှိ မပျက်မကွက် တက်ကြဖို့ သာ လိုသည်။ ကျောင်းမတက်ဖြစ်လျှင် ဦးစွာထိခိုက်နစ်နာမှာက မိမိနှင့် မိမိမိသားစုပင် ဖြစ်၍ ပညာတတ်ကြီးများဖြစ်အောင်၊ ပညာရှင် များဖြစ်လာအောင် ကြိုးစားကျောင်းတက်ကြပါ ဟုသာ တိုက်တွန်းချင်ပါသည်။
ထို့ကြောင့် ယခုစာသင်နှစ်အတွက် ပညာသင် အခွင့်အလမ်းကောင်းကို လက်မလွှတ်ဘဲ အမိအရ ဆုပ်ကိုင်နိုင်ကြဖို့ ထပ်မံနှိုးဆော်တိုက်တွန်းလိုပါ သည်။ မိဘရော၊ ဆရာရော၊ ကျောင်းသားများရော ကိုယ်စီတာဝန်ကျေပွန်ကြခြင်းဖြင့် ကျောင်းအပ်နှံ နှုန်းမှာ ယခင်ထက်ပိုမြင့်လာမည်ဟု ယုံကြည်ပါသည်။
နိုင်ငံတော်ကလည်း ယခင်အတွေ့အကြုံနှင့် သင်ခန်းစာများကို ပေါင်းစပ်ကာ ယခင်ထက်ပို၍ အားထည့်ပြီး ထိထိရောက်ရောက်ပံ့ပိုးကူညီသွားမည်ဟု ခံယူထားသည့်အတိုင်း အနာဂတ်ပညာရေး ခရီးသည် ပန်းတိုင်အရောက် ပေါက်မြောက် အောင်မြင်မည်ဟု တစ်ထစ်ချယုံကြည်ပြီးလည်း ဖြစ်ပါသည်။ ပညာသည် အမှောင်ကိုခွင်းနိုင်သည်ဖြစ်၍ ပတ်ဝန်းကျင်အကျိုး၊ လူ့အဖွဲ့အစည်းကောင်းကျိုး အတွက် အလင်းဆောင်ပေးမည့် ပညာကို ပေးရ မည့်၊ ယူရမည့်တာဝန်သည် မိဘ၊ ဆရာ၊ ကျောင်းသား များလက်ဝယ် ကျရောက်နေပြီဖြစ်ပါသည်။ အရေးကြီးသည်မှာ မိဘများဘက်ကဖြစ်ပါသည်။
သို့ဖြစ်၍ မိဘများအနေဖြင့် ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့စွာဖြင့် ပူပန်သောကများ လျှော့ချ၍ ကျောင်းများအပ်နှံပေးကြပါ။ အဖြူကို အရောင်ဆိုး မခံဘဲ အဖျက်သဘောဆန်သော သွေးထိုးမှုများ အောက်တွင် မိမိတို့၏ သားသမီးများ ပျက်စီးဆုံးရှုံး မှုလမ်းကြောင်းသို့ သွေဖည်သွားမည့်အရေးကိုသာ ပို၍အာရုံစိုက်ကြပါဟု အကြံပေးလိုပါသည်။
သို့မှသာ နောင်မဝေးသော အနာဂတ်တွင် မိမိတို့ ပင်ပန်းသည်၊ ခက်ခဲသည်ဟု သဘောမထား၊ ခံယူချက်ကောင်းများ ရင်မှာပိုက်၍ အားစိုက်ကြ၊ သင်ကြားပေးနေကြသော ဆရာဆရာမများ၏ လက်အောက်တွင် ကျောင်းသားများ၊ မိဘများ၏ ပီတိအပြုံးများကို ပို၍တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထိုသို့ဖြင့် ကိုယ်စီဝတ္တရား ကျေပွန်ကာမျှဖြင့် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပညာတန်ဖိုး သိနားလည်သော ပြည်သူ့သားကောင်းများ မလွဲဧကန် ဖြစ်လာကြပါမည်။ မရိုင်းစိုင်း လိမ္မာယဉ်ကျေး ကိုယ်ကျင့်တရားကောင်းသော နိုင်ငံ့သားကောင်း များ မလွဲသေချာဖြစ်လာကြပါမည်၊ မိဘ ဆရာ ပြည်သူပူးပေါင်းမှုအောက်တွင် ကျန်းမာကြံ့ခိုင်သော လူရည်ချွန်လူရည်မွန်များဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာမည်မှာမလွဲ၊ သေချာလှပါသည်ဟူ၍ အပြုသဘောအမြင်ကို ရေးသားလိုက်ရပါသည်။ ။
- Log in to post comments