
ကိုဌေး(ကနောင်)
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ဖွဲ့စည်းခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် ယခင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အားကစားနှင့် ကာယပညာဦးစီးဌာနအပြင် လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာဦးစီးဌာနကိုပါ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
လူငယ်ရေးရာဆိုင်ရာ မူဝါဒ၊ ခံယူချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း
လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးသည် အားကစားအောင်မြင် တိုးတက်ရေးကဲ့သို့ပင် ယခုရေတွင်းတူး ယခုရေကြည်သောက် ဆိုသကဲ့သို့ ချက်ချင်းလက်ငင်း အကောင်အထည် ဖော်ဆောင်ရွက်၍ ရနိုင်ကောင်းသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်စပ်ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့များ အပါအဝင် အုပ်ချုပ် မှုဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အဆင့်ဆင့်သော ဦးစီးဌာနများ၊ မြန်မာ နိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် အဆင့် ဆင့်သော အားကစားဆပ်ကော်မတီများ၊ မြန်မာ့လက်ရွေးစင် အားကစားသမား ဟောင်းကြီးများ၊ အားကစားဝါသနာရှင် များ၊ မီဒီယာလောကသားများအပါအဝင် ပြည်သူတစ်ရပ်လုံးမှ အမျိုးသားရေးအသိ ဖြင့် အတိုင်းအတာတစ်ခုအထိ အချိန် ယူ၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနအနေဖြင့်လည်း လူငယ်ရေးရာ ဆိုင်ရာ ခိုင်မာသည့် မူဝါဒ၊ ခံယူချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားရှိပြီး ဖြစ်ကြောင်းလည်း သိရှိရပါသည်။
အားကစားဆိုင်ရာခံယူချက် (၃) ရပ်
သို့ဖြစ်၍လည်း ၁၉၉၆ ခုနှစ် ဒီဇင် ဘာလ ၁၈ ရက်နေ့တွင် အားကစား ဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းပြီး နောက် အားကစားဆိုင်ရာ ခံယူချက် အဖြစ် “အားကစားမြှင့်တင်တည်ဆောက် ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဟူ၍ လည်းကောင်း၊ “အားကစားအောင်မြင်မှု သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကို ရောင်ပြန်ဟပ်စေ သည်” ဟူ၍ လည်းကောင်း၊ “အားကစား အောင်မြင်မှုသည် နိုင်ငံတော်ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် အခြေအနေကို ဖော်ပြ သည်” ဟူ၍လည်းကောင်း မြင့်မားသည့် ခံယူချက်များ သတ်မှတ်ဆောင်ရွက်ခဲ့ ခြင်း ဖြစ်ပါသည်။
အားကစားဆိုင်ရာမူဝါဒ (၃) ရပ်
အားကစားဝန်ကြီးဌာနအဖြစ် စတင် ဖွဲ့စည်းပြီးနောက် ဝန်ကြီးဌာန၏ မူဝါဒ (၃) ရပ်အဖြစ် “မြန်မာ့အားကစား ကမ္ဘာ ကို လွှမ်းစေရမည် ( ယခုအခါ မြန်မာ့ အားကစားမှ ကမ္ဘာ့အားကစားသို့)” ဟူ၍ လည်းကောင်း၊ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အမျိုး သားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံ လုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာဖြင့် ပါဝင်လှုပ်ရှားကြရမည်” ဟူ၍လည်း ကောင်း၊ “နိုင်ငံတကာအလယ်၌ နိုင်ငံ တော်၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ဆောင်ရွက်နိုင်မည့် ထူးချွန် ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား လူရည်ချွန်များ မွေးထုတ်ရမည်” ဟူ၍ လည်းကောင်း ခိုင်မာသည့် မူဝါဒများ ချမှတ်ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။
ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း
