
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် နယ်ပယ် အသီးသီး တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များကို ချီးမြှင့်ခဲ့သည်။
အဆိုပါ ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်အချို့၏ ဝမ်းမြောက်စကားသံများ ကို မြန်မာ့သတင်းစဉ်က စုစည်းဖော်ပြလိုက်ပါသည်။
Bajrang Lal Sharma (a)
ဦးမောင်မောင် (သီရိပျံချီဘွဲ့)
ဥက္ကဋ္ဌ၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)
အဖွဲ့ချုပ်
(၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခါသမယမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရက နယ်ပယ် အသီးသီးမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ သူများ၊ ဆောင်ရွက်လျက်ရှိကြတဲ့ ပုဂ္ဂိုလ် များကို ဘွဲ့အသီးသီး ပေးအပ်ခဲ့ပါတယ်။
ဆုချီးမြှင့်ခံရသူ ဘာသာအသီးသီးက ပုဂ္ဂိုလ်များထဲမှာ ကျွန်တော်သနန္တန ဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ် ဥက္ကဋ္ဌအနေ နဲ့ သီရိပျံချီဘွဲ့ကို ချီးမြှင့်ခံရတဲ့အတွက် လွန်စွာဝမ်းမြောက် ဝမ်းသာဖြစ်မိပါတယ်။
ကျွန်တော်တို့ သနန္တနဓမ္မပါလ(ဟိန္ဒူ)အဖွဲ့ချုပ်ဟာ ဗုဒ္ဓဝင်ပြပွဲကျင်းပရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဟိန္ဒူဓမ္မ သင်ကြားပို့ချရေးကို ဆောင်ရွက်ခြင်း၊ ဇနကလျာဏအသင်း၊ ဟိန္ဒူအမျိုးသမီး များအဖွဲ့၊ ဟိန္ဒူလူငယ်များအသင်းတို့ ဖွဲ့ထားပြီး ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက် ပေးလျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ကပ်ဘေးကျရောက် တဲ့အချိန်အခါတွေမှာ အသင်းတွေအနေနဲ့ ကူညီ ထောက်ပံ့ရေးလုပ်ငန်းတွေကို လည်း တစ်ပိုင်တစ်နိုင် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်။
ဒီလို လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမှု အကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့အတွက် နိုင်ငံတော်ကပထမဆုံးအသိ အမှတ်ပြု ချီးမြှင့်တဲ့အခါမှာ ကျွန်တော်တစ်ယောက် တည်းသာမက ကျွန်တော်တို့ သနန္တနဓမ္မ ပါလ (ဟိန္ဒူ) အဖွဲ့ချုပ် အသင်းသား အသင်းသူတွေ၊ ဟိန္ဒူဘာသာဝင်တွေ အားလုံး ဝမ်းသာပီတိ ဖြစ်ရပါကြောင်း ပြောလိုပါတယ်။
