လူငယ်များ ဗလငါးတန်ပြည့်ဝဖို့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်စို့

Type
5

 

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)

လူငယ်ဆိုတာ အပြစ်ကင်းစင်ပြီး တက်ကြွတဲ့သူတွေဖြစ်ပါတယ်။ အရောင်နဲ့တင်စားရရင်တော့ အဖြူရောင်သက်သက်ပါပဲ။ အဖြူရောင်ရဲ့သဘာဝက အစွန်းအထင်းမခံပါဘူး။ အကိုင်အတွယ်မတတ်ရင် ညစ်ပေ လွယ်ပါတယ်။ လူငယ်ဆိုတာလည်း ဒီလိုပါပဲ။ ကိုင်တွယ်ထိန်းသိမ်းမှုကောင်းရင်ကောင်းသလို အင်အားတွေဖြစ်လာပြီး ထိန်းသိမ်းမှု မကောင်းရင် အင်အားတွေ ဆုံးရှုံးရမှာဖြစ်ပါတယ်။ လူငယ်ဆိုတာ နိုင်ငံ့အင်အား ဖြစ်တဲ့အတွက် လူငယ်တွေကို ပြုစုပျိုးထောင် အရောင်တင်ခြင်းဟာ နိုင်ငံတော်တိုးတက်ဖို့ အရေးပါတဲ့ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့  ဦးတည် ချက် (၉) ရပ်ထဲက လူမှုရေးဦးတည်ချက်မှာ “နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့်   အဓိကစွမ်းအားစုအဖြစ်    ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော  လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”လို့ ပါဝင် ပါတယ်။  ဒီဦးတည်ချက်ကိုကြည့်ရင်   လူငယ် မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပြီး နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်တယ်လို့ ယူဆမိပါ တယ်။   နိုင်ငံမှာရှိတဲ့  သဘာဝသယံဇာတအရင်း အမြစ်တွေဆိုတာ  ကုန်ဆုံးသွားနိုင်ပေမယ့်  လူသား စွမ်းအားအရင်းအမြစ်ဆိုတာ ဘယ်တော့မှ ကုန်ဆုံး သွားမှာ မဟုတ်ပါဘူး။ မကုန်ဆုံးနိုင်တဲ့အရင်းအမြစ် တွေကို   ပြုစုပျိုးထောင်ပေးခြင်းဟာ    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်     အလွန်သင့်တော်မှန်ကန်တဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
လောက၌  ပညာနဲ့တူတဲ့အရာသည်မရှိ
လူတိုင်းငယ်ရွယ်စဉ်ကာလမှာ        မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာက    ပညာသင်ကြားခြင်း ဖြစ်ပါတယ်။   ပညာရေးဆိုတာ    လူတွေအတွက် အလွန်အရေးကြီးပါတယ်။  ပညာတတ်မှ   အမှား အမှန်  ချင့်ချိန်နိုင်မယ်။  အမှားအမှန်သိမှ မှန်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်မှာပါ။ “ပညာသမာ အာဘာနတ္ထိ” လောက၌  ပညာနဲ့တူတဲ့အရာသည် မရှိလို့   ပြောကြပါတယ်။  တကယ်လည်း   ပညာနဲ့ တူတဲ့အရာဆိုတာ မရှိပါဘူး။ ပညာဆိုတာ လူသား တွေရဲ့  ဘဝတစ်ခုလုံးအတွက် မရှိမဖြစ်အလင်းရောင် ပါပဲ။ 