အထက်တွင် ဖော်ပြခဲ့သည့် ယခင် အားကစားဝန်ကြီးဌာန၏ အားကစား ဆိုင်ရာ ခံယူချက် (၃) ရပ်၊ မူဝါဒ (၃) ရပ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည့် အားကစား ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ် (၁၀) ရပ်ကိုလည်းကောင်း၊ ရှေ့လုပ်ငန်းစဉ် (၁၀) ရပ်နှင့် ပူးတွဲဆောင်ရွက်ရမည့် အောက်ပါအားကစားမူဝါဒ (၅) ရပ်ကို လည်းကောင်း လုပ်ငန်းလမ်းညွှန်အဖြစ် သတ်မှတ်ထားရှိခဲ့ပါသည်-
(၁) အားကစားနှင့် ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးလုပ်ငန်း ကို ထိထိမိမိ ပူးပေါင်းဆောင် ရွက်သွားရန်
(၂) မျိုးဆက်သစ်အားကစားသမား များအား ရေရှည်စနစ်တကျ ပြုစု ပျိုးထောင်သွားနိုင်ရေး အတွက် အသက်အရွယ်လျှော့ချ ပြီး ငယ်ရွယ်သူများကို (New Generation) အဖြစ် ထိထိ ရောက်ရောက် မွေးမြူရန်
(၃) အားကစား ပြုစုပျိုးထောင် လေ့ကျင့်မှု လုပ်ငန်းများကို နည်းစနစ်မှန်မှန်၊ ထိထိရောက် ရောက်၊ ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားရန်
(၄) အမျိုးသမီး အားကစားလှုပ်ရှား မှုများကို အမျိုးသားများနည်းတူ ထိထိမိမိ အားပေးဆောင်ရွက် ရန်
(၅) အားကစားပညာပေးလုပ်ငန်း များကို ထိထိရောက်ရောက် တိုးချဲ့ဆောင်ရွက်ရန်
အထက်ဖော်ပြပါ အားကစားဆိုင်ရာ ခံယူချက် (၃) ရပ်၊ မူဝါဒ (၃) ရပ် အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် ရှေ့လုပ်ငန်းစဉ် (၁၀) ရပ်နှင့် ပူးတွဲဆောင်ရွက်သွားရမည့် အားကစားမူဝါဒ (၅) ရပ်မှာလည်း အားကစားလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အားကစားလုပ်ငန်းများ ကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြ သည့် အတွေ့အကြုံရင့် ပုဂ္ဂိုလ်များ ၏ အကြံပြုတင်ပြချက်များအပေါ် အားကစားဌာန တာဝန်ရှိသူများက တညီတညွတ်တည်း ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးအတည်ပြု ဆုံးဖြတ်ချက် များဖြစ်သည့်အတွက် အဆိုပါရှေ့ လုပ်ငန်းစဉ် (၁၀) ရပ်နှင့် ပူးတွဲဆောင်ရွက် သွားရမည့် အားကစားမူဝါဒ (၅) ရပ် အပေါ် အမြဲမပြတ် ဆင်ခြင်သုံးသပ် ဆောင်ရွက်သွားရန်လည်း လိုအပ်သကဲ့ သို့ တိုးတက်လာသည့် ခေတ်စနစ်နှင့် အညီ ပြုပြင်ပြောင်းလဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း အမြဲမပြတ် သုံးသပ်၍ ပြင်ဆင်/ တိုးချဲ့ သတ်မှတ် ဆောင်ရွက်နေရန်လည်း လိုအပ်ပါသည်။ အလားတူ အသစ်တိုးချဲ့ ဖွဲ့စည်းဆောင် ရွက်မည့် လူငယ်ရေးရာဦးစီးဌာနအနေ ဖြင့်လည်း လူငယ်ရေးရာဆိုင်ရာ ခံယူ ချက်၊ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် များ ချမှတ်၍ ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လည်း လိုအပ်သည် ဟု မြင်မိပါသည်။
နိုင်ငံတော်အကြီးအကဲ၏ လူငယ်နှင့်အားကစားဆိုင်ရာ လမ်းညွှန်ချက်များ
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် အရှေ့တောင်အာရှအဆင့်တွင် ပင် နိမ့်ကျလျက်ရှိနေသည့် မြန်မာ့ အားကစားအဆင့်အတန်း မြင့်မားလာ စေရေးအတွက် မကြာခဏဆိုသလို အားကစားနှင့်ပတ်သက်၍ လမ်းညွှန် ချက်များ ချမှတ်ပေးလျက်ရှိသည်ကို ကြားသိမြင်တွေ့နေရပြီး မှတ်သား မိသလောက် တင်ပြရမည်ဆိုပါလျှင်-
- ကျန်းမာရေးဆိုသည်မှာ အား ကစား၊ကြံ့ခိုင်ရေးတို့နှင့် ဆက်စပ် နေပါကြောင်း
- အားကစား မြှင့်တင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို တက်စေကြောင်း
- ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်မှုများရှိနေသော်လည်း အားကစား မြှင့်တင်ရေးကို မျက်ခြည်မပြတ် ကြည့်ပြီး ဆောင်ရွက်ပေးနေကြောင်း
- တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးတွင် အားကစားကွင်း/အားကစားရုံများ အဆင့်မီမီ ရှိရေး ဆောင်ရွက်ပေးနေကြောင်း