အမိမြန်မာနိုင်ငံမှာ မှီတင်းနေထိုင် ကြတဲ့ ဘာသာပေါင်းစုံက ပြည်သူ ပြည်သား တိုင်းရင်းသား ညီအစ်ကိုမောင် နှမများ စည်းလုံးညီညွတ်စွာနဲ့ မိမိတို့ရဲ့ ဘာသာရေး၊ လူမှုရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမယ်ဆိုရင် သာယာဝပြောတဲ့ လူ့ဘောင်လောကကြီး ကို တည်ထောင်နိုင်မယ်လို့ ယုံကြည်မိ ပါတယ်။
ဦးမောင်မြင့်(ခ)သျှီဝ (သီရိပျံချီဘွဲ့)
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
ဟိန္ဒူပူဂျာရီပုရောဟိတ် ဘုန်းတော်ကြီး များ (ဗဟို)အဖွဲ့ချုပ်
ဆရာတော်တို့အနေနဲ့ နေ့စဉ်နဲ့အမျှ ဘုရား၊ ကျောင်းကန်တွေမှာ ပူဇော်ပွဲတွေ နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆောင်ရွက်ရ ပါတယ်။ တပည့်ဒါယကာ ဒါယိကာမတွေ ကိုလည်း ဆုတောင်းပေးရပါတယ်။ ဆရာတော်အနေနဲ့က ဘုရားပူဇော်တဲ့ ကိစ္စရပ်တွေကိုပဲ အဓိကဆောင်ရွက်ပေး ရပါတယ်။ အဲဒီထဲမှာပဲ သာရေး၊ နာရေး ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးပါ တယ်။ ယခုလို နိုင်ငံတော်အစိုးရကနေ ဘွဲ့တံဆိပ် ချီးမြှင့်ပေးတဲ့အတွက် ဆရာတော်နဲ့အတူ ဒါယကာ ဒါယိကာမ တွေလည်း အထူးဝမ်းသာပီတိဖြစ်ကြရ ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
နောက်ပိုင်းမှာလည်း ဆရာတော်တို့ အဖွဲ့ချုပ်အနေနဲ့ သူ့အပိုင်းအပိုင်းနဲ့အတူ ဘာသာရေးကိစ္စရပ်တွေ ဆောင်ရွက်ပေး သွားကြမှာပါ။ ဆရာတော်တို့အပိုင်းက လည်း ဘာသာရေးနဲ့ ကျမ်းဂန်တွေကို သင်ပေးတာတွေ၊ ပုရောဟိတ်ဆရာတွေ ကို မြှင့်တင်ပေးတာတွေကို ဆောင်ရွက် သွားမှာပါ။
ဆရာတော်က ၁၉၉၂ ခုနှစ်ကစပြီး ဘာသာရေးကိစ္စနဲ့ ပတ်သက်တဲ့ ပူဇော်ပွဲ ကိစ္စရပ်တွေကို အခုအချိန်ထိဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဆင်းရဲတဲ့ကျောင်း တွေကို အလှူဒါယကာတွေ စုပေါင်းပြီး ပြုပြင်ပေးခြင်း၊ ဘုရားတည်ပေးခြင်း၊ ခုနစ်ရက်သားသမီးတွေကို ဆုတောင်း ပေးတာတို့ကို အစဉ်အမြဲ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ အခုဆို ဘုရားကျောင်း ပေါင်း နှစ်ရာမှ သုံးရာအထိ ရှိပြီဖြစ်ပါ တယ်။ ဟောင်းနွမ်းနေတဲ့ ဘုရားကျောင်း တွေကိုပြုပြင်ခြင်း၊ ပုရောဟိတ်ဆရာတွေ ကို ဘာသာရေးအတွက် သင်ကြားပေး ခြင်းနဲ့ နိုင်ငံခြားက ဆရာတော်တွေကို ခေါ်ပြီး ဘာသာရေးကိစ္စတွေ မြှင့်တင် ဆောင်ရွက်နေပါတယ်။ ထပ်ပြီးတော့ လည်း ဘာသာရေးကိစ္စရပ်တွေကို ကြိုးစားဆောင်ရွက်သွားပါမယ်၊ အခုလို ဆရာတော်ကို နိုင်ငံတော်အစိုးရက သီရိ ပျံချီဘွဲ့ကို ချီးမြှင့်တဲ့အတွက် ဝမ်းသာ ရပါတယ်။
