လူငယ်များအား လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်

နေပြည်တော်   ဒီဇင်ဘာ   ၂ 


ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး    ဒီဂရီ ကောလိပ်သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ    အခမ်းအနားသို့     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  သက်သက်ခိုင်၊   ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က   နယ်စပ်ရေးရာဝန်ကြီးဌာနက      ဖွင့်လှစ်သော    ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ သင်တန်း ဆင်းသူများဖြစ်သည့် တိုင်းရင်းသားများကို စည်းစည်းလုံးလုံးရှိပြီး အရည်အချင်းရှိရှိ     လေ့ကျင့်သင်ကြားပျိုးထောင်ပေးခဲ့ပြီးဖြစ်ရာ အစိုးရဝန်ကြီးဌာနများ၊ ဒေသအသီးသီး၊ ဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်ခွင့်ရရှိသည်မှာ  ကံကောင်းကြပါကြောင်း၊  ကျောင်းသူ  ၄၀   ရာခိုင်နှုန်းပါဝင်သည်ကို တွေ့ရှိရပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍ သည် တိုင်းပြည်တည်ဆောက်ရေးတွင် အရေးပါပါကြောင်း၊ မိမိဝန်ကြီး ဌာနအနေဖြင့် UNCEDAW အပါအဝင် UN Convention များတွင် လက်မှတ်ရေးထိုးထားပါကြောင်း၊  Man၊  Money၊ Material များသည် အရေးပါပြီး  ၎င်းတွင် လူသားအရင်းအမြစ်သည် အရေးကြီးပါကြောင်း၊ လူငယ်များအနေဖြင့် အရည်အချင်းရှိမှ တိုးတက်အောင်ပြုလုပ်နိုင်မည် ဖြစ်သဖြင့် လူငယ်များအား လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းအိပ်ကျောင်းစားနေရ သည့်အတွက်   ညီအစ်ကို မောင်နှမအရင်းသဖွယ် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြရမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းဆင်းကျောင်းသား ကျောင်းသူများအနေဖြင့် ၂၀၁၆ ခုနှစ်တွင်  ၄၁ ဦး၊ ၂၀၁၇ ခုနှစ်တွင်  ခုနစ် ဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် ၂၅  ဦး၊ ၂၀၂၁ ခုနှစ်တွင်  ၃၃  ဦး စုစုပေါင်း  ၁၉၁  ဦး မိမိဝန်ကြီးဌာနသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း။ 


လူငယ်များအနေဖြင့် Education ၊ Experience ၊  Explore ၊ Ethic စသည့်အချက်များသည်  အရေးကြီးပါကြောင်း၊  ဘဝတစ်သက်တာ အတွက်   အသုံးကျပါကြောင်း၊    တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လာရောက်ဆုံတွေ့ကြသူများဖြစ်ပါသဖြင့်      မတူကွဲပြားမှုများအား အားသာချက်ဖြစ်အောင် စည်းလုံးချစ်ခင်စွာ နေထိုင်ကြစေလိုကြောင်း၊ မိမိနှင့် ဝန်ကြီးဌာန၊ မိမိနိုင်ငံတိုးတက်အောင် ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက်   ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က   အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်