- အားကစားမြှင့်တင်မည်ဆိုလျှင် လူငယ်တို့၏ အင်အားသည် အဓိကကျသည့်အတွက် လူငယ် နှင့် အားကစားကဏ္ဍကို အားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း
- အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် များနှင့် အမျိုးသားရေး စရိုက် လက္ခဏာတို့ကို ရှင်သန်ထက် မြက်စေပြီး တစ်မျိုးသားလုံး ၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ် စေနိုင်သောကြောင့် အားကစားနှင့် ပတ်သက်ပါ က အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း
- လက်ရှိတွင် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှု အားနည်းလျက်ရှိ သည်ကို တွေ့ရှိရပြီး အဆင့် အတန်းတစ်ခုသို့ ရောက်ရှိနိုင်ရေး အခြေခံကျကျ စဉ်းစားဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း
- မိမိတို့နိုင်ငံ၏ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှစ၍ အားကစား အောင်မြင်မှုများ သည် ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း များစွာကျဆင်းခဲ့ကြောင်း
- အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း သည် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း
- အားကစားနှင့် ပတ်သက်၍ မိမိ တို့သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် အားပေးဆောင်ရွက် ခြင်းဖြင့် အားကစားကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ကြ စေလိုကြောင်း
- အားကစားပြုလုပ်မှသာ ကျန်းမာ ကြံ့ခိုင်မှု ရှိမည်ဖြစ်ကြောင်း၊ အလွယ်ကူဆုံး အားကစားနည်း နှစ်ခုမှာ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းပင်ဖြစ်ကြောင်း
- အားကစားသည် နိုင်ငံတော် အတွက် အားပေးဆောင်ရွက်ကြ ရမည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း
- အားကစားကဏ္ဍ တိုးတက်စေ ရေး အားပေးခြင်းများ ဆောင် ရွက်၍ မြန်မာ့အားကစား ကဏ္ဍ တစ်ခေတ်ဆန်းစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်
- SEA Games ပြိုင်ပွဲများတွင် မိမိတို့နိုင်ငံ၏ အားကစားအဆင့် အတန်း ပိုမိုတိုးတက် မြင့်မားရေး အားပေးဆောင်ရွက်သွားရန်
- မိမိတို့ နိုင်ငံ၏ အားကစားကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက်လည်း ကြိုးပမ်းလုပ်ဆောင် သွားရန်
- အားကစားမြင့်မားမှုမှတစ်ဆင့် အမျိုးသားရေးစိတ်ဓာတ် ခိုင်မာ မြင့်မားရေးကို ဆောင်ရွက်သွား ရန်
- အားကစားသည် ကျန်းမာရေးကို သာမက နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ကိုလည်း မြှင့်တင်ပေးနိုင် ကြောင်း၊ ထို့ကြောင့် အားကစား ကဏ္ဍ မြှင့်တင်ပြီး နိုင်ငံဂုဏ်ကို မြှင့်တင်ရန် လိုအပ်ကြောင်း
- မြန်မာ့အားကစားနည်းများ စနစ် ကျပြီး အဆင့်မီသည့် အားကစား နည်းများ ဖြစ်စေရန် ကြိုးပမ်း အားထုတ်၍ အာဆီယံပြိုင်ပွဲများ နှင့် နိုင်ငံတကာပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် အားပေးဆောင် ရွက်သွားရန်
- မိမိတို့ နိုင်ငံ၏ အမျိုးသား အားကစားတွင် မြန်မာ့သိုင်း အားကစားနည်းကို ထည့်သွင်း ကျင်းပရန်နှင့် မိမိတို့ ရိုးရာ အားကစား နည်းများကိုလည်း အားပေးရန်
- အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း နှင့် လူငယ်များ၏ စိတ်ဓာတ် (Mind Set) ကို ပြုပြင်ပေးခြင်း ဖြစ်သဖြင့် နောင်လာမည့် ဆယ်စု နှစ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့ အားကစား တစ်ခေတ်ဆန်းလာ စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြစေ လိုကြောင်း