ဆရာတော်တို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူပြည်သား အားလုံး သဘာဝဘေးအန္တရာယ်မှ ကင်းငြိမ်းကြပါစေ၊ ခုနစ်ရက်သားသမီး များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေလို့ အမြဲတစေ ဆုတောင်းပေး လျက်ရှိပါတယ်။
ဦးညွန့်ဆွေ၊ လူမှုထူးချွန် (ပထမဆင့်)
(ဥက္ကဋ္ဌ - မြန်မာစာကြည့်တိုက်များ ဖောင်ဒေးရှင်း)
ဆုနဲ့ပတ်သက်လို့ကတော့ ဘဘ အနေနဲ့ ဒါဆိုရင် နိုင်ငံတော်က ချီးမြှင့် တာ တတိယအကြိမ်လို့ ပြောရမယ်။ ပထမအဆင့်က စီမံထူးချွန်ဆု၊ ဒါက ပထမအဆင့်၊ အဲဒါ ၁၉၉၁ ခုက ရတယ်၊ အခု အနှစ် ၃၀ လောက်ကြာတော့ လူမှု ထူးချွန် ပထမအဆင့် ထပ်ရတယ်။ ဒီကြားထဲမှာ ၂၀၁၂ ခုနှစ်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဝဏ္ဏ ကျော်ထင် ဘွဲ့ရခဲ့တယ်။ အဘက ဘာဖြစ်လို့ လူမှုထူးချွန်ဆု ရသလဲဆို တော့ အဘက ကိုယ့်ရဲ့ Professional နဲ့ ရတာမဟုတ်ဘူး၊ ဒီဟာက လူမှုရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်၊ ဘဘက ဘာတာဝန် ယူထားရသလဲဆိုတော့ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှာဥက္ကဋ္ဌအဖြစ် တာဝန် ယူထားပါတယ်။ အဲဒါကြောင့်မို့ သူတို့ ကြေညာတဲ့ အထဲမှာလည်း သံအမတ် ကြီး အငြိမ်းစားတို့၊ ဗိုလ်မှူးကြီး အငြိမ်းစားတို့၊ ဒုတိယဝန်ကြီး အငြိမ်းစား တို့ ဒီလို မပါဘူး။ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒီလိုပဲ ကြေညာတာပါ။
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဆိုတာဟာ အားလုံးသိကြ တဲ့ အတိုင်းပဲ လွတ်လပ်ရေးရကတည်းက ပြည်သူလူထု အသိဉာဏ် ပွင့်လင်းအောင်၊ ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် ပြန်ကြားရေးဌာနက အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့တာပဲ။ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဆိုတာ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် မှာ ဖွဲ့လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ စဖွဲ့တယ်။ NGO အဖြစ်နဲ့ အဖွဲ့ဖွဲ့ပြီးတော့ ပထမဆုံး လူ ကိုးယောက်နဲ့ ကော်မတီဖွဲ့ လိုက်တယ်။ စာကြည့်တိုက်ထဲမှာ မြန်မာ ပြည်မှာ သမိုင်းတွင်တဲ့ စာကြည့်တိုက် တစ်ခုရှိတယ်။ သရက်မြို့လယ်ခေါင်က သဟာရ စာကြည့်တိုက်ဆိုတာ၊ အဲဒီ စာကြည့်တိုက်က ၁၉၄၆ ခုနှစ်ကတည်း က ထူထောင်ထားတာ၊ အဲဒီတော့ သရက်သူ သရက်သားတွေက ဗိုလ်ချုပ် အောင်ဆန်းဖွင့်ပေးတာဆိုပြီး ဂုဏ်ယူ တယ်၊ အမှန်တကယ်တမ်းကျတော့ ဖွင့်ပွဲ မလုပ်ခင်မှာ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ်မှာပဲ ရောက်လာတယ်၊ စာကြည့်တိုက်ဆိုတော့ ဝင်ကြည့်တယ်၊ သဘောကျတယ်၊ အဲဒီတုန်းက စာကြည့်တိုက်ထားတဲ့၊ သိုတဲ့ ပုံစံ၊ သမိုင်း နဲ့ ပတ်သက်တဲ့ စာအုပ်တွေ သဘောကျ တယ်၊ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုစာကြည့်တိုက်မျိုး မြန်မာတစ်ပြည် လုံးမှာရှိအောင် ကြိုးစားကြဖို့လိုတယ် ဆိုပြီး ဒီလိုမှတ်ချက်ပေးသွားတယ်။
ပြည်နယ်တွေမှာ၊ တိုင်းတွေမှာ စာကြည့်တိုက်တွေ ပေါများလာတဲ့အခါ အတွေ့အကြုံ ဖလှယ်ဖို့အတွက် စာကြည့်တိုက်မှူးများ ညီလာခံကို လေးကြိမ်ကျင်းပခဲ့ပါတယ်။ ဘဘတို့ရဲ့ စာကြည့်တိုက်ဖောင်ဒေးရှင်းရဲ့ လုပ်ငန်း သည် ရေတိုတာဝန်ယူပေမယ့် ရေရှည် စီမံကိန်းအပေါ် မူတည်ပြီးတော့ ဆောင်ရွက်ပါတယ်ဆိုတဲ့ မူဝါဒအပေါ်မှာ အခြေခံတဲ့ စာကြည့်တိုက်ဖောင်ဒေးရှင်း ဖြစ်ပါတယ်။ ဘဘတို့ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းက သိပ်ကို အားရှိသွားပြီ။ အစိုးရကလည်း ချီးမြှောက်တယ်၊ ရေရှည်စီမံချက် အရ လည်းပဲ လှုပ်ရှားသင့်တာကို လှုပ်ရှားပါ တယ်။ စာကြည့်တိုက်ဖောင်ဒေးရှင်းက အရှိန်အဟုန်နဲ့ ဆက်လက်လှုပ်ရှားကြ ဖို့တော့ဖြင့် အမှုဆောင် လူကြီးတွေ အားလုံးက စိတ်အားထက်သန်နေကြပါ တယ်။ အဲဒီလိုလေးပဲ သတင်းစကားပါး ချင်ပါတယ်။
(ဗိုလ်ချုပ်အေးကျော်) သီရိပျံချီဘွဲ့
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း (ဗိုလ်ချုပ်အေးကျော်)၏ ဇနီး ဒေါ်ခင်လှမူ
ကျွန်မက ဗိုလ်ချုပ်အေးကျော်ဇနီး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ခုလိုဘွဲ့ ရတယ်ဆိုတဲ့အခါကျတော့ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ အဘွား ရဲ့ အမျိုးသား တာဝန်ထမ်းဆောင်ခဲ့တာ က နေရာအနှံ့ပါပဲ။ တပ်ရင်းမှူးကတော့ မော်လမြိုင် ခမရ(၁၀၄) မှာ ဖြစ်ပါတယ်။ တပ်ရင်းမှူးဖြစ်ပြီးတော့ တစ်ခါ G-1 က ပုသိမ်မှာဖြစ်ပါတယ်။ ပုသိမ်ကနေ ပြီးတော့တစ်ခါ ရှေ့တန်းကတော့ အနှံ့ အပြားပါပဲ။ ရှမ်းပြည်(မြောက်ပိုင်း)၊ (တောင်ပိုင်း)၊ ကရင်ပြည်နယ်က အစ အကုန်လုံးသွားခဲ့ရတယ်။ သူလုပ်ခဲ့ရ တယ်၊ သူပင်ပန်းခဲ့ရပါတယ်။ နောက် လားရှိုးတိုင်းမှူး ဖြစ်ပါတယ်။ လားရှိုး တိုင်းမှူးကနေတစ်ခါ ပြန်ကြားရေး ဝန်ကြီးဖြစ်တယ်။ အခုဆိုရင် သူဆုံးခဲ့ တာ ၂၅ နှစ်ရှိပါပြီ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အတွက် သူက တာဝန် ကျေကျေနဲ့ အင်တိုက်အားတိုက် ကြိုးကြိုးစားစားနဲ့ လုပ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့မှာ ကျွန်မ အမျိုးသားနဲ့အတူ အားလုံးဘွဲ့တွေရ တယ်လို့ ကျွန်မသိရပါတယ်။ နိုင်ငံတော် ကိုလည်း ကျေးဇူးတင်ပါတယ်။