ပုဂံခေတ်  သိင်္ဃသူ့သမီးကျောက်စာမှာ  “ပညာ မရှိသော၊ မိုက်သော၊  ဝန်တိုသော၊ အပေးအကမ်း မရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊ မေ့လျော့ သော၊  အောက်မေ့တသကင်းသော၊  မဖြစ်မူ၍။ ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်း သော၊ သနားတတ်သော၊ ပညာရှိသော၊ အကြောင်း ကို သိတတ်သော၊ ဝန်မတိုသော၊ အပေးအကမ်း ရှိသော၊ သစ္စာရှိသော၊ မပျက်တတ်သော၊ မမေ့လျော့ သော၊ အောက်မေ့တသရှိသော ဤသို့သော ကျေးဇူး တို့နှင့်    ပြည့်စုံလျက်   သံသရာ၌    ကျင်လည်၍ မေတ္တယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သော အကျွတ်တရားရလိုသတည်း”လို့ ရေးထိုးထားတာ တွေ့ရပါတယ်။
အတိုချုပ်ပြောရရင်တော့      သိင်္ဃသူ့သမီး ကျောက်စာမှာ  ပညာနဲ့ပတ်သက်ပြီး   “ပညာမရှိ သော၊   မိုက်သော၊   ဝန်တိုသော”    “ပညာရှိသော၊ အကြောင်းကို သိတတ်သော၊ ဝန်မတိုသော”ဆိုတဲ့ စကားနှစ်ရပ်ပါဝင်ပါတယ်။ “ပညာမရှိရင် မိုက်မယ်။ ပညာရှိရင်အကြောင်းကို သိတတ်မယ်” အကြောင်း ကို    သိတတ်တယ်ဆိုတာက   အကြောင်းအကျိုး အကောင်းအဆိုးတွေကိုသိပြီး    ဘဝအောင်မြင်မှု တွေရမယ်။    ဘယ်ထိအောင်မြင်မလဲဆိုရင်တော့ အကျွတ်တရားရပြီး   နိဗ္ဗာန်အထိတိုင်   ရောက်နိုင် တယ်လို့    နားလည်မိပါတယ်။   ပညာရဲ့တန်ခိုးက ကြီးမားလှပါတယ်။
စာဆိုတော်ကြီး ရှင်မဟာရဋ္ဌသာရက  စာသင် သားတွေကို “သုစိပုဘာ   ဝိလိသိဓာ   အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်သွင်  နေ့တိုင်းဆင်လော့”လို့ ဆုံးမခဲ့ပါတယ်။   “သု =   သုဏေယျ   ကြားနာရာ၏။ စိ = စိန္တေယျ ကြံစည်ရာ၏။ ပု = ပုစ္ဆေယျ မေးမြန်းရာ ၏။ ဘာ =  ဘာသေယျ    ပြောဆိုဆွေးနွေးရာ၏။ ဝိ = ဝိစာရေယျ စူးစမ်းဆင်ခြင်ရာ၏။ လိ = လိခေယျ ရေးမှတ်ရာ၏။ သိ = သိက္ခေယျ လေ့ကျင့်ရာ၏။ ဓာ = ဓာရေယျ နှုတ်တက်ဆောင်ရာ၏” ဆိုတာကို ကြည့်ရင်       ပညာသင်ကြားရေးနဲ့ပတ်သက်ပြီး အလေးအနက်ဆုံးမခဲ့တာကို       တွေ့ရပါတယ်။ ခေတ်မီနေဆဲ အဆုံးအမတွေဖြစ်ပါတယ်။
ပညာဆိုတာလည်း လိုသလိုအသုံးချနိုင်တဲ့အရာ
မဃဒေဝလင်္ကာသစ်မှာ မန်လည်ဆရာတော် ကြီးက “ပညာပြည့်ဝ နှလုံးလှသော်၊ ကိစ္စကြီးငယ်  ဆောက်သဖွယ်လျှင်၊    ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏”လို့ ဖွဲ့ဆိုခဲ့ပါတယ်။  ဆောက်သွားကို      အကျဉ်းအကျယ်လိုအပ်သလို ထွင်းဖောက်ဖို့ အသုံးချနိုင်သလို ပညာဆိုတာလည်း လိုသလိုအသုံးချနိုင်တဲ့အရာဖြစ်တယ်လို့ ဆိုလိုပါ တယ်။ ပညာရှိရင်   ကိစ္စများစွာ   ပြီးမြောက်နိုင်ပါ တယ်။ 
လူမည်းခေါင်းဆောင်    နယ်လ်ဆင်မင်ဒဲလား ကတော့ “လောကကြီးကို ပြောင်းလဲနိုင်တဲ့ တစ်ခု တည်းသောအရာက ပညာပဲဖြစ်တယ်”လို့ ပြောခဲ့ပါ တယ်။    လူငယ်တွေဆိုတာ    ကိုယ့်အင်အားနဲ့ လောကကြီးကို ပြောင်းလဲမယ်လို့ အိပ်မက်မက်ကြ တဲ့သူတွေပါ။     ပြောင်းလဲချင်တဲ့    အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ပညာတွေတတ်မြောက် အောင် သင်ယူကြပါလို့ လူငယ်တွေကို တိုက်တွန်း ချင်ပါတယ်။  
“ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာရှာ ပမာသူဖုန်းစား၊ ပညာဆည်းပူး ပန်းသို့ခူး၊ ပညာမရှိ သူ၏ဝန်ထမ်း”  စတဲ့   ဆိုရိုးစကားတွေ လည်းရှိပါတယ်။ ပညာဆိုတာ   နိုင်ငံတိုင်း၊    လူမျိုး တိုင်းအတွက် ရတနာတစ်ပါးဖြစ်ပါတယ်။ နိုင်ငံ တိုးတက်ဖို့  လူသားစွမ်းအားအရင်းအမြစ်တွေကို ပညာအရည်အချင်းရှိလာအောင်    ပြုစုပျိုးထောင် ခြင်းဟာ အထိရောက်ဆုံးလုပ်ငန်းပဲဖြစ်ပါတယ်။  
လူငယ်တွေ ပညာသင်ကြားခွင့်ရဖို့ လူကြီးတွေ က   စီစဉ်ပေးကြရပါတယ်။   လူငယ်တွေကလည်း ဘယ်လိုအခက်အခဲပဲရှိရှိ ပညာကိုကြိုးစားသင်ယူရ ပါမယ်။ ပညာတွေ ကြိုးစားသင်ယူရင်းကပဲ လူငယ် တွေမှာ  မဖြစ်မနေရှိရမယ့်  ဗလငါးတန်ပြည့်ဝဖို့ကို လည်း ဖြည့်ဆည်းနေရမှာဖြစ်ပါတယ်။ ဗလငါးတန် ဆိုတာ ကာယဗလ-ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်း ခြင်း၊ ဉာဏဗလ- အသိဉာဏ်ပညာဖြင့်ပြည့်စုံခြင်း၊ စာရိတ္တဗလ-ကိုယ်ကျင့်တရားဖြင့် ပြည့်စုံကောင်း မွန်ခြင်း၊ မိတ္တဗလ-ကောင်းသောမိတ်ဆွေခင်ပွန်း များဖြင့်   ပြည့်စုံခြင်း၊  ဘောဂဗလ-  ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှုနဲ့ ပြည့်စုံခြင်းတို့ဖြစ်ပါတယ်။ 
လူငယ်တွေဟာ ပင်ကိုအားဖြင့် အရည်အချင်း အစွမ်းအစရှိကြသူတွေဖြစ်ပါတယ်။ တစ်ဦးချင်း ကောင်းမွန်တတ်ကျွမ်းတဲ့အရာတွေလည်း ရှိကြပါ တယ်။ တစ်ဦးချင်းစီက တစ်ခုကောင်း တတ်ကျွမ်း နေရုံနဲ့       နိုင်ငံတော်       ဖွံ့ဖြိုးတိုးတက်လာရေးမှာ ထိရောက်တဲ့ စွမ်းဆောင်မှုဖြစ်လာမှာ မဟုတ်ပါဘူး။ လူငယ်တွေအားလုံးသာ   ဗလငါးတန်နဲ့    ပြည့်ဝကြ မယ်ဆိုရင်         နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလာမှာဖြစ်ပါတယ်။ ဒါကြောင့် လည်း   နိုင်ငံတော်အစိုးရက   ဦးဆောင်ပြီး    ဗလ ငါးတန်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ  လုပ်ဆောင်ပေးနေ တာကို တွေ့မြင်ရပါတယ်။
လူငယ်တွေဗလငါးတန်ဖွံ့ဖြိုး ရေး
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မှာလည်း လူငယ်တွေဗလငါးတန်ဖွံ့ဖြိုး ရေးအတွက် ရည်ရွယ်ပြီး  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ နိုင်ငံတစ်ဝန်းက အထင်ကရနေရာတွေကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံတွေကို “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ် ဓာတ်ပုံပြပွဲတွေပြသပေးပါတယ်။၊ စာအုပ် စာစောင်ပြပွဲတွေ၊   စကားပုံဆက်ပွဲ၊   အရုပ်ဆက် ပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲနဲ့ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲ တွေကို အခြေခံပညာကျောင်းမှ ကလေးငယ်တွေ အတွက် လုပ်ဆောင်ပေးနေကြပါတယ်။  ဌာနရဲ့ပံ့ပိုး မှုနဲ့  ဂီတဖျော်ဖြေပွဲတွေကိုလည်း   ထည့်သွင်းပြီး လုပ်ဆောင်ပေးနေကြပါတယ်။            ကလေးတွေ  စိတ်လွတ်လပ်ပေါ့ပါးစွာ ပါဝင်လှုပ်ရှားနေကြတာ တွေ့ရ ပါတယ်။      အဲဒီပွဲမှာ     စာအုပ်တစ်အုပ်စီကိုင်ပြီး စိတ်ဝင်စားစွာစာဖတ်နေကြတဲ့         ကျောင်းသား  ကျောင်းသူတွေကိုလည်း        တွေ့ရပါတယ်။    တစ်ကျောင်းလုံး        အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ပါဝင်နေကြတာ   မြင်တွေ့ရသူကို    ပီတိဖြစ်စေပါ တယ်။