အထက်ဖော်ပြပါ နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်များသည် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်စေရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်း လမ်းညွှန်ချက်များ၊ လက်ရှိအနေအထား အရ နိမ့်ကျနေသည့် အားကစားကို မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များအား အခြေခံကျကျ စဉ်းစားဆောင်ရွက်ရမည့် လမ်းညွှန်ချက် များ၊ အားကစားဌာန၏ အခြေခံလိုအပ် ချက်ဖြစ်သည့် အားကစားကွင်း/အားကစားရုံများ ဖြည့်ဆည်းဆောင်ရွက် ပေးနေမှု အခြေအနေများ၊ မြန်မာ့ အားကစား အောင်မြင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ များအနေဖြင့် အားပေးဆောင်ရွက်သွား ရန် လမ်းညွှန်ချက်များ၊ အားကစားဌာန အနေဖြင့်လည်း မိမိတို့နိုင်ငံ၏ အားကစား အဆင့်မြှင့်တင်ရေးလုပ်ငန်းများ၊ SEA Games ပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲ များတွင် မြန်မာ့အားကစားအဆင့် အတန်း ပိုမိုတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန် ချက်များအပြင် အားကစားဆောင်ရွက် ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက် လက္ခဏာများကို ရှင်သန်ထက်မြက်စေ ပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သဖြင့် အားကစားနှင့် ပတ်သက်ပါက အားပေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များ၊ အားကစားဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့များအပါအဝင် ပြည်သူတစ်ရပ်လုံးမှ အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းဆောင် ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းမြင်သာ စွာ မီးမောင်းထိုးပြထားခြင်းဖြစ်သဖြင့် အားကစား အောင်မြင်တိုးတက်စေရေး အတွက်လည်းကောင်း၊ လူငယ်လူရွယ် များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက်လည်းကောင်း ဘက်ပေါင်းစုံမှ ဝိုင်းဝန်းစုပေါင်းအဖြေရှာ၍ ခိုင်မာသည့် စီမံချက်များ ပြင်ဆင်ရေးဆွဲ ချမှတ် ဆောင်ရွက်သွားရန် အချိန်ရောက်ပြီဟု လည်း ရှုမြင်မိပါသည်။
လူငယ်လူရွယ်များ၏ အခန်းကဏ္ဍ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး သည် ထိုနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာ ဗဟုသုတ ပြည့်စုံ ကြွယ်ဝမှု၊ အရည်အချင်းပြည့်ဝမှု၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိမှု၊ စိတ်ဓာတ်ရေးရာ မြင့်မားမှု စသည့်အချက်များအပေါ် များစွာတည်မီနေပြီး လူငယ်လူရွယ်များ ကို ဘက်စုံထောင့်စုံမှ အရည်အသွေး မြှင့်တင်ပေးရန်မှာ နိုင်ငံတိုင်း အလေး ထားဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း မှတ်သားဖူးပါသည်။
လူငယ်ဘဝမှ လူကြီးဘဝသို့ ကူးပြောင်းပြီးကာလသည် လှုပ်ရှား ပြောင်းလဲမှုများ ဖြစ်လွယ်ပျက်လွယ် သော ကာလဖြစ်ခြင်းတို့ကြောင့် လူငယ် များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်အား အကျိုးပြု မည့် နိုင်ငံ့သားကောင်းများအဖြစ် ရောက်ရှိစေရေး စနစ်တကျ ပြုစု ပျိုးထောင်ပေးရန် လိုအပ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရအဖွဲ့များ အနေဖြင့် လူငယ်ရေးရာကိစ္စရပ်များအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေ ရေးအတွက် သီးခြားဝန်ကြီးဌာန ဖွဲ့စည်း ၍လည်းကောင်း၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာနအဖြစ် လည်းကောင်း၊ ယဉ်ကျေးမှု၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနအဖြစ် လည်းကောင်း၊ ပညာရေး၊ လူငယ်နှင့် သိပ္ပံဝန်ကြီးဌာန အဖြစ်လည်းကောင်း၊ မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြပါသည်။
လူငယ်လူရွယ်များ၏ အသက်အရွယ် ကန့်သတ်ချက်