ဦးမြင့်ဆန်းဟာတ်၊ ဝိဇ္ဇာပညာထူးချွန် (တတိယဆင့်)
ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ဒီဆုရ လို့ ကျွန်တော် ကြည်နူးတာထက် လေ့လာ ထားတဲ့ အကြောင်းအရာတွေကို နိုင်ငံတော်အနေနဲ့ အသိအမှတ်ပြုလိုက် တဲ့အတွက်ကြောင့် ပညာရှင်များ၊ သုတေသီများ၊ လူငယ်များကလည်း ကျွန်တော့်ကြိုးစားမှုအပေါ်မှာ သူတို့ အခွင့်အရေးတွေရကြမယ်။ သမိုင်းကို လေ့လာတဲ့အခါမှာ ကျွန်တော်တို့ အဘက်ဘက်က အများကြီးကို လေ့လာ ရမယ်။ ကျောက်စာအရ ဘယ်လိုပြော သလဲ၊ ရှေးဟောင်းပစ္စည်းတွေက ဘယ်လို ပြောသလဲ၊ အကုန်လုံး လေ့လာပြီးတဲ့အခါ မှာ ကိုယ်က ပြန်ပြီးတော့ realize ပြန်ပြီး တော့ လုပ်ရတယ်။ အထောက်အထား ဆိုတာ အရေးကြီးတယ်။ မြန်မာနိုင်ငံ သမိုင်းကို လေ့လာတဲ့အခါမှာ မြန်မာ ပညာရှင်တွေရေးတာတင် မဟုတ်ဘူး၊ တခြားနိုင်ငံက ပညာရှင်တွေကရော မြန်မာသမိုင်းကို ဘယ်လိုမြင်သလဲ။ အကောင်းဆုံး အခိုင်မာဆုံး အထောက် အထား ဒါတွေကို ရွေးထုတ်၊ ရွေးထုတ်ပြီး တဲ့အခါကျတော့ ဒါက ဖြစ်သင့်တယ်။ ဒါက မဖြစ်သင့်ဘူးဆိုတာ လေ့လာတဲ့ သူတွေရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ realize လုပ်၊ ကျွန်တော်က အဲဒီလိုပဲ ဖြစ်စေချင်တယ်။ ဒါ ကျွန်တော့်ရဲ့ ဆန္ဒပါ။ လူငယ်လေးတွေ မျက်စိဖွင့်ကြပါ။ ဖုန်းလေး ကြည့်ပြီးတော့ ဒီအပေါ်မှာတင်ပဲ ကြည်နူးမနေကြပါနဲ့။ ဒါကိုယ့်ရဲ့ အနာဂတ်မဟုတ်ဘူး။ ကိုယ့်ရဲ့ အနာဂတ်က ဟိုးမှာ။ ဟိုးမှာဆိုတဲ့ အခါ ကျတော့ မော့ကြည့်ကြပါ။ မျက်လုံးဖွင့် ပါ။ အဝေးကို ကြည့်ပါ။ ကျွန်တော် ပြောချင်တာက ဒါပါပဲ။
ဦးဘုန်းမြင့်တေဇာ(နည်းပြ)၊
လူမှုထူးချွန်(တတိယဆင့်)
မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်
(၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်အသီးသီးကို အခုလို ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပေးတဲ့ အတွက် ကျွန်တော်အပါအဝင် အားလုံး ဝမ်းသာပီတိ ဖြစ်ရပါတယ်။ မျိုးဆက်သစ် တွေကို ကျွန်တော်တို့ ဆက်လက် မွေးထုတ်ပြီးတော့ အောင်မြင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန် စွမ်းဆောင် နေပါတယ်။ အခုလို ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ချီးမြှင့်ပေးတာဟာ လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာ ထူးချွန်ထက်မြက်လို့ နိုင်ငံတော်က ချီးမြှင့်တယ်လို့ပဲ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ လာမယ့် ဆီးဂိမ်း ဆီးဂိမ်းတိုင်း၊ အခု ကမ္ဘောဒီးယားပြီးသွားရင် ထိုင်းဆီးဂိမ်း အတွက် ကျွန်တော်တို့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားရပါတယ်။ ကနူး ကယက်ဆိုတာ အချိန်ပေးရတယ်၊ နှစ်နှစ်၊ သုံးနှစ် အနည်းဆုံးအချိန်ပေးရ တယ်။ အဲဒီအတွက် အခုကတည်းက ကျွန်တော်တို့က မျိုးဆက်သစ်တွေရှာပြီး တော့ နည်းစနစ်တကျနဲ့ သင်ကြားပေး နေပါတယ်။ ဆီးဂိမ်းမှာ ရွှေရဖို့အတွက် ရယ်၊ နောက်ပြီး ဒီကလေးတွေကနေ အောင်မြင်မှုတွေရလာရေး ကျွန်တော်တို့ လက်ရှိသင်ကြားပြသပေးနေတာ ဖြစ်ပါ တယ်။ အခုလို ဂုဏ်ပြုချီးမြှင့်ပေးတဲ့ အတွက်လည်း အထူးပဲကျေးဇူးတင်ပါ တယ်၊ ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်။
မသက်ဖြိုးနိုင် (ရိုးရာလှေ)၊
လူမှုထူးချွန်(ဒုတိယဆင့်)
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်
အခု ဒီဆုကို ရရှိတဲ့အတွက် ဝမ်းသာ ပါတယ်။ ဒီဆုရရှိခဲ့တာက ပြိုင်ပွဲတွေတိုင်း မှာ အစွမ်းကုန်ကြိုးစားခဲ့တဲ့အတွက် ရလာတဲ့ ဆုလာဘ်တွေအပေါ် မူတည် ပြီးတော့ နိုင်ငံတော်က ဆုချီးမြှင့်တယ် လို့လည်း မြင်ပါတယ်။ ၂၀၁၁ အင်ဒို နီးရှားဆီးဂိမ်းမှာဆိုလည်း ရွှေ ငါးခု ရခဲ့ တယ်။ မြန်မာဆီးဂိမ်းမှာ ဆိုရင်လည်း ရွှေ ၁၀ ခု၊ ကြေးတစ်ခု ရရှိခဲ့တယ်။ ဖိလစ်ပိုင် ဆီးဂိမ်းမှာလည်း ရွှေ တစ်ခု၊ ကြေး တစ်ခု ရရှိခဲ့တယ်။ အခု ဗီယက်နမ် ဆီးဂိမ်းမှာကျတော့ ကနူးကယက်လှေနဲ့ ကြေး သုံးခု ရရှိခဲ့ပါတယ်။ အဲဒီအတွက် လည်း နိုင်ငံတော်က ဆုချီးမြှင့်တယ်လို့ မြင်ပါတယ်။ အခုလို ဆုချီးမြှင့်ခံရတဲ့ အတွက်ကြောင့် နောင်လာမယ့် မျိုးဆက် သစ်တွေလည်း ပြိုင်မယ့်ပြိုင်ပွဲတိုင်းကို စွမ်းစွမ်းတမံကြိုးစားကြပါ။ အောင်မြင်မှု တွေ ရရှိလာတဲ့အခါ နိုင်ငံတော်က ဆုချီး မြှင့်တဲ့အပြင် နိုင်ငံတော်က ချီးမြှင့်တဲ့ ဘွဲ့တံဆိပ်တွေပါ ရရှိတဲ့အတွက်ကြောင့် ပြိုင်တဲ့ပြိုင်ပွဲတိုင်းမှာလည်း အလေးထား ပြိုင်စေချင်ပါတယ်။ ဒီလူမှုထူးချွန် ဒုတိယ ဆုကို ချီးမြှင့်ပေးတဲ့အတွက်ကြောင့် လည်း နိုင်ငံတော်က တာဝန်ရှိတဲ့ အကြီး အကဲတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေ ကို ကျေးဇူးတင်ပါတယ်။
သတင်းအဖွဲ့