ကျွန်မအနေနဲ့ ဒီပွဲတွေမှာ လူငယ်အသိပညာပေး ဟောပြောသူအဖြစ် တာဝန်ယူ ပါဝင်ဆောင်ရွက်ခွင့် ရခဲ့ပါတယ်။     လူငယ်တွေ    စိတ်ဝင်စားအောင် ကြိုးစားဟောပြောခဲ့ပါတယ်။ “လူငယ်နဲ့ ယဉ်ကျေး မှု၊ လူငယ်နဲ့ပညာရေး၊ လူငယ်နဲ့မျိုးချစ်စိတ်ဓာတ်” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့            အသိပညာပေးဟောပြောခဲ့ပါ တယ်။   စိတ်ဝင်စားအောင် စီကာစဉ်ကာ  ပြောပြတဲ့ အခါ တောက်ပတဲ့ မျက်ဝန်းလေးတွေနဲ့ နားထောင် နေကြတဲ့ သိချင်တတ်ချင်စိတ်   အပြည့်အဝရှိတဲ့   ကလေးတွေကို တွေ့မြင်ခဲ့ရပါတယ်။
ဒီလိုပွဲတွေကင်းကွာပြီး လူငယ်တွေရဲ့နှလုံးသား ထဲကို အဆိပ်ခတ်ခံခဲ့ရတဲ့အတွက် ဒီနှစ်တွေအတွင်း ဆုံးရှုံးခဲ့ရတဲ့လူငယ်တွေ ဘယ်လောက်များပြီလဲလို့ တွေးမိတဲ့အခါတိုင်း   ရင်နာခဲ့ရပါတယ်။ ဆုံးရှုံးမှု တွေကို      အဖတ်ဆယ်လုပ်ဆောင်ဖို့    ခက်ခဲပါတယ်။ ကျွန်မတို့   လုပ်နိုင်တာကဘာလဲ။    နောက်ထပ် လူငယ်တွေမဆုံးရှုံးရဖို့    ကျွန်မတို့     ကြိုတင် လုပ်ဆောင်သင့်တာဟာ    အသိပညာပေးခြင်းပဲ ဖြစ်တယ်လို့ စဉ်းစားမိပါတယ်။ ဒါကြောင့် အတွေး မှန်၊  အမြင်မှန်၊  အသိတွေမှန်နေအောင် ပညာပေး လုပ်ငန်းတွေ   အမြောက်အမြားဆောင်ရွက်ကြပါ မယ်။ မရပ်မနားဆောင်ရွက်ကြပါမယ်။ ဒီအတွေး ကြောင့် ပင်ပန်းပေမယ့် တက်ကြွနေခဲ့ပါတယ်။
ဗလငါးတန်ဖွံ့ဖြိုးရေး    လူငယ်အသိပညာပေး ဟောပြောပွဲမှာ ကျောင်းသား ကျောင်းသူလေးတွေ က  “မင်္ဂလာကဗျာ၊   ဇာတိမာန်သီချင်း၊    လူချွန် လူကောင်းသီချင်း”တွေနဲ့ ဖျော်ဖြေပေးကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ရဲ့ အမှာစကားကိုလည်း နာကြား ရပါတယ်။ လူငယ်တွေကို အောင်မြင်တိုးတက်စေ ချင်တဲ့ စေတနာစကားတွေဖြစ်တဲ့အတွက် အင်အား သစ်တွေဖြစ်စေပါတယ်။   လူကြီးတွေရဲ့   လှိုက်လှဲ နွေးထွေးတဲ့ဆက်ဆံရေးကြောင့်        ကျောင်းသား ကျောင်းသူလေးတွေ    မြူးပျော်ရွှင်ပျနေတာကို လည်း တွေ့မြင်ခဲ့ရပါတယ်။ မြင်တွေ့ကြားနာရတာ စိတ်ကြည်နူးချမ်းမြေ့ခဲ့ရပါတယ်။ 
နုနယ်တဲ့   မျိုးဆက်သစ်ကျောင်းသားလူငယ် တွေရဲ့ နှလုံးသားထဲကို နိုင်ငံချစ်တဲ့စိတ်၊ လူမျိုးကို ချစ်စိတ်၊  သမိုင်းအမွေအနှစ်တွေနဲ့  ထုံမွမ်းနေတဲ့ အမိမြေကို ချစ်တဲ့စိတ်၊ ပညာကို လိုလားနှစ်သက်တဲ့ စိတ်တွေ ကြိုးစားပြီး ထည့်သွင်းပေးခဲ့ပါတယ်။ ဒီပွဲ တွေမှာ ကိုယ်တတ်နိုင်တဲ့ဘက်က အသိပညာတွေ မျှဝေပြီး    နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အသိနဲ့ ဝမ်းမြောက်ဂုဏ်ယူနေခဲ့ပါတယ်။
ဗလငါးတန်ပြည့်ဝအောင် ဆောင်ရွက်ပေးရေး ကို ဒီလိုပွဲလေးတစ်ပွဲစီ လုပ်ဆောင်ပေးရုံနဲ့ တာဝန် ကျေတာတော့ မဟုတ်ပါဘူး။ ဒီပွဲလေးကနေ တို့တွေ ကို နိုင်ငံတော်အကြီးအကဲတွေက တန်ဖိုးထားတယ် ဆိုပြီး အားတက်မယ်။ ကိုယ်တိုင်ပါဝင်ဆောင်ရွက် ရတဲ့    အစီအစဉ်တွေကြောင့်   ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမယ်။        ပျော်ရွှင်ဖွယ်အစီအစဉ် ကစားနည်းတွေကြောင့်  စိတ်ပျော်ရွှင်  လန်းဆန်း မယ်။ မြန်မာနိုင်ငံအနှံ့က ရောင်စုံခြယ်လှပတဲ့ ရှုခင်း တွေနဲ့ ဓာတ်ပုံပြပွဲတွေကိုလည်း တိုးမပေါက်အောင် စိတ်ဝင်တစားကြည့်ရှုကြပြီး နိုင်ငံနဲ့လူမျိုးကို ချစ်ခင် တဲ့စိတ်တွေ  မွေးဖွားလာကြပါမယ်။    စိတ်ဓာတ် ခွန်အားတွေ  ထည့်ပေးလိုက်နိုင်တဲ့   ပွဲတစ်ပွဲဖြစ်ပါ တယ်။ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်နေကြ တဲ့ နေပြည်တော် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက  တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က ဝန်ထမ်းတွေကို  မြင်ရတာလည်း  ဝမ်းသာအားရ ရှိလှပါတယ်။ မပြည့်စုံမှုတွေ ကြားကနေ တာဝန်တွေ ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြတဲ့အတွက် နိုင်ငံအတွက် အားတက်မိပါတယ်။
ဒီနေ့အချိန်မှာ   လူငယ်တွေ    စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ       ထိခိုက်ပျက်စီးသွားကြတာကို တွေ့မြင်နေရပါတယ်။   ပျက်စီးမှုတွေ   ပြန်လည် ပြုပြင်ဖို့  တစ်ဦးတစ်ယောက်တည်းဆောင်ရွက်လို့ မရဘဲ    တတ်သိနားလည်  လုပ်ဆောင်နိုင်တဲ့လူတွေ အားလုံးပါဝင်ဆောင်ရွက်ကြမှ       ဆုံးရှုံးမှုတွေကို အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံတော် တည်ငြိမ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုမှာ ဖြစ်ပါ တယ်။
အသိပညာခိုင်မာတဲ့     နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ မျိုးဆက်သစ်လူငယ်တွေကို          ပြုစုပျိုးထောင်ပေး လိုက်ခြင်းဟာ အမိနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ         အဓွန့်ရှည်တည်တံ့အောင် ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲတွေက    အမြော်အမြင်ကြီး စွာနဲ့ လူငယ်များဘဝတိုးတက်မြှင့်တင်ရေး လုပ်ငန်း စဉ်တွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဆရာ ဆရာမ တွေ၊   ကျောင်းသား  ကျောင်းသူတွေကိုယ်တိုင်နဲ့  မိဘတွေအပါအဝင် တတ်သိပညာရှင်တွေအားလုံး က   နိုင်ငံတော်ကို   တကယ်ချစ်တယ်ဆိုရင် လူငယ် တွေ  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ကြ ရင်း နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးရေးကို အုတ်တစ်ချပ်   သဲတစ်ပွင့်ပမာ  ပါဝင်လုပ်ဆောင် အားဖြည့်ကြပါ စို့လို့   တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင်။          ။