ကမ္ဘာပေါ်တွင် လူငယ်များ၏ အသက်အပိုင်းအခြား သတ်မှတ်ချက် နှင့်ပတ်သက်၍ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိလည်းကောင်း၊ ဓနသဟာယ ဖွံ့ဖြိုးမှု အစီအစဉ်တွင် အသက် ၁၅ နှစ်မှ ၂၉ နှစ်အထိ လည်းကောင်း၊ အာဖရိကလူငယ် ပဋိညာဉ်စာတမ်းတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိလည်း ကောင်း သတ်မှတ်ထားရှိကြောင်းနှင့် နိုင်ငံအသီးသီး၏ အစီအစဉ်များတွင် နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ကိုက်ညီမည့် အသက်အပိုင်းအခြားအလိုက်၊ သက်ဆိုင် ရာ နိုင်ငံများ၏ အခြေအနေအလိုက် ကျင့်သုံးကြကြောင်းလည်း စာတမ်း တစ်စောင်တွင် ဖတ်ရှုမှတ်သားဖူးပါ သည်။
ပတ်ဝန်းကျင်နိုင်ငံများတွင် လူငယ်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်မှု
တရုတ်နိုင်ငံတွင် တရုတ်နိုင်ငံလုံး ဆိုင်ရာ လူငယ်အဖွဲ့အစည်း (All China Youth Federation) ကို ဖွဲ့စည်း၍ လူငယ်လူရွယ်များ၏ ပညာရေးနှင့် လေ့ကျင့်ရေး၊ စေတနာ့ဝန်ထမ်းလုပ်ငန်း များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၊ လူငယ်များ၏ အခွင့်အရေးနှင့် အကျိုး စီးပွားများ ကာကွယ်ရေး၊ ဆန်းသစ် တီထွင်ရေးနှင့် အလုပ်အကိုင်ရရှိစေရေးလုပ်ငန်းများကို အဖွဲ့အစည်းများ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံတွင် လူငယ်နှင့် အားကစားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် များ ရေးဆွဲ၍ စည်းလုံးညီညွတ်သော မျိုးချစ် မလေးရှားနိုင်ငံအား တည်ထောင် ရန် ရည်မှန်းချက်ဖြင့် လူငယ်နှင့် အားကစားဝန်ကြီးဌာန အောက်တွင် ဦးစီးဌာနနှင့် ဌာနခွဲ ၁၈ ခုအထိ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
စင်ကာပူနိုင်ငံတွင် အနုပညာနှင့် အားကစားမှတစ်ဆင့် နိုင်ငံသားများ အား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်းလုပ်ငန်းများကို အားပေး မြှင့်တင်ရန် ရည်ရွယ်၍ ယဉ်ကျေးမှု၊ လူ့အဖွဲ့ အစည်းနှင့် လူငယ်ရေးရာဝန်ကြီး ဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါသည်။
အိန္ဒိယနိုင်ငံတွင် လူငယ်ရေးရာနှင့်အားကစားဝန်ကြီးဌာနကို ဖွဲ့စည်းပြီး လူငယ်ရေးရာဦးစီးဌာနနှင့် အားကစား ဦးစီးဌာနတို့ကို အခြေခံဖွဲ့စည်းပြီး လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြင့် လူငယ်လူရွယ်များ၏ ကိုယ်ရည် ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ် များနှင့် သက်မွေးသိပ္ပံကျောင်းသား လူငယ် နှစ်သန်းကျော်အား စေတနာ့ ဝန်ထမ်းများအဖြစ် ပါဝင်လုပ်အားပေး နေသည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ လူငယ်ရေးရာလုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရများနှင့် အမျိုးသား အဆင့် လူငယ်အဖွဲ့အစည်းများအတွက် လေ့ကျင့်သင်တန်းပေးမှုများ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ရာဂျစ်ဂန္ဒီလူငယ် ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံအား တည်ထောင်ထားခြင်း၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား လူငယ်များ အား နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် နှစ်နှစ်ကြာ ပါဝင်ဆောင်ရွက် စေပြီး သင့်လျော်သည့် ဂုဏ်ပြုပေးအပ် ချီးမြှင့်သည့် အမျိုးသားလူငယ်အဖွဲ့ အစည်း (National Youth Corps) အား တည်ထောင်ထားခြင်း၊ ကင်းထောက် လူငယ်အစီအစဉ်များ တိုးမြှင့်ဆောင်ရွက် ခြင်း၊ နိုင်ငံတကာလူငယ်အချင်းချင်း ပူးပေါင်းဖလှယ်ရေး အစီအစဉ်များ ပြုလုပ်ခြင်း၊ လူငယ်များအတွက် နိုင်ငံ အဆင့် ထူးချွန်ဆုတံဆိပ်များ ချီးမြှင့်ခြင်း စသည့် လူငယ်လူရွယ်များအားလုံး ပါဝင်စေသော အစီအစဉ်များဖြင့် လူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်ပေးလျက် ရှိကြောင်း မှတ်သားဖူးပါသည်။
လူငယ်လူရွယ်များအတွက် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှ
ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ
ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ဝေသော “လူငယ်လူရွယ်များအတွက် ဆောင်ရွက် မည့် ကမ္ဘာလုံးဆိုင်ရာအစီအစဉ် (World Programme of Action for Youth)” တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် များနှင့် ပတ်သက်၍ အောက်ပါခေါင်းစဉ် များအတိုင်း ခွဲခြားသတ်မှတ် ဆောင်ရွက် လျက်ရှိပါသည်-
(က) လူငယ်နှင့် ကျန်းမာရေးကဏ္ဍ
(ခ) လူငယ်နှင့် ပညာရေးကဏ္ဍ
(ဂ) လူငယ်နှင့် အားကစားကဏ္ဍ
(ဃ) လူငယ်နှင့် အလုပ်အကိုင်ကဏ္ဍ
(င) လူငယ်နှင့် ဆင်းရဲမွဲတေမှု ကဏ္ဍ
(စ) လူငယ်နှင့် သဘာဝပတ်ဝန်း ကျင်ကဏ္ဍ
(ဆ) လူငယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကဏ္ဍ
(ဇ) လူငယ်နှင့် ရာဇဝတ်မှု ကျူး လွန်ခြင်းနှင့် အကြမ်းဖက်မှု ကဏ္ဍ
(ဈ) လူငယ်နှင့် လူကုန်ကူးမှု အန္တရာယ်
(ည) မိန်းကလေးများနှင့် အမျိုး သမီးငယ်များကဏ္ဍ
(ဋ) လူငယ်နှင့် အားလပ်ချိန် အသုံးချမှုကဏ္ဍ
(ဌ) လူ့အဖွဲ့အစည်းနှင့် သက်ဆိုင် သော ဆုံးဖြတ်ချက်ချမှု လုပ်ငန်းများတွင် လူငယ်များ ၏ အပြည့်အဝ ထိရောက်စွာ ပါဝင်ဆောင်ရွက်မှုကဏ္ဍ
(ဍ) လူငယ်နှင့် မျိုးချစ်စိတ်ကဏ္ဍ
(ဎ) လူငယ်နှင့် သတင်းအချက် အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ
(ဏ) လူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခများကဏ္ဍ
(တ) လူငယ်နှင့် ပြည်သူ့နီတိ ကဏ္ဍ
(ထ) လူငယ်နှင့် ရပ်ရွာလူမှုရေး လုပ်ငန်းများကဏ္ဍ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်
ရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး
ရည်မှန်းဆောင်ရွက်
မိမိတို့နိုင်ငံအနေဖြင့်လည်း အမိ မြန်မာနိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြ မည့် လူငယ်များအနေဖြင့် ကျန်းမာ ကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ် ပညာထက်မြက်မှု၊ လူမှုပေါင်းသင်း ဆက်ဆံရေးကောင်းမွန်မှု စသည့်အခြေခံ ကောင်းများ ပြည့်ဝရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့အပြင် လူငယ်လူရွယ် များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် ဗလငါးတန် ပြည့်ဝစေပြီး ဘက်စုံအရည်အသွေး မြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး အထူးအလေးထား ပြုစုပျိုးထောင်ရမည် ဖြစ်ပေသည်။ ထို့အပြင် လူငယ်များအား ခေါင်းဆောင်မှု အရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊ လူငယ်များ ကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေ ရန်အတွက် ကူညီပံ့ပိုးပေးရန်၊ လူငယ် များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက် ရေး၊ အတွေးအခေါ် မှန်ကန်ရေး အပါ အဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့ သားကောင်းလူငယ်များ ပေါ်ထွန်းစေရန် အတွက်လည်း ဘက်ပေါင်းစုံမှ ပြုစု ပျိုးထောင်ပေးရမည်ဖြစ်သည့်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များမှာ များပြားကျယ်ဝန်းလှပါသည်။ ယခုအခါ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အဖြစ် တိုးမြှင့်ပြောင်းလဲ ဖွဲ့စည်းပေးပြီး ဖြစ်သဖြင့် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။ ။
- Log in to